Saturday, October 22, 2016

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့စည်း၏ လုပ်ပိုင်ခွင့် အတိုင်းအတာ

ကျွန်မသည် ကမ္ဘာ့ကုလသမဂ္ဂ (UN) အဖွဲ့စည်းများတွင်  လူ့အခွင့်အရေးဆိုင်ရာ ဥပဒေ များ၊ လူသားချင်းစာနာ ထောက်ထားမှုနှင့် စပ်လျဉ်းသော ဥပဒေများ (International Human Rights Laws and Instruments, Humanitarian Laws) ကို သင်ကြားပို့ချပေးခဲ့ သောသူတယောက်  ဖြစ်ပါသည်။ သို့ ဖြစ်၍၊ UN ၏လုပ်ပိုင်ခွင့် အကြောင်း ကို  စာဖတ်သူများ စဉ်းစား ဆင်ခြင် သုံးသပ်နိုင်ရန် တင်ပြအပ်ပါသည်။ 

ရခိုင်တိုင်းရင်းသား ကိစ္စသည်  မြန်မာနိုင်ငံအတွက် အမျိုးသားရေး ကိစ္စ ဖြစ်လာပါပြီ။ ဤကိစ္စနှင့် စပ်လျဉ်း၍၊ ကျွန်မ၏ (၂၁) နှစ် ကမ္ဘာ့ကုလသမဂ္ဂ  အလုပ်အတွေ့အကြုံ   နှင့်  နှစ်ပေါင်းများစွာ  လက်တွေ့စာတွေ့ ဆည်းပူးခဲ့ သည့် အသိ ဉာဏ်ပညာ အချို့ ကိုဝေမျှ လိုပါသည်။

[အထူး သတိပြုရမည်မှာ မြန်မာပြည်တွင် နိုင်ငံသားများအပေါ်   မြန်မာနိုင်ငံ၏ တရားဥပဒေဘောင်နှင့် အညီ၊ လူမျိုးမရွေး ဘာသာမရွေး တန်းတူဆက်ဆံ ရမည်ဖြစ်ပါသည်။]

၁။  UN နှင့်နိုင်ငံတကာ ၏ စည်းမျဉ်း ဥပဒေ များအရ၊  နိုင်ငံသား ဖြစ်ရေး၊မဖြစ်ရေး (Citizenship) သည်၊ နိုင်ငံ တနိုင်ငံ ၏  အချုပ်အခြာ အာဏာပိုင် ကိစ္စဖြစ်ပါသည်။ (အောက်တွင်  ဖေါ်ပြထားသော အညွှန်း စာတမ်းများ [1][2][3][4] တွင်ပါဝင်ပါသည်)။ မိမိ ၏ အချုပ်အခြာ အာဏာ ကို ထိပါးလာလျင် မည်သည့်နိုင်ငံကမှ UN ကိုပင်လျင် သည်းခံမည်မဟုတ်ပါ (ဥပမာ၊ အမေရိကန် ပြည်ထောင်စု၊ အညွှန်း [5])။ သြစတြေးလျနိုင်ငံ သည်လည်း လှေဒုက္ခသည် များကို မိမိ တို့ကလက်ခံ သင့်သည် ဟု UN မှ ထွက်ဆိုချက် ကို ခါးသီးစွာ ငြင်းပယ်ခဲ့ သည် (အညွှန်း [6])  ။  ဤအချက်များ ကို သိသင့် သော UN အတွင်းရေးမှူး ချုပ်  မစ္စတာ ဘန်ကီမွန်း သည်၊ နိုင်ငံကြီးများကိုမူ တိုက်ရိုက်မပြောရဲပဲ၊ ကျွန်မတို့ မြန်မာနိုင်ငံ ကိုသာ ၂၀၁၃ ဇူလိုင်လ နှင့် ၂၀၁၅ ဧပြီလ တို့တွင်  ဝင်ရောက်စွက်ဖက် ပြောဆို ခဲ့ ပါသည်။

၂။   UNနှင့် အခြား နိုင်ငံကြီး များ သည်၊ မြန်မာ နိုင်ငံကို နိုင်ငံသား ကိစ္စ နှင့် စပ်လျဉ်း၍ ဝင်ရောက်စွက်ဖက် ပြောဆို လက်ညှိုး ထိုးခြင်းသည် UNနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေ များ အရ၊ နိုင်ငံတနိုင်ငံ၏ အချုပ်အခြာ အာဏာ ကို စော်ကား ထိပါးခြင်း  ဖြစ်သည်။  ဆိုလိုသည်မှာ UN နှင့် အခြား နိုင်ငံကြီး များ မည်သို့ပင် ပြောစေကာမူ၊  နိုင်ငံသား ဥပဒေ ပြင်သင့် မပြင်သင့်၊ နိုင်ငံသားပေးသင့် မပေးသင့် သည် ကျွန်မတို့ နိုင်ငံနှင့်  သာသက်ဆိုင်ပါ သည်။ အပြည်ပြည်ဆိုင်ရာ ဥပဒေ ရှုထောင့်မှ လည်း ဤရပ်တည်ချက်သည်ခိုင်မာ ပါသည်။ သို့သော်၊ အထူး သတိပြုရမည်မှာ… နိုင်ငံသားဖြစ်လာပြီး နောက် ဥပဒေဘောင်နှင့်အညီ လူမျိုးမရွေး ဘာသာမရွေး တန်းတူ ဆက်ဆံ ရမည်ဖြစ်ပါသည်။

၃။    နိုင်ငံသား တဦး ဖြစ်ရန်၊ ကျန်လူမျိုးစုများအတိုင်း  နိုင်ငံတော် မှ သတ်မှတ် ထားသော လူမျိုးစု အခေါ်အဝေါ် ကိုလက်ခံရပါမည်။ ဤကိစ္စတွင် အမေရိကန်နှင့် ဗြိတိသျှ တို့ ၏ ဖိအားပေးခြင်း၊ ဝင်ရောက်စွက်ဖက် ခြင်း တို့ကို လုံးဝလက်မခံသင့် ပါ ။   

၎။  မည်သူက တိုင်ရင်းသား ဖြစ်သည်  မဖြစ်သည် ဆိုသည် မှာလည်း နိုင်ငံ တနိုင်ငံ ၏ အချုပ်အခြာ အာဏာ ပိုင်ကိစ္စ ဖြစ်သည်။ တိုင်ရင်းသားဟူသော Indigenous Peoples စကားလုံး၏ အဓိပ္ပါယ် ဖွင့်ဆိုချက်ကို UN တွင်ရှိသောနိုင်ငံ အသီးသီး ပင်လျင်သဘောမတူ နိုင်ကြပေ (အညွှန်း [7]) ။  ထို့ ကြောင့်  မြန်မာနိုင်ငံသည် လည်း မိမိ ၏ ဥပဒေ စည်းမျဉ်းများအတိုင်း သာလျင် တိုင်ရင်းသား ကိစ္စ ကိုကိုင်တွယ်ရမည်။ UN နှင့် နိုင်ငံကြီး များ ၏ ဝင်ရောက်စွက်ဖက် ခြင်း ကို လက်မခံသင့်ပါ။

ဒေါက်တာ ရင်ရင်နွယ်
Ph.D. (Cambridge), M.Sc. Public Policy  (London), B.Sc. (Yangon)

(ကမ္ဘာ့ကုလသမဂ္ဂတွင်  ၁၉၉၀-၂၀၁၁ ကာလအတွင်း တာဝန်ထမ်းဆောင်ခဲ့၍၊  နောက်ဆုံး တာဝန်မှာ ၂၀၀၆ မှ ၂၀၁၁ အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၌ UNICEF ၏ ဌာနေ ကိုယ်စားလှယ် ဖြစ်ပါ သည်။ ကမ္ဘာ့အကြီးဆုံး နိုင်ငံဖြစ်သည့် အလျောက် ထိုရာထူး သည် UN ဌာနေ ကိုယ်စားလှယ်ရာထူး အများစု ထက် ပိုမြင့်ပါသည်။ )

အညွှန်း

[1] UNESCO: “Citizenship" http://www.unesco.org/new/en/social-and-human-sciences/themes/international-migration/glossary/citizenship/

[2] “Nationality under public international law is an integral element of national sovereignty. There is no statehood without a state’s authority over its nationals, internally or externally.” Hailbronner, K., 2006. Nationality in public international law and European law. In: Acquisition and Loss of Nationality: Policies and Trends in 15 European States (Volume 1: Comparative Analyses. Eds: R. Bauböck, E. Ersbøll, K. Groenendijk and H. Waldrauch. International Migration, Integration and Social Cohesion.  Amsterdam: Amsterdam University Press.

[3] Beckman,R., and Butte, D., 2009. Introduction to International Law, 
https://www.ilsa.org/jessuphome/2014-08-15-09-28-30/research-resources

[4] Harrington, J., 2009. The Right to Citizenship under International Law.  http://africanarguments.org/2009/10/12/the-right-to-citizenship-under-international-law/

[5] Rabkin, J., 2001. Essay: The Human Rights Agenda Versus National Sovereignty. Freedom House.  https://freedomhouse.org/report/freedom-world-2001/essay-human-rights-agenda-versus-national-sovereignty

[6] “Prime Minister Tony Abbott has hit out at the United Nations (UN) over a scathing report on the Government's asylum policies, saying Australians are sick of being lectured to by the international organisation”. Kozaki, D. ABC News, 9 Mar 2015. http://www.abc.net.au/news/2015-03-09/tony-abbott-hits-out-united-nations-asylum-report/6289892

[7] UN-DESA 2004. The Concept of Indigenous Peoples: Background paper prepared by the Secretariat of the Permanent Forum on Indigenous Issues.
and
Asia Pacific Forum of National Human Rights Institutions and the Office of the United Nations High Commissioner for Human Rights, August 2013.The United Nations Declaration on the Rights of Indigenous Peoples: A Manual for National Human Rights Institutions.   http://www.ohchr.org/Documents/Issues/IPeoples/UNDRIPManualForNHRIs.pdf

No comments:

Post a Comment