နိရဉ္စရာ၊ အောက်တိုဘာ ၂၄
ဘူးသီးတောင်မြို့ပေါ်သို့ ခိုလှုံရောက်ရှိနေကြသော ကျေးရွာသား အချို့ သူတို့ စိတ်သဘောထားနှင့် သူတို့ နေရပ် အသီးသီးပြန်ခဲ့ကြသော်လည်း အများစုမှာ ဆက်လက်ကျန်ရှိနေသေးသည်ဟု သတင်း ရရှိသည်။
အောက်တိုဘာလ ၂၃ ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်း ကိုင်းကြီးရွာ၊ ရွှေရင်အေးရွာ၊ သရေကုန်းဘောင်ရွာနှင့် ခရေမြိုင်ကျေးရွာတို့မှ အိမ်ထောင်စု ၁၂ စု (ကျား-၂၂ဦး၊ မ- ၂၉ ဦး) လူဦးရေ ၅၁ ဦးတို့ ၎င်းတို့ရပ်ရွာများသို့ပြန်သွားကြသည်ဟု သိရသည်။
ထိုသို့ ပြန်လိုသူများကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကားများဖြင့် စီစဉ် လိုက်ပို့ပေးသည်ဟု သိရသည်။
ဘူးသီးတောင်မြို့မှ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသူ ဦးဦးသန်းလှိုင်အား နိရဉ္စရာမှ ယနေ့ နံနက်က ဆက်သွယ်မေးမြန်းရာ သူက “ ပြန်လိုတဲ့သူတွေကလည်း သူတို့ ဆန္ဒနဲ့ ပြန်နေကြတာ ရှိပါတယ်။ ဒါပေမယ့် လက်ရှိ အချိန်ထိ ဘူးသီးတောင်မြို့ အထက(ခွဲ)မှာ ခိုလှုံနေသူက ၈၀၀ ကျော်၊ ၉၀၀ ပတ်ဝန်းကျင်ရှိပါသေးတယ်” ဟု ပြောဆိုသည်။
သူတို့၏ စားရေးသောက်ရေး အခြေအနေကို ဆက်လက် မေးမြန်းရာသူက “ ဒေသခံတွေက ချက်ပြုတ်ပြီး ကျွေးမွေးနေပါတယ်။ ဆန်နဲ့ ရိက္ခာကတော့ လုံလုံလောက်လောက်ရှိပါတယ်။ ဒါပေမယ့် တစ်နေ့ကို ငွေ ၁၀ သိန်းခန့် အသုံးပြုနေရတော့ ဒီအပိုင်းမှာတော့ နည်းနည်း မနိုင်းမနှင်း ဖြစ်နေပါတယ်။ ကျန်တာတွေတော့ အဆင်ပြေပါတယ်” ဟု ဆိုသည်။
ကျန်ရှိနေသူ မိသားစုများအတွက် အကူအညီများ ဆက်လက် လိုအပ်နေဆဲ ဖြစ်ကြောင်း သိရှိရသည်။
ယခုအခါ ဆောင်းရာသီသို့ ၀င်ရောက်လာသဖြင့် ကျေးရွာများမှ ထွက်ပြေးခိုလှုံ ရောက်ရှိနေကြသူများ အတွက် စောင်များ အရေးပေါ် လိုအပ်နေကြောင်း၊ အများစုမှာ စောင်နှင့် အနွေးထည်များ ပါမလာ၍ ညဥ့်အချိန်တွင် အခက်တွေ့နေရကြောင်း၊ တတ်နိုင်သူများ အနေဖြင့် စောင်နှင့် အနွေးထည်များ ကူညီနိုင်ပါက အလွန်အကျိုးရှိမည် ဖြစ်ကြောင်း ဦးဦးသန်းလှိုင်က ပြောကြားသည်။
ဘူးသီးတောင်ရောက်ရှိ ခိုလှုံနေကြသော မောင်တောမြို့နယ်မှ ကျေးရွာသားများသို့ ကူညီလှူဒါန်းလိုသူများသည် ဦးဦးသန်းလိုင် (ဖုန်း- ၀၉၇၃၁၃၃၄၇၁) နှင့် ကိုဇော်ဝင်း (ဖုန်း- ၀၉၄၂၁၇၁၄၄၉၇) သို့ ဆက်သွယ် လှူဒါန်းနိုင်ကြပါသည်။
Credit
No comments:
Post a Comment