၂၀၁၆ ခုနှစ်၊ ဇူလိုင်လ၊ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်သော
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏
မျက်နှာစုံညီအစည်းအဝေးပထမနေ့တွင်
သဘာပတိကြီးအဖြစ်ဆောင်ရွက်သော၊
ကေအိုင်အို ဒုဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ အဖွင့်နှုတ်ခွန်းဆက်စကား
ယနေ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးသို့ ကြွရောက်လာကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Mr. Vijay Nambian၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဌာန၏ အာရှရေးရာအထူးသံတမန် Mr. Sun Guoxiang နှင့် လေ့လာသူအဖြစ် တက်ရောက်လာသော ခေါင်းဆောင်များအားလုံးကို လှိုက်လှဲစွာ ကြိုဆိုပါကြောင်းနဲ့ ကိုယ်စိတ်¬နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေကြောင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေး သဘာပတိအနေနဲ့ရော၊ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရတဲ့ KIO အဖွဲ့အစည်းရဲ့ကိုယ်စားအနေနဲ့ပါ ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။
ဒီနေ့ ဒီမျက်နှာစုံညီအစည်းအဝေးဟာ ကျွန်တော်တို့တိုင်းရင်းသားများအတွက် လွန်စွာပဲ အရေးကြီးတဲ့ အစည်းအဝေးတစ်ခုလို့ ပြောလိုပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာဖြေရှင်းသွားနိုင်ဖို့ ရည်ရွယ်ပြီး ဒီမျက်နှာစုံညီ အစည်းအဝေးကို စုံစုံညီညီတက်ရောက်လာပေးကြတဲ့အတွက်လည်း အထူးဝမ်းသာအားရ ကျေးဇူးတင်ရှိပါတယ်။
လွန်ခဲ့တဲ့နှစ်အနည်းငယ်က တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေကြားမှာ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးအတွက် လိုင်ဇာမှာ ထိပ်သီးညီလာခံ (၂)ကြိမ်၊ လောခီးလာမှာ (၂)ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ဤအကြိမ်တွင် ယခင်ကျင်းပခဲ့တဲ့ ညီလာခံများထက် ပိုမိုကျယ်ပြန့်ပြီး ရလာဒ်ကောင်းများ ရရှိလာနိုင်ဖို့ ရည်ရွယ်ကာ တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ အမျိုးသမီးအဖွဲ့များနဲ့ ပါဝင်သင့်သူများကို ဖိတ်ကြားပြီး ဒီမျက်နှာစုံညီ အစည်းအဝေးကြီးကို ပြုလုပ်ကျင်းပရခြင်းဖြစ်ပါတယ်။ ဒီမျက်နှာစုံညီအစည်းအဝေးကို တစ်စုံတစ်ယောက်ရဲ့ ဖိအားပေးမှုကြောင့် ပြုလုပ်ကျင်းပခြင်းမဟုတ်ဘဲ၊ အခြေအနေလိုအပ်မှုနဲ့ သမိုင်းရဲ့တောင်းဆိုချက်အရ ပြုလုပ်ကျင်းပခြင်းပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ နိုင်ငံရေးပြဿနာဟာ နိုင်ငံလွတ်လပ်ရေးရပြီးကတည်းက ပြဿနာစတင်လာခဲ့တာ ယခုအချိန်ထိဖြစ်နေတာကို အားလုံးအသိအမှတ်ပြုကြရမှာပဲဖြစ်ပါတယ်။ ပြည်ထောင်စုနိုင်ငံ တစ်ခုအဖြစ် ပေါ်ထွန်းလာဖို့အတွက် ၁၉၄၇ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ဟာ တိုင်းရင်းသားတွေအတွက် လွန်စွာအရေးကြီးပြီး၊ အစဉ်တစိုက် အလေးထားလာခဲ့တဲ့ စာချုပ်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီပင်လုံအခြေခံမူနဲ့ ပင်လုံကတိကဝတ်များကို လက်တွေ့အကောင်အထည်ဖော်မှုမှာ အားနည်းခဲ့တာကြောင့် ဒီနိုင်ငံရဲ့ နိုင်ငံရေးပြဿနာကို ယနေ့ကျွန်တော်တို့ လက်တွေ့ခံစားနေရဆဲပဲဖြစ်ပါတယ်။
လေးစားအပ်ပါတဲ့ ခေါင်းဆောင်၊ ကိုယ်စားလှယ်ကြီးများခင်ဗျား…
ပင်လုံစာချုပ်နဲ့ ပတ်သက်ပြီး မေးခွန်းတစ်ခုရှိပါတယ်။ ဒီပင်လုံစာချုပ်ကို အကောင်အထည် မဖော်ချင်တဲ့သူတွေ ဘယ်သူတွေလဲ၊ ဘာကြောင့် အကောင်အထည်မဖော်ချင်ရတာလဲဆိုတဲ့ မေးခွန်းပါပဲ။ ကျွန်တော်လေ့လာမိသလောက် ပြောရမယ်ဆိုရင် ဒီပင်လုံစာချုပ်က တောင်တန်းနဲ့ပြည်မ ပေါင်းစည်းပြီးနိုင်ငံအသစ်တစ်ခု တည်ဆောက်ရေးပဲဖြစ်ပါတယ်။ ဒီနိုင်ငံသစ် ထူထောင်တဲ့အခါမှာ တင်ကြိုသဘောတူညီချက်များလည်း ရှိခဲ့ပြီးသားဖြစ်ပါတယ်။ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အတူတကွ ထူထောင်ရေးပဲဖြစ်ပါတယ်။
ဒါပေမယ့် ခေတ်အဆက်ဆက်မှာ အထက်ပါသဘောတူညီချက်များကို လျစ်လျူရှုပြီး တပြည်ထောင်စနစ်၊ စစ်အုပ်ချုပ်ရေးစနစ်များနဲ့သာ နိုင်ငံ့ရေးရာများကို အကောင်အထည်ဖော်ခဲ့လို့ ပြဿနာဟာ ယနေ့ထက်တိုင် ရှိနေတာပဲဖြစ်ပါတယ်။ ဒါကြောင်မို့လဲ ဒီနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားများဟာ လက်နက်စွဲကိုင်ပြီး မိမိတို့ရဲ့ ရပိုင်ခွင့်အတွက် တောင်းဆိုခဲ့ကြရလို့ ပြည်တွင်းစစ်မီးဟာ ခုချိန်ခါအထိ မပြီးဆုံးနိုင်ဘဲ ရှိနေရပါတယ်။
တိုင်းရင်းသားခေါင်းဆောင်ကြီးများခင်ဗျား…
ခေတ်အခြေအနေရဲ့တောင်းဆိုမှုအရ လွန်ခဲ့တဲ့ ဦးသိန်းစိန်အစိုးရဖက်မှ တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးပြဿနာဖြေရှင်းသွားဖို့ ဆောင်ရွက်ခဲ့တာရှိပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးပါဝင်ပြီး တွေ့ဆုံဆွေးနွေးသွားဖို့ကိစ္စကို သဘောတူညီချက်မရရှိခဲ့ပါ။ အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်တွေမှာ မြန်မာ့တပ်မတော်ဖက်မှ ထိုးစစ်ဆင်တိုက်ပွဲများ ရှိနေဆဲဖြစ်ပါတယ်။
ယနေ့ NLD အစိုးရတက်လာတဲ့အခါမှာလဲ ဒီပြည်တွင်းစစ်ပြဿနာဟာ အဓိကပြဿနာတစ်ခုလို ရှိနေဆဲဖြစ်ပါတယ်။ ကျွန်တော်တို့ UNFC ခေါင်းဆောင်များ… နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လွန်ခဲ့တဲ့အပတ်တွေ့ဆုံခဲ့စဉ်မှာလည်း ဒီတိုက်ပွဲကိစ္စဖြေရှင်းသွားဖို့လိုကြောင်း တင်ပြခဲ့ပါတယ်။ ဒါ့အပြင် ၂၁ ရာစုပင်လုံညီလာခံဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်များအကြားမှာ ထားရှိခဲ့ကြတဲ့ နိုင်ငံရေးပဋိဉာဉ်ကို ဆက်လက်သယ်ဆောင်ပြီးတော့ ပြည်တွင်းစစ်ချုပ်ငြိမ်းဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ဖို့အတွက် အဖြေရှာနိုင်မယ့် နိုင်ငံရေးဆွေးနွေးပွဲ အခင်းအကျင်းဖြစ်ဖို့ လိုအပ်မှာဖြစ်ကြောင်း တိုက်တွန်းပြောဆိုထားခဲ့ပါတယ်။
တိုင်းရင်းသားခေါင်းဆောင်ကြီးများခင်ဗျား…
ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ မိမိတို့နဲ့ ဆက်စပ်ပတ်သက်နေသော တိုင်းရင်းသားပြည်သူများ၊ လူမှုအဖွဲ့အစည်းများရဲ့ တည်ရှိမှုဟာ ကာလဒေသအပေါ်မူတည်ပြီး မတူကွဲပြားမှုတွေ ရှိနေပါတယ်။ ဒီနေ့ ဒီအချိန်ရဲ့ နိုင်ငံရေးအခင်းအကျင်းမှာ ကျွန်တော်တို့တိုင်းရင်းသားတွေအကြား စုစည်းညီညွှတ်မှုရှိဖို့ အင်မတန်အရေးကြီးတဲ့ အချိန်အခါဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီမတူကွဲပြားတဲ့ အခြေခံများအပေါ်မူတည်ပြီး စုစည်းနိုင်မယ့် လမ်းကြောင်းကိုရှာဖွေ ဖော်ထုတ်ဖို့လိုအပ်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးဟာ ကျွန်တော်တို့တိုင်းရင်းသားတွေရဲ့ ပိုမိုခိုင်မာတဲ့ ညီညွှတ်ရေးကို တည်ဆောက်နိုင်ရန် ကြိုးစားခြင်းပဲဖြစ်ပါတယ်။
တစ်ဖက်မှာ အစိုးရဖက်ကလည်း နိုင်ငံရေးပြဿနာများကို ဆွေးနွေးအဖြေရှာနိုင်မယ့် အခင်းအကျင်းကို ဖော်ဆောင်နိုင်ဖို့အတွက် ၂၁ ရာစု ပင်လုံညီလာခံကို ပြုလုပ်သွားမယ့် အစီအစဉ်ရှိနေပါတယ်။ ဒီနေရာမှာ တိုင်းရင်းသားများဖက်ကလည်း ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ပုံဖော်သွားနိုင်မယ့် ဘုံသဘောထားများ သဘောတူချမှတ်သွားနိုင်ဖို့ လွန်စွာအရေးကြီးလှပါတယ်။ ဒီနေ့မျက်နှာစုံညီ အစည်းအဝေးကြီးမှ အားလုံးလက်ခံသဘောတူနိုင်မယ့် ဘုံသဘောထားရပ်တည်ချက်များ သဘောတူချမှတ်သွားနိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ တစ်ဆက်တည်းတင်ပြလိုသည်မှာ… ဒီမျက်နှာစုံညီအစည်းအဝေးမှ သဘောတူညီချက်များကို ဘယ်လိုလက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားကြမှာလဲ ဆိုတဲ့အချက်ကိုလည်း အားလုံးဝိုင်းဝန်းအကြံပြု ဆွေးနွေးသွားစေလိုပါတယ်။
ကျွန်တော်တို့အားလုံးမျှော်မှန်းထားကြတဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကြီးဖြစ်ထွန်းလာရေးအတွက် တိုင်းရင်းသားတွေအကြား စုစည်းညီညွှတ်မှုဟာ အရေးကြီးသလို၊ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးဟာလည်း အရေးပါလှပါတယ်။ အပစ်ရပ်/ အပစ်မရပ်အဖွဲ့ဆိုတဲ့ ကန့်သတ်ချက်တွေဟာ မိမိတို့တိုင်းရင်းသားတွေကြားမှာ မရှိသင့်ပါဘူး။ ဤဆွေးနွေးပွဲတစ်လျှောက် အဖွဲ့အစည်းတစ်ခုနဲ့တစ်ခုအကြား၊ လူမျိုးတစ်ခုနဲ့တစ်ခုအကြား သံသယနဲ့ အမုန်းတရားတွေ ပွားများစေပြီး ယုံကြည်မှုနဲ့ စုစည်းညီညွှတ်မှုကို ကျဆင်းစေမယ့် အကြောင်းအရာတွေကိုလည်း ရှောင်ရှားကြဖို့ နှိုးဆော်လိုပါတယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဆွေးနွေးအဖြေရှာသွားမယ့် တိုက်ပွဲမှာ တိုင်းရင်းသားတွေအကြား စုစည်းညီညွှတ်မှုကို အခြေခံပြီး အားလုံးပူးပေါင်းပါဝင် တိုက်ပွဲဝင်သွားဖို့ တိုက်တွန်းရင်း ဒီတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးဟာ အောင်မြင်တဲ့အစည်းအဝေး ဖြစ်ပါစေကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
ကျေးဇူးတင်ပါတယ်။
Original uploader > credit
No comments:
Post a Comment