ရွှေရအောင်(တောင်ကုတ်)
နိရဉ္စရာ၊ အောက်တိုဘာ ၂၄ ရက်
ရခိုင်သတင်းသမားများအသင်း ( Arakan Journalist Association-AJA) ကို ရခိုင်သတင်းသမားများ စုပေါင်းပြီး ယမန်နေ့က ဖွဲ့စည်းလိုက်သည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရခိုင်သတင်းသမားများတွေ့ဆုံ၍လည်းကောင်း၊ ရန်ကုန်မြို့တွင်လည်း အလားတူ ရခိုင်သတင်းသမားများတွေ့ဆုံ၍လည်းကောင်း ဖွဲ့စည်းလိုက်ကြခြင်း ဖြစ်သည်။
“ကျွန်တော်တို့ အဓိကကတော့ ရခိုင်သတင်းသမားတွေ သတင်းစာပညာမြင့်မားလာအောင် လုပ်ဆောင်မယ်။ ရန်ကုန်မှာရှိတဲ့ ရခိုင်သတင်းသမားနဲ့ ရခိုင်မှာရှိတဲ့ သတင်းသမားတွေ လက်တွဲလုပ်ဆောင်ကြမယ်။ ပြီးတော့ နယ်မှာ တကယ့်တကယ်လိုအပ်တဲ့ သတင်းစာပညာ မလုံလောက်မှုမရှိတဲ့သူတွေကို မျှဝေ လက်တွဲခေါ်သွားမယ်။ နောက် တစ်ခုက ရခိုင်နဲ့ ပတ်သတ်တဲ့ပြဿနာတွေမှာ ရခိုင်သတင်းသမားတွေ စုပေါင်းပြီးတော့ တစ်သံပဲ ထွက်စေ ချင်တယ်။ ကျန်တာတွေကတော့ ဖြည်းဖြည်းချင်းလုပ်ဆောင်လာမှာပါ” AJA အသင်း၏ CEC တစ်ဦးဖြစ်သူ ကိုမြတ်ကျော်သူမှ နိရဉ္ဇရာသို့ ပြောသည်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ ဒုဥက္ကဋ္ဌ ဆရာဦးအောင်လှထွန်း အပါအ၀င် အသင်းဝင် ၅၀ ကျော် အသင်းဝင်ခဲ့ကြပြီး ရန်ကုန်နှင့် စစ်တွေတို့မှ အဖွဲ့ဝင် ၁၈ ဦးကို CEC အဖြစ် အဆိုပြုရွေးချယ်ခဲ့ကြသည်ဟု သိရသည်။
ရန်ကုန်မြို့ City Star Hotel တွင် အောက်တိုဘာလ ၂၃ ရက်နေ့က ပြုလုပ်သော ရခိုင် သတင်းသမားများ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ ဒုဥက္ကဋ္ဌ ဦးအောင်လှထွန်းမှ ယခု ဖွဲ့စည်းလိုက်သည့် AJA အသင်းမှာ မရှိမဖြစ်လိုအပ်ကြောင်းနှင့် ၂၀၁၄ ခုနှစ်ကပင် ဖွဲ့စည်းရန် ရည်ရွယ်လာခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
စစ်တွေမြို့တွင် သတင်းသမားများ တွေ့ဆုံဆွေးနွေးပွဲကို ရွှေကရုဏာ ခန်းမတို့တွင် ပြုလုပ်ခဲ့သည်။
အသင်းဝင်သစ်များလက်ခံရေး၊ အသင်းဝင်ကြေးနှင့် လစဉ်ကြေးတို့ကိုလည်း ကောက်ခံသွားမည်ဖြစ်ပြီး အသင်းမှတ်ပုံတင် ရန်ကိစ္စများကိုလည်း မကြာခင်မှာဘဲ အပြီးလုပ်ဆောင်မည်ဖြစ်ကြောင်းသိရသည်။
Credit
No comments:
Post a Comment