Eleven Media Group ၏ ၁၆ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် CEO ဒေါက်တာသန်းထွဋ်အောင် ပြောကြားခဲ့သည့် ကျေးဇူးတင် အမှာစကား
“လေးစားအပ်ပါသော ဘဘဦးတင်ဦးနဲ့ ကျွန်တော်တို့ အထူးဖိတ်ကြားပြီး လာရောက် တက်ရောက်လာတဲ့ မစ္စတာဆူသီချိုင်း Nation Multimedia Group နဲ့ မန္တလေးအပါအ၀င် အနယ်နယ်အရပ်ကနေ တကူးတက ဒီပွဲကို တက်ရောက်လာကြတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေများ ဧည့်သည်တော်များ အားလုံးကို ဒီနေရာမှာ ကျေးဇူးတင်စကား ပြောကြား ပါရစေ။ နောက်ထပ် ကျေးဇူးတင်စကား ပြောကြားရမှာကတော့ ကျွန်တော်တို့ ဒီခေတ် ဒီအချိန်ထိ ကျွန်တော်ဒီနေရာကို ရောက်ရှိအောင် ကူညီခဲ့ကြတဲ့သူတွေ၊ ကူညီခဲ့ကြတဲ့ ကံတရားကိုလည်း ကျေးဇူးတင်တယ်လို့ ပြောကြားပါရစေ။
ကျွန်တော်တို့ နှစ်တိုင်း နှစ်ပတ်လည် အခမ်းအနားတွေကို ကျင်းပခဲ့ပါတယ်။ ပုံမှန်အားဖြင့် ကျွန်တော်တို့ မိသားစု၊ Staff တွေနဲ့ပဲ ကျင်းပတာများပြီးတော့ တချို့နှစ်တွေမှာ ဧည့်သည်အချို့ကို ဖိတ်ကြားခဲ့ပါတယ်။ ဧည့်သည်အများဆုံး ဖိတ်ကြားခဲ့တာကတော့ ၂၀၁၁ ခုနှစ်နဲ့ ဒီနှစ် ၂၀၁၆ ခုနှစ်မှာပဲ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ သိရှိတဲ့ အတိုင်းပဲ ကျွန်တော်တို့ အရပ်သား အစိုးရလို့ပြောတဲ့ အစိုးတစ်ရပ်တက်ပြီးတဲ့ အချိန်မှာ ကျွန်တော် ပြောကြား ခဲ့တာပဲ ဖြစ်ပါတယ်။ အခု ဒုတိယအကြိမ် ဧည့်သည်အမြောက်အမြားကို ဖိတ်ကြားပြီး ပြောတာကတော့ ကျွန်တော်တို့ တကယ် ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့ အရပ်သား အစိုးရတစ်ရပ် ဖြစ်လာပြီးတဲ့ နောက်မှာ ပြောခဲ့တာပါ။
ကျွန်တော်တို့ ဗီဒီယိုမှာပါတဲ့ အတိုင်းပါပဲ။ ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်၊ ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ ၁၆ နှစ်တိုင်တိုင် ကျော်ဖြတ်ပြီးသား ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မီဒီယာအလုပ်။ သတင်းမီဒီယာအလုပ် ကျွန်တော်တို့ရဲ့ Professional Journalism နဲ့ Professional Ethic ကို လိုက်နာပြီးတော့ ကျွန်တော်တို့ အလုပ်ကို ၁၆ နှစ်လုံးလုံး လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံရဲ့ အပြောင်းအလဲတွေကို ၁၆ နှစ်လုံးလုံး အပြောင်းအလဲတွေ ဖြစ်ပေါ်အောင် တစ်စိုက်မတ်မတ် မီဒီယာရှုထောင့်ကနေ ကြိုးစားအားထုတ် ခဲ့ပါတယ်။ ၂၀၁၀ မတိုင်ခင် ကတည်းက ကျွန်တော်ရဲ့ လွတ်လပ်ပိုင်ခွင့် ဘောင်ထဲကနေ အများကြီး ကြိုးစားခဲ့သလို တကယ်လွတ်လပ်လာတဲ့ စာပေစိစစ်ရေး မရှိတော့တဲ့ နောက်ပိုင်းမှာ ကျွန်တော်အနေနဲ့ အများကြီး ပိုအားထုတ်နိုင်ခွင့် ရခဲ့ပါတယ်။
၂၀၁၃-၁၄-၁၅ မှာတော့ ကျွန်တော့်အနေနဲ့ ၂၀၁၅ ခုနှစ်ဟာ ကျွန်တော်တို့နိုင်ငံ အပြောင်းအလဲအတွက် ကျွန်တော်တို့ရဲ့ Generation နှစ်ပေါင်း ၅၀ ကျော်လုံးလုံး စစ်အုပ်ချုပ်မှုအောက်မှာ နေထိုင်ခဲ့ရတဲ့ ကျွန်တော်တို့ Generation ရဲ့ နောက်ဆုံး အခွင့်အရေးပါပဲဆိုပြီး ဒီနောက်ဆုံး အခွင့်အရေးကို လက်လွတ်မခံကြဖို့ ၂၀၁၃-၁၄ က စတင်ပြီးတော့ ဒီအကြောင်း စ,ပြောခဲ့ပါတယ်။
သန့်ရှင်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကတစ်ဆင့် အရပ်သား အစိုးရတစ်ရပ် ပေါ်ပေါက်လာရင် ကျွန်တော်တို့နိုင်ငံမှာ အပြောင်းအလဲတွေ တကယ်ဖြစ်ပေါ်လာလိမ့်မယ်။ ဒီအရပ်သားအစိုးရ ဖြစ်ပေါ်ပြီးရင် ကျွန်တော်တို့ဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဆောင်ရွက်ပြီးတော့ ကျွန်တော်တို့နိုင်ငံဟာ မကြာခင်မှာ စည်းလုံးညီညွတ်တဲ့ အင်အားကြီး နိုင်ငံတစ်နိုင်ငံ အဖြစ်ကို ပြန်လည်ရောက်ရှိလာလိမ့်မယ်လို့ ကျွန်တော်အစဉ်အမြဲ ပြောခဲ့ပါတယ်။ ပြောခဲ့တဲ့အတိုင်းပဲ ကျွန်တော်တို့ဟာ ပြည်သူတွေရော အားလုံးဝိုင်းဝန်း ကြိုးပမ်းမှုနဲ့အတူ မကြာခင်မှာပဲ အရပ်သားအစိုးရ တစ်ရပ်ကို ဘာပဲပြောပြော ရွေးကောက်ပွဲဟာ သန့်ရှင်းမျှတတယ်လို့ တော်တော်များများ ပြောနိုင်တဲ့ အခြေအနေမျိုးကနေ အရပ်သားအစိုးရတစ်ရပ် ပေါ်ထွန်းလာခဲ့တာပဲ ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ်က စစ်အုပ်ချုပ်ရေး စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ ပထမဆုံး ပေါ်ပေါက်လာတဲ့ အရပ်သား အစိုးရဟာ ကျွန်တော်တို့မျှော်လင့်ခဲ့တဲ့ ကျွန်တော်တို့ရည်မှန်းခဲ့တဲ့ အစိုးရတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ မျှော်မှန်းထားခဲ့တာတွေဟာ ဘာတွေမျှော်မှန်း ထားခဲ့တာလဲ၊ အခုလက်ရှိ ဘာတွေဖြစ်နေတာလဲ၊ ကျွန်တော်တို့အနေ နဲ့ ဘာတွေဆက်လုပ်ရမှာလဲ။ ဒီအကြောင်း အချက်အလက်တွေပေါ်မှာ သေသေချာချာ စဉ်းစားပြီး ကျွန်တော်မီဒီယာ ရှုထောင့်ကနေ တင်ပြသွားမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ မျှော်လင့်တာ အမျိုးသား ပြန်လည်သင့်မြတ်ရေး။ အမျိုးသားပြန်လည် သင့်မြတ်ရေးလို့ပြောရင် အမျိုးသားပြန်လည် သင့်မြတ်ရေးရဲ့ အောက်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေး၊ အစိုးရနဲ့ တပ်မတော်ကြားမှာ ပြန်လည်သင့်မြတ်ရေး အစရှိတာတွေ အားလုံးပါဝင်ပြီးသား ဖြစ်ပါတယ်။ ဒီဟာတွေ ဖြစ်ပေါ်ဖို့အတွက် ကျွန်တော်တို့ ရွေးကောက်ပွဲမှာ NLD က Landslide အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ NLD Landslide အနိုင်ရရှိတဲ့အခါမှာ အများအားဖြင့်တော့ ဒီလောက် Percentage နဲ့ အများကြီး အနိုင်ရလာလို့ရှိရင် ကျွန်တော်တို့မှာ တခြား Side Effect တွေရှိပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ တွက်ချက်ခဲ့တဲ့ Calculated Risks တွေပါပဲ။ နိုင်ငံရေးတစ်ခုခု ဖြစ်လာလို့ရှိရင် ကျွန်တော်တို့ဟာ အမြဲတမ်း ဘာပြဿနာတွေ ကြုံနိုင်သလဲ။ ဘာတွေဖြစ်နိုင်သလဲ။ ဘယ်လိုအချက်အလက်တွေ ဖြစ်လာတယ်ဆိုတဲ့ Calculated Risks က အမြဲတမ်းရှိပါတယ်။ ဒါတွေဟာ ကျွန်တော်မျှော်မှန်း ထားပြီးသား ဖြစ်ပါတယ်။
ဒါကြောင့်မိုလို့ Calculated Risks တွေ ဖြစ်လာခဲ့ရင် ကျွန်တော်တို့ မီဒီယာတွေအနေနဲ့ ဘယ်လိုနေရာမျိုးမှာ ရပ်တည်ရမလဲ။ ကျွန်တော်တို့ ဘယ်လိုရဲရဲရင့်ရင့် ရပ်တည်ရမလဲ။ ကျွန်တော်တို့ ဝေဖန်စရာတွေရှိတာ ဆက်လက်ဝေဖန်ရမယ်။ ကျွန်တော်တို့ လုပ်သင့် လုပ်ထိုက်တာကို ဆက်လက်လုပ်ရမယ်။ ဒီအတိုင်းပဲ ကျွန်တော်ရပ်တည် ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ NLD အစိုးရ စ,မဖွဲ့ခင်ကတည်းက ဒီလွှတ်တော် စတင်မပေါ်ခင် ကတည်းက ဝေဖန်ရေးတွေ၊ ကျွန်တော်တို့ဘက်က ပြောစရာရှိတာတွေ၊ လုပ်စရာရှိတာတွေ ကျွန်တော်တို့ ဆက်တိုက်လုပ်ခဲ့ပါတယ်။
အခုအခြေအနေမှာ ကျွန်တော့်အမြင်က နိုင်ငံရေးအရတော့ တိုးတက်ပြောင်းလဲမှုတွေ အများကြီးရှိတယ်လို့ ယူဆပါတယ်။ အစိုးရနဲ့ ကျွန်တော်တို့ ရွေးကောက်တင်မြှောက်လိုက်တဲ့ အရပ်သားအစိုးရနဲ့ တပ်မတော်ကြားမှာ ဆက်ဆံရေးတွေက ကျွန်တော်တို့ ထင်တာထက်တောင် ပိုကောင်းမွန်တာကို တွေ့ရပါတယ်။ ဒါပေမဲ့ အမြဲတမ်း အကောင်းတွေချည်းပဲလား။ အမြဲတမ်း အကောင်းတွေဘက်ကိုပဲ သွားနေသလား ဆိုရင်တော့ ကျွန်တော်တို့ခုနက ပြောတယ်။ Calculated Risks ကတော့ ရှိနေပါတယ်။ ဘာလို့လဲဆိုတော့ အင်အားကြီးမားတဲ့ ပါတီတစ်ရပ် ရောက်လာတယ်။ နိုင်ငံရေးမှာ အင်အားကြီးတဲ့ဟာ တစ်ခုရဲ့ နောက်ကွယ်မှာ ဘာရှိလဲဆိုတော့ နိုင်ငံရေး လေဟာနယ် ရှိပါတယ်။ ဒီနိုင်ငံရေး လေဟာနယ်ကို ကျွန်တော်တို့က အလျင်အမြန် ဖြည့်ဆည်း မပေးနိုင်ဘူးဆိုရင် Conflict တွေက အမြဲတမ်းရှိပါတယ်။ ဘာတွေလဲ နိုင်ငံရေး လေဟာနယ်။ ကျွန်တော်တို့ အခုအရင်တုန်းက ကျွန်တော်တို့ အစိုးရက အပေါ်ကနေ အုပ်ချုပ်ပြီးတော့လာတယ်။ အခုအစိုးရက အောက်ကနေပြီးတော့ ကျွန်တော်တို့ ရွေးချယ်ပြီး တင်မြှောက်တယ်။ ဒီအစိုးရက အင်အားကြီးသွားတယ်။ လွှတ်တော်မှာ ၈၀ ရာခိုင်နှုန်းကျော် စီးထားတယ်။ အဲဒီတော့ ဒီအစိုးရပါတီထဲမှာ ဘယ်လောက်အထိ ကျွန်တော်တို့ Coverage ဖြစ်နိုင်မလဲ။ ဘယ်လောက်အထိ လူကောင်း သူကောင်းတွေ ပါနေသလဲ။ ဒီအစိုးရအနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အစိုးရလို့ ဆိုပေမယ့် တကယ်ကျတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အားလုံးပါဝင်တဲ့ အစိုးရတော့ မဟုတ်ပါဘူး။ ဒါက လူတိုင်းလည်း သိပြီးသား ဖြစ်ပါတယ်။
အဲဒီတော့ ကျွန်တော်တို့ ဒီနိုင်ငံရေး လေဟာနယ်ကို ဖြည့်စွမ်းတဲ့အခါမှာ ကျွန်တော်တို့ ဘယ်လိုအခက်အခဲတွေကို လုပ်ရမလဲ။ ကျွန်တော်တို့ ဘယ်လိုတွေ ကြုံတွေ့ရမလဲ။ အဓိက, ကတော့ နိုင်ငံရေး လေဟာနယ်ရဲ့ နောက်ကွယ်မှာ တရားဥပဒေ စိုးမိုးရေးနဲ့ ဒါဟာ အများကြီး ထိခိုက်တာတွေ ရှိပါတယ်။ အရင်အစိုးရရဲ့ လက်ကျန်ကြောင့် ထိခိုက်တာတွေ မဟုတ်ဘဲ လက်ရှိအခြေအနေမှာ ဖြစ်ပေါ်လာတဲ့ အခြေအနေမှာလည်း တရားဥပဒေ စိုးမိုးရေးနဲ့ တရားစီရင်ရေး စနစ်ဟောင်းရဲ့ ဒဏ်ကြောင့် ကျွန်တော်တို့ အခုထိ ပြည်သူလူထုကြားထဲမှာ သံသယတွေ၊ ခံစားမှုတွေ အများကြီး ဖြစ်ပေါ်လာတာ ရှိပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ Calculated Risks တွေပါပဲ။ အထူးသဖြင့် ဒီမိုကရေစီရဲ့ ဒေါက်တိုင်တွေဖြစ်တဲ့ သတင်းမီဒီယာတွေ အရပ်ဘက် CSO လူထုလူတန်းစား အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေး အင်အားစုတွေ ဒီလူတွေရဲ့ အခြေအနေတွေဟာ ကျွန်တော်တို့ ဘယ်အခြေအနေမှာ ရှိသလဲ။ ပွင့်ပွင့်လင်းလင်းနဲ့ မှန်မှန်ကန်ကန် ပြောရရင်တော့ သတင်းမီဒီယာ တစ်ခုအနေနဲ့ ကျွန်တော်တို့ ခံစားနေရတာသတင်း မီဒီတာတစ်ခု အနေနဲ့ ပြောရရင်တော့ ကျွန်တော်တို့ အရင်အစိုးရနဲ့ အခုအစိုးရ ဘာမှပြောင်းလဲသွားတာ မရှိဘူး။ ကျွန်တော်တို့ တရားတွေ အစွဲခံနေရတယ်။ ကျွန်တော်ထပ်ပြီးတော့ အစွဲခံရတယ်။ ကျွန်တော်တို့ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ အွန်လိုင်းပေါ်က ပုဂ္ဂိုလ်ရေး အပုပ်ချမှုတွေ ဝေဖန်တာတွေနဲ့ ပတ်သက်ပြီးတော့ ရှိနေဆဲပဲဖြစ်တယ်။ ဒါ့အပြင် ပိုအဆိုးဆုံးကတော့ သတင်းမီဒီယာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့အနေနဲ့ အစိုးရကို ကတိတည်စေချင်တယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တယ်။ ကျွန်တော်တို့ ပြန်ကြားရေးဝန်ကြီးဌာန ဒီမိုကရေစီနိုင်ငံတွေမှာ မလိုဘူး။ အစိုးရ သတင်းစားတွေ မလိုဘူး။ ကျွန်တော်တို့အခု ပြန်ကြားရေး ၀န်ကြီးဌာနရှိတယ်။ ချက်ချင်းဖျက်ပစ်ဖို့တော့ ကျွန်တော် မပြောပါဘူး။ ဒါပေမဲ့ ပြန်ကြားရေး ၀န်ကြီးဌာန ထုတ်ဝေနေတဲ့ သတင်းစာတွေ၊ ပြန်ကြားရေး ၀န်ကြီးဌာနက လုပ်ကိုင်နေတဲ့ အသံလွှင့် လုပ်ငန်းတွေ Broadcasting မီဒီယာမှာ ဘယ်သူတွေက ကြီးစိုးနေသလဲ။ ဘယ်သူတွေက ခြယ်လှယ်နေသလဲ။ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းမီဒီယာတွေရဲ့ အခြေအနေ ဘယ်လိုရောက်နေသလဲ။ ဒါတွေဟာ အဖြေတွေပါပဲ။
ဒီအခြေအနေတွေဟာ မီဒီယာတွေ ကိုယ့်ဘာသာကို ဆန်းစစ်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင် ဘာတွေဖြစ်နေလဲ။ ဘာတွေဖြစ်နေလဲဆိုတော့ အရင် ဦးသန်းရွှေ ၂၀၁၀ မတိုင်ခင် တုန်းကလည်း ထစ်ကနဲဆိုရင် အဝေဖန်ဆုံးက ကျွန်တော်တို့ပဲ၊ ကျွန်တော်တို့ပဲ ထိခိုက်ပြီး ကျွန်တော်တို့ပဲ အမြဲရန်ရှာခံရတယ်။ ဒီဘက်ခေတ်ရောက်တော့ နောက်ဆုံး တွေ့ရှိတဲ့အတိုင်းပဲ ၁၇ ဦး တရားစွဲခံရတယ်။ ကျွန်တော်ကိုယ်တိုင် တရားရုံးမှာ အခုထက်ထိ အမှုမပြတ်သေးဘူး။ ဒီတရားစွဲတာနဲ့ ပတ်သက်ပြီး သူများထင်မယ်။ ကျွန်တော်တို့ မှားရေးတယ်လို့ ထင်မယ်။ မဟုတ်ပါဘူး။ ကျွန်တော်တို့က ဒီပုံနှိပ်စက်ကိစ္စနဲ့ ပတ်သက်ပြီး လာဘ်ပေးလာဘ်ယူ အဂတိ လိုက်စားမှု ကော်မတီကို တိုင်စာသုံးစောင် ပို့ထားပါတယ်။ ဒီစစ်ဆေးမှုသာ မှန်ကန်လို့ရှိရင် ဒီကိစ္စက တရားရုံးမှာတောင် ရှင်းစရာ မလိုပါဘူး။ ဒါဆို ကျွန်တော်တို့ သဘောပေါက်မှာ ဖြစ်ပါတယ်။ အခုတရားစွဲတယ်။ ရှေ့မှာလည်း ရှေ့နေကြီးတွေ ရှိပါတယ်။ ပုဒ်မ ၅၀၂ လို ဟာမျိုးကို ဖမ်းဝရမ်းထုတ်ပြီး အယ်ဒီတာချုပ်ကို ဖမ်းခိုင်းတယ်။ ရဲလွှတ်ပြီးတော့။ နောက်အလုပ်သမားက တရားစွဲတဲ့ ကိစ္စဆိုတာ တကယ်ကျတော့ ဒါဟာ အာမခံတောင် မလိုတဲ့ ကိစ္စကို ရဲစခန်းကိုသွားပြီး အကြောင်းကြားခိုင်းတယ်။ ပြီးတော့ တရားရုံး ရောက်တဲ့ အခါကျတော့ ပုံမှန်လာပါမယ်ဆိုပြီး တရားသူကြီးက ၀န်ခံချက် ထိုးခိုင်းတယ်။ အဲဒါ ကျွန်တော်တို့ မန်နေးဂျင်းဒါရိုက်တာ ကိုယ်တိုင်ပါ။ ဆိုတော့ တရားဥပဒေ စိုးမိုးရေးက ဘာမှမရှိဘူး။ သတင်းမီဒီယာ အပေါ်မှာ ကျွန်တော်တို့ အပေါ်မှာတောင် မရှိရင် ကျွန်တော်တို့က ကျွန်တော်တို့ကိစ္စ ပြောတာမဟုတ်ပါဘူး။ ကျွန်တော်တို့ အပေါ်မှာတောင် မရှိဘူးဆိုရင် တခြားဘာမှ ပြောပိုင်ခွင့် မရှိတဲ့သူမှာ ဘယ်လိုရှိမလဲ။ ဒါဟာ အခုထက်ထိဖြစ်နေတဲ့ ဖြစ်ရပ်တွေပါပဲ။ ဒါဟာ တကယ့် အဖြစ်ပျက်တွေပဲ။
တချို့နေရာတွေမှာ လက်ရှိဗျူရိုကရေစီ ယန္တရားကြောင့် ဖြစ်တာရှိသလို တချို့နေရာတွေမှာ ကျွန်တော်တို့ အာဏာရပါတီ ဖြစ်သွားတဲ့အခါ ပါတီအတွင်းမှာ မပြည့်ဝမှုတွေက နေရာတိုင်းမှာ ရှိနေတယ်။ ဒါကလည်း ကျွန်တော်တို့ Calculated Risks တွေပါပဲ။ ဘာလို့လဲဆိုတော့ ဒီပါတီဟာ လူထုလူတန်းစား အဖွဲ့အစည်း ပေါင်းစုံက ဖြစ်လာတဲ့ ပါတီဖြစ်တယ်။ ဒီပါတီတင် မဟုတ်ဘူး။ အပြင်က လူတွေပါ ပေါင်းပြီး အစိုးရ ဖွဲ့ထားတယ်။ ကျွန်တော်တို့ အစိုးရ မဖွဲ့ခင်မှာလည်း အစိုးရဘက်မှာ ဘာအားနည်းချက်တွေ ရှိသလဲ ဝေဖန်တယ်။ ဝေဖန်တဲ့ အတွက်လည်း ကျွန်တော်တို့ တိုက်ခိုက်ခံရတယ်။ ကျွန်တော့်ကိုဆိုရင် ဘာမှမဆိုင်တဲ့ ၀န်ကြီးနေရာ မရလို့ ပြောတယ်။ ကျွန်တော် အဲဒီကိစ္စကို တရားလည်းစွဲတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တရားစွဲတဲ့ဟာ ပေါ်မှာလည်း ရဲကအရေးယူ မဆောင်ရွက်ဘူး။ အပြစ်ကျစေချင်လို့ပြောတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အချင်းချင်း ပြန်တောင်းပန်လိုက်ရင် ဒီအမှုက ဘာမှအရေးမကြီးဘူး။ ဒါပေမဲ့ ဘာမှမလုပ်လို့ ကျွန်တော်ပြောပြတာ။ ၀န်ကြီးချုပ်ဆီ အထိတောင် စာရေးလည်း ဘာမှမလုပ်ဘူး။ ကျွန်တော်တို့ တရားစွဲမှုတွေက တရားရုံးပေါ် ဘယ်တော့မှ မရောက်ဘူး။ တရားစွဲတဲ့ အဆင့်လည်း ဘယ်တော့မှ မဖြစ်ဘူး။ ဒါဟာ ကျွန်တော်တို့ စမ်းသပ်တဲ့ အဆင့်ပဲ။ ဒီလိုပြောရတာဟာ အပြစ်တင်နေတာ မဟုတ်ပါဘူး။ ဒီ Risks တွေ အားလုံးကို တွက်ချက်ထားတယ်။ ဒါတွေကို ခံနိုင်ရည်ရှိဖို့ ပြင်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအပြောင်းအလဲမှာ ဒီလိုဖြစ်မယ်။ ဒါတွေကလာမယ်။ ဒီအရာတွေကို ခံနိုင်ရည် မရှိဘဲ အရာခပ်သိမ်းကို ခေါင်းငြိမ့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ ဒီဘ၀ကို မရောက်လာဘူး။ ကျွန်တော်တို့ တိုင်းပြည်လည်း ဒီဘ၀ကို မရောက်လာဘူး။ ဒါတွေအားလုံးကို ခံနိုင်ရည် ရှိဖို့လည်း လုပ်ထားတယ်။ ဒါတွေအားလုံးက ဘာတွေကို ညွှန်ကြားနေလဲဆိုတော့ ကျွန်တော်တို့ အများကြီး သွားဖို့လိုသေးတယ်။ ကျွန်တော်တို့ခရီးက အရပ်သား အစိုးရ တင်မြှောက်လိုက်ရုံနဲ့ ကျွန်တော်တို့ခရီးက မပြီးသွားသေးဘူး။ ကျွန်တော်တို့ ရှေ့ကိုအများကြီးသွားဖို့ လိုသေးတယ်။
ဒီမှာ အရည်အချင်း မပြည့်ဝမှုတွေ၊ Mismanagement တွေ၊ ကျွန်တော်တို့ဆီမှာ ဗျူရိုကရေစီ အုပ်ချုပ်မှု ယန္တရားတွေ၊ Corruption တွေနဲ့ လုံးဝဥုဿုံ Corrupted အဖွဲ့အစည်းဟာ နေရာတိုင်းမှာ ဖြစ်ပေါ်နေတယ်။ Corruption တွေရဲ့ Rate က ဒီကမ္ဘာပေါ်မှာ အဆင့် ၁၄၇ နောက်မှာ ၁၀ နိုင်ငံ ကျော်ကျော်ပဲ ရှိတော့တယ်။ အဲဒီတော့ ဆိုလိုတဲ့ အဓိပ္ပာယ်က ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းက အများကြီး ပြုပြင်ရမယ့် လူ့အဖွဲ့အစည်း ဖြစ်တယ်။ ဒီလူ့အဖွဲ့အစည်းမှာ ကျွန်တော်တို့က ရေလိုက် ငါးလိုက်နေပြီး အစိုးရနောက်က ရေလိုက် ငါးလိုက်နေ။ ကျွန်တော်တို့ ဘာမှမဖြစ်ပါဘူး။ အခုလက်ရှိ အာဏာရသွားတဲ့ လူတွေက အရင်တုန်းက ကျွန်တော်တို့နဲ့ မိတ်ဆွေအပေါင်းအသင်းတွေ၊ ကျွန်တော်တို့ ရေလိုက်ငါးလိုက်နေရင် ကျွန်တော်တို့ ရတာပါပဲ။ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ ကျွန်တော် ပြောချင်တာက ကျွန်တော်တို့က ကျွန်တော်တို့နိုင်ငံကြီး ကောင်းဖို့နဲ့ ကျွန်တော်တို့ စနစ်ကြီးကောင်းဖို့ နိုင်ငံကြီး ဖွံ့ဖြိုးတိုးတတ်ဖို့ ကျွန်တော်တို့နိုင်ငံကြီး စည်းလုံးညီညွတ်ဖို့ ကျွန်တော်တို့က အများကြီး အများကြီး အနစ်နာခံရဦးမယ်။ အများကြီးရှေ့မှာ ရုန်းကန်ရဦးမယ်ဆိုတာ ပြောပြချင်တာပဲ ဖြစ်တယ်။
နောက် CSO တွေ၊ လူထုလူတန်းစား အဖွဲ့အစည်းတွေ၊ တကယ်ကျတော့ လူထုလူတန်းစား အဖွဲ့အစည်းတွေကို ပုံဖျက်တာတွေလည်း အများကြီးရှိတယ်။ တကယ်တော့ ဒီမိုကရေစီနိုင်ငံမှာ လူထုလူတန်းစား အဖွဲ့အစည်းတွေ မပါဘဲနဲ့ တကယ်သမာသမတ်ကျတဲ့ လူထုလူတန်းစား အဖွဲ့အစည်းတွေ မရှိဘဲနဲ့ ဒီမိုကရေစီဟာ လူထုရဲ့ ဆန္ဒတွေ လူထုရဲ့ အကဲဖြတ်မှုတွေ အစိုးရဆီကို ဒါမှမဟုတ် စင်မြင့်ပေါ်ကို မရောက်နိုင်ဘူး။ ဒါဟာ အမှီအခိုကင်းတဲ့ လူထုလူတန်းစား အဖွဲ့အစည်းတွေကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် ရွေးကောက်ပွဲဖြစ်တယ်။ ရွေးကောက်ပွဲ Census တွေကို အစိုးရက သွားကောက်လို့မရဘူး။ မီဒီယာတစ်ခုနဲ့ သွားကောက်လို့ရတယ်။ လူထုလူတန်းစား အဖွဲ့အစည်းတွေက ကောက်လို့ရတယ်။ လူတွေဆင်းရဲနေလား။ လူထုလူတန်းစား အဖွဲ့အစည်းတွေက ဘယ်လိုအချက်အလက် တွေရှိလည်း ဘယ်လိုကူညီမလဲ၊ ဥပမာ ရေကြီးတယ်။ ဒီလူထုလူတန်းစား အဖွဲ့အစည်းတွေက အစိုးရနဲ့အတူ ပူးပေါင်းကူညီလို့ရတယ်။ လူထုလူတန်းစား အဖွဲ့အစည်းတွေက ဒီမိုကရေစီရဲ့ အဓိကဒေါက်တိုင်တွေဖြစ်တယ်။ အထူးသဖြင့် ဒီမိုကရေစီနိုင်ငံက အသွင်ကူးပြောင်းတဲ့နေရာမှာ အဓိကဒေါက်တိုင်တွေပဲဖြစ်တယ်။ ဒါကြောင့် ဒီအဖွဲ့အစည်းတွေ အားကောင်းဖို့လိုတယ်။ ဒီအဖွဲ့အစည်းတွေ အားကောင်းမှသာလျှင် တကယ့်ဒီမိုကရေစီ နိုင်ငံဖြစ်မယ်။ နောက်နိုင်ငံရေး ပါတီတွေ ကာလာစုံ အရောင်စုံဖြစ်နေတဲ့ ဒီနိုင်ငံရေး အသိုင်းအ၀ိုင်း ဆိုတာက ဒီမိုကရေစီကို အထောက်အကူပြုပါတယ်။ တစ်နေရာတည်းမှာ လူတစ်စုတည်း အားကောင်းနေလို့ ဘယ်တော့မှ နိုင်ငံရေး စနစ်ဆိုတာ အကောင်းဖြစ်လာမှာ မဟုတ်ဘူး။ အဲဒီတော့ ကျွန်တော်တို့က တစ်ယောက်နဲ့ တစ်ယောက် ကြားထဲမှာရှိနေတဲ့၊ အရောင်အသွေးစုံတဲ့ ပန်းခင်းဟာ အလှဆုံးပန်းခင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေ၊ အင်အားစုတွေ၊ ကျွန်တော်တို့အားလုံး ရှင်သန်ကြဖို့ အရေးကြီးပါတယ်။ ဒီအခြေအနေမျိုးတွေက ကျွန်တော်တို့မှာ ရှိသလား။ ခုနပြောတဲ့ နိုင်ငံရေး လေဟာနယ် ဖြစ်နေတဲ့ အချိန်တွေမှာ အခြေအနေတွေအားလုံး ယုတ်လျော့သွားတယ်။ Legitimacy တွေ တစ်နေရာတည်းမှာ စုတဲ့အခါမှာ ပြဿနာတွေ အများကြီးရှိတယ်။ ဒီပြဿနာတွေက ကျွန်တော်ပြောတဲ့ Calculated Risk ပါပဲ။ ကျွန်တော်တို့ ဒီကိစ္စတွေ အားလုံးကို ဒီ Risk တွေကို ကျွန်တော်တို့အနေနဲ့ အများကြီး မျှော်လင့်ထားတဲ့အတိုင်း ကျွန်တော်ကိုယ်တိုင်လည်း ဒီ Risk တွေကို ယူပြီးတော့ ဝေဖန်သင့်တာတွေ ဝေဖန်ခဲ့ပါတယ်။ ကျွန်တော့်ဆို ရစရာ မရှိပါဘူး။ အရင်အစိုးရ လက်ထက်လည်း ရစရာမရှိအောင် ပြောခံရပါတယ်။ မိသားစု တစ်ခုလုံးလည်း ရစရာ မရှိအောင် ပြောခံရတယ်။ အခုလည်း ကျွန်တော် ပြောခံရတယ်။ ကျွန်တော့်ကို ၀န်ကြီး၊ ရာထူးနဲ့ ပြောတယ်။ ကျွန်တော်ဟာ နိုင်ငံရေးအရရော ၂၀၀၃ ခုနှစ် အင်တာဗျူးထဲက စပြီးတော့ စတင်လုပ်ကတည်းကစပြီး ကျွန်တော်ဒီလုပ်ငန်းကရတဲ့ ဂုဏ်သိက္ခာ အကျိုးအမြတ်ကို နိုင်ငံရေး၊ စီးပွားရေးတွေမှာ ဘယ်တော့မှ အသုံးမချပါဘူး။ ပြောထားခဲ့တယ်။ ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာ အတွက်လည်း ဘယ်တော့မှ အသုံးမချခဲ့ဘူး။ ဆိုလိုတာ နိုင်ငံရေး လောကထဲမှာလည်း ဒီကရရှိတဲ့ ဂုဏ်သိက္ခာနဲ့ ၀င်ရောက်မှာ မဟုတ်သလို စီးပွားရေး လောကမှာလည်း ၀င်ရောက်ပတ်သက်မှာ မဟုတ်ပါဘူး။ ဒါတွေကို အတိအကျပြောနေတဲ့ ကြားထဲက ကျွန်တော်ရဲ့ ဂုဏ်သိက္ခာကို ချိုးနှိမ်တာတွေကို နေရာတကာမှာဖြစ်တယ်။ ကျွန်တော့်အကြောင်းကို ရေးလိုက်ရင်၊ နည်းနည်းပြောတာနဲ့ အကုန်လုံး ပတ်ချာလည် အဲဒါတာတွေ ဒီအစဉ်အလာတွေ မလိုပါဘူး။ အခုလည်း ဟိုတစ်နေ့က ဒေါ်သက်သက်ခိုင်ကို ရေးတယ်၊ ပြောတယ်၊ ထားပါ။ ကျွန်တော် တခြားအရာတွေ မပြောချင်ဘူး။ တစ်ယောက် ပြောလိုက်တာနဲ့ တစ်ပြိုင်နက်တည်း အစိုးရနဲ့ အသွင်မတူတဲ့ တစ်ယောက် ဖြစ်လာတာနဲ့ တစ်ပြိုင်နက်တည်း အားလုံးပွစာ ထိုးသွားတယ်။ ဆိုလိုတာ ဂုဏ်သိက္ခာ လူ့အဖွဲ့စည်းတစ်ခု အနေနဲ့ ပျက်သုဉ်းတာပဲ။ လူမှုအဖွဲ့အစည်းမှာ မကောင်းတဲ့ အစဉ်လာပဲ။ ဥပဒေရဲ့ ထိန်းချုပ်မှု မရှိဘူး။ ဆင်ခြင်တုံတရားရဲ့ ထိန်းချုပ်မှု မရှိဘူး။ စာနာမှုဂရုဏာ တရားရဲ့ ထိန်းချုပ်မှု မရှိဘူး။ ဒါတွေမရှိရင် လူ့အဖွဲ့အစည်းက သေသွားနိုင်တယ်။ ပေါက်ကွဲသွားနိုင်တယ်။ လူ့အဖွဲ့အစည်း ပေါက်ကွဲသွားတာနဲ့ တစ်ပြိုင်နက် စီးပွားရေးကျဆင်းမယ်။ စီးပွားရေးကျဆင်းရင် နိုင်ငံရေး ပျက်သုဉ်းမယ်။ နိုင်ငံရေး ပျက်သုဉ်းရင် နောက်ပြန်လိမ့်သွားမယ်။
နောက်ပြန်လိမ့်သွားတာနဲ့ တစ်ပြိုင်နက်တည်း ဘာတွေဆက်ဖြစ်မလဲ၊ ကျွန်တော်တို့ မလိုချင်တဲ့ အာဏာရှင်စနစ် ပြန်ရောက်လာမှာပဲ။ ဒီနိုင်ငံရေးစနစ်တွေက ဒီလိုလုပ်ခဲ့တာတွေ အမြဲတမ်းရှိတယ်။ ထိုင်းနိုင်ငံမှာ အာဏာသိမ်းခံရတယ်။ သက်ဆင် ဒီလိုကြောင့် ဖြစ်ခဲ့ရတာပါ။ အီဂျစ်နိုင်ငံမှာ မော်စီ၊ အခုအာဒိုဂန်။ ဒီဖြစ်ရပ်တွေဟာ ကျွန်တော်တို့နိုင်ငံမှာ ဒါတွေမဖြစ်ဖို့အတွက် ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ဆင်ခြင်တုံတရားတွေ ရှိဖို့လိုတယ်။ နောက် စီးပွားရေး၊ လက်ရှိ စီးပွားရေးအခြေအနေ၊ ကျွန်တော်တို့ ထင်နေတာက အရပ်သားအစိုးရ တက်လာခဲ့ရင် Investor တွေ လာမယ်။ လူတွေအားလုံး စိတ်ဝင်စားမယ်။ ကျွန်တော်တို့ စီးပွားရေး အရမ်းတက်လာမယ်။ ဒါထင်ခဲ့ကြတာ လူထုက။ ဒါပေမဲ့ ကျွန်တော်ကတော့ Calculated Risk ရှိပါတယ်။ ဒါမဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခြေအနေတွေက အများကြီးရှိတယ်။ ဒီအစိုးရတစ်ခု တစ်ခုကနေ အပြောင်းအလဲမှာရှိနေတဲ့ ဗျူရိုကရေစီယန္တရားကို Control လုပ်ဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်။
ဒီဗျူရိုကရေစီယန္တရားရဲ့ အနှောင့်အယှက် ဘာတွေရှိလဲဆိုရင် Corruption ရှိတယ်။ ဘယ် Corruption ရှိတဲ့နိုင်ငံကိုမှ ဘယ်နိုင်ငံခြားသားမှ မလာဘူး။ ဒီလောက် Corruption ရှိနေတဲ့နိုင်ငံမှာ အဲဒါကြောင့် ကျွန်တော်တို့ စီးပွားရေးမူဝါဒတွေ ချမှတ်တဲ့အခါမှာ ကျွန်တော်အမြဲတမ်းပြောတယ်။ အဂတိလိုက်စားမှုနဲ့ Corruption ကိုသာ မဖျက်နိုင်ခဲ့ရင် ကျွန်တော်တို့နိုင်ငံဟာ လုံးဝမတိုးတက်ဘူး။ Corruption သည် စီးပွားရေးမှာ နံပါတ်တစ်မူဝါဒ ဖြစ်ရမယ်။ နောက်စီးပွားရေးမှာ မနေ့က ၁၂ ချက် ကြေညာသွားတယ်။ အဓိကစီးပွားရေး ကြေညာတဲ့အထဲမှာ Corruption ကိစ္စမပါဘူး။ ဆင်းရဲချမ်းသာ ကွာဟမှုကိစ္စ လုံးဝမပါဘူး။ အာဏာရှင် လက်အောက်က လွတ်မြောက်တဲ့ နိုင်ငံတိုင်းမှာ လူနည်းစုက ချမ်းသာတယ်။ လူအများစုက ဆင်းရဲတယ်။ ဒီဟာကို မဖြတ်နိုင်တဲ့ ကာလပတ်လုံး ဒီနိုင်ငံဟာ ဘယ်တော့မှ ဒီမိုကရေစီ မဖြစ်ထွန်းဘူး။ ကိုရီးယားနဲ့ အင်ဒိုနီးရှားမှာ Corruption ကို ဖျက်သိမ်းနိုင်တဲ့အတွက် တိုက်ဖျက်နိုင်တဲ့အတွက် ရှေ့ကိုမြန်မြန် တက်သွားတာပဲ။ ဖိလစ်ပိုင်က ဒီကိစ္စကို မလုပ်နိုင်တဲ့အတွက် အခုထိ သူတို့နောက်မှာ ကျန်ခဲ့တယ်။ ဒီမိုကရေစီကို အတူတူဖြစ်ခဲ့တဲ့ နိုင်ငံတွေမှာ ဒါတွေဟာ ဘာတွေဖြစ်လာလဲ။ ဆင်းရဲချမ်းသာကို မတိုက်ဖျက်နိုင်ရင် Corruption ကို မတိုက်ဖျက်နိုင်ရင် နိုင်ငံစီးပွားရေး မတိုးတက်ရင် နိုင်ငံရေးဆိုတာလည်း မတိုးတက်ဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့နိုင်ငံမှာ အခုနိုင်ငံရေး ကိစ္စတွေမှာ အောင်မြင်မှုရတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဒုတိယပင်လုံညီလာခံ အောင်မြင်မှုရတယ်။ ဒါပေမဲ့ စီးပွားရေးပိုင်းမှာ နောက်ပြန်ကျရင် နိုင်ငံရေးမှာလည်း နောက်ပြန် ကျမှာပဲ။ ပိုက်ဆံမရှိတဲ့ အိမ်ထောင်စု ရန်ဖြစ်မှာပဲ။ ပိုက်ဆံရှိရင် ရန်ဖြစ်တာ လျော့မှာပဲ။ ကျွန်တော်တို့က နိုင်ငံရေးကို ပြုပြင်ပြောင်းလဲချိန်မှာ စီးပွားရေးကိုလည်း ပြုပြင်ပြောင်းလဲရမယ့် အခြေအနေမှာ ရှိတယ်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ငြိမ်းချမ်းရေးရပါတယ်။ ဒါပေမဲ့ နှစ် ၆၀ လုံး လုံးတိုက်ခဲ့တဲ့နိုင်ငံမှာ ခဏလေးနဲ့တော့ မရခဲ့ဘူးဆိုရင် စိတ်တော့မပျက်ပါနဲ့။ တစ်ယောက်နဲ့ တစ်ယောက် သဘောထား ကွဲလွဲမှုတွေရှိတယ်။ နောက်တစ်ခုက ကျွန်တော်တို့ National Reconciliation က မင်ဒဲလား ပြောခဲ့တာ ရှိပါတယ်။ National Reconciliation ရဲ့ Value က It’s a spiritual value။ စိတ်ပိုင်းဆိုင်ရာ တန်ဖိုးနဲ့ အကဲဖြတ်ထားတဲ့ ဒီ National Reconciliation ကို လုပ်မယ်ဆိုရင် ဥပဒေတွေ၊ စည်းမျဉ်းတွေ အပေးအယူတွေထက် ပိုပြီးတော့ သိမ်မွေ့ပါတယ်။ အဲဒီတော့ ကျွန်တော်တို့က ခုနပြောသလိုပဲ။ နစ်နာဆုံးရှုံး ခဲ့ရတာက ကျွန်တော်တို့ တိုင်းပြည်မှာ နှစ်ပေါင်း ၅၀ မှာ အနစ်နာခံခဲ့ ရတဲ့သူတွေ၊ သေကြေခဲ့ရသူတွေ၊ ဒုက္ခရောက်ခဲ့ရသူတွေ၊ အဖိနှိပ်ခံရတဲ့သူတွေ အများကြီးပဲ။ သူတို့က ပြောမယ်။ တိုင်းရင်းသားတွေ။ တိုင်းရင်းသားတွေတင် မဟုတ်ဘူး။ ကျွန်တော်တို့ ဗမာတွေမှာလည်း ဘ၀ပျက်ခဲ့ရတာတွေ အများကြီးပဲ။ ကျွန်တော်သာ ဒီစင်မြင့်ပေါ်မှာ ဒီလိုနေပြီး ပြောနိုင်တာ။ သေသွားတဲ့သူတွေ ဘယ်လိုလုပ်မလဲ။ ကျောင်းတစ်ဝက် တစ်ပျက်နဲ့ ထွက်ခဲ့ရတယ်။ ဘ၀တွေအားလုံး ဆုံးရှုံးခဲ့ရတယ်။ တိုင်းရင်းသားတွေ ဘ၀တွေ ဘယ်လောက်ပျက်ခဲ့ကြလဲ။ မွန်လူမျိုး ပျောက်သွားပြီ။ ရှမ်းလူမျိုး တော်တော်များများ မရှိတော့ဘူး။ ဒါကြောင့် ရှမ်းပြည်နယ်မှာ ရှမ်းပါတီတွေတောင် မနိုင်တော့ဘူး။ တခြားပြည်နယ်တွေကော၊ တခြားလူမျိုးတွေကော။ ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုး ဘယ်လောက်ကျန်သေးလဲ။ တိုင်းရင်းသားတွေ ဘ၀က ဒီလိုမျိုးရှိခဲ့ကြတယ်။ ဆိုလိုတာက National Reconciliation ပဲဖြစ်ဖြစ် အမျိုးသား ပြန်လည်သင့်မြတ်ရေးမှာ မင်ဒဲလားပြောခဲ့သလို နှစ်ဦးနှစ်ဖက်လုံးက တရားမျှတမှုကို မဆောင်ကြဉ်းနိုင်ရင် National Reconciliation မဖြစ်ပါဘူး။
နောက်တစ်ခု အရေးကြီးဆုံးက မျက်ရည်ကျခဲ့ရတဲ့ မျက်ရည်တွေကို မသုတ်ပေးနိုင်ခဲ့ရင် ဘယ်တော့မှ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မဖြစ်နိုင်ဘူး။ အရေးကြီးဆုံးက နစ်နာခဲ့သူတွေ ခံစားခဲ့ရတဲ့သူတွေ ကျွန်တော်ပြောတာ ချီးမြှောက်ဖို့ပြောတာ မဟုတ်ပါဘူး။ NLD အစိုးရကိုပြောတာ။ ကျွန်တော်တို့ ကျနေတဲ့ မျက်ရည်တွေကို သုတ်ပေးဖို့တော့လိုတယ်။ ခံစားနေရတဲ့ မျက်ရည်တွေကို မသုတ်ဘဲနဲ့ ကျွန်တော်တို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါနိုင်ငံရေးကို ပြောပြတာ။ နိုင်ငံရေးမှာ အောင်မြင်မှုတွေ မရလည်း စိတ်မညစ်ပါနဲ့။ ရှေ့ဆက်သွားရမှာပဲ။ စီးပွားရေးဟာ နိုင်ငံရေးကို အထောက်အကူပြုတယ်။ စီးပွားရေး၊ နိုင်ငံရေး တစ်ပြိုင်နက်တည်း မသွားရင် ကျွန်တော်တို့နိုင်ငံဟာ အပြောင်းအလဲ မဖြစ်နိုင်ဘူး။
အဲဒီတော့ ကျွန်တော်တို့ ဘာတွေဆက်လုပ်ကြမှာလဲလို့ ပြောရင် အခုနိုင်ငံရေး လေဟာနယ်မှာ ကျွန်တော်တို့ ဘယ်နေရာကို ရောက်နေပြီလဲ။ ဘယ်နေရာပဲရောက်ရောက် ကိုယ့်အရည်အချင်းနဲ့ ကိုယ်ရဲ့ရပ်တည်ချက်ကို မပျက်ပါစေနဲ့။ Eleven Media Group က ကိုယ့်အရည်အချင်းနဲ့ ကိုယ့်ရပ်တည်ချက် မပျောက်ဘူး။ ရှေ့ဆက်သွားနိုင်ဖို့ ကိုယ့်အရည်အချင်းကို ကိုယ်ပြုစုပျိုးထောင်တယ်။ ဘယ်လိုအခက်အခဲမျိုးကြုံကြုံ ဘယ်လိုဝေဖန်မှုမျိုးကြုံကြုံ ကျွန်တော် မတ်မတ်ရပ်နိုင်အောင် ကြိုးစားတယ်။ ဘယ်သူကိုမှ မှီခိုအားထားပြီး ကျွန်တော်တို့ မနေဘူး။ အစိုးရတစ်ရပ်ကိုလည်း မှီခိုအားထားမနေဘူး။ အတိုက်အခံကိုလည်း မှီခိုအားထား မနေဘူး။ နိုင်ငံတကာကိုလည်း မှီခိုအားထားမနေဘူး။ ဒီလိုပဲ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ခြေထောက်ပေါ်မှာ နိုင်ငံရေး အင်အားစုတွေ၊ NGO တွေ၊ မီဒီယာတွေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ဖို့ လိုတယ်။ ကိုယ့်ဟာကိုယ် အားကိုးဖို့လိုတယ်။ လိုအပ်ရင် ကိုယ့်အချင်းချင်းပဲ လက်ချင်းချိတ်ထား။ မီဒီယာအချင်းချင်း လက်ချင်းချိတ်မယ်။ CSO အချင်းချင်း လက်ချင်းချိတ်မယ်။ နိုင်ငံရေးပါတီ အချင်းချင်း လက်ချင်းချိတ်မယ်။ ကျွန်တော်တို့ တိုင်းရင်းသား အချင်းချင်း လက်ချင်းချိတ်ထားမယ်။ ကျွန်တော်တို့အားလုံး လက်ချင်းချိတ်ထားမယ်။ တစ်တိုင်းပြည်လုံး လက်ချင်းချိတ်ထားမယ်။
ချိတ်ထားတဲ့ လက်တွေအားလုံး ပတ်မိသွားတဲ့အချိန်မှာ တစ်တိုင်းပြည်လုံး ညီညွတ်သွားလိမ့်မယ်။ အရေးကြီးဆုံး အချက်က လက်ချင်းချိတ်ထားဖို့ပဲ။ လက်ချင်းချိတ်ပြီးတော့ ကျွန်တော်တို့ တင်မြှောက်ထားတဲ့ အစိုးရကို လိုအပ်တဲ့အချိန်မှာ ဝေဖန်ရမယ်။ ပြောနိုင်ရမယ်။ အကူအညီပေးရမယ်။ လိုအပ်တဲ့ အချိန်မှာ ဒီအစိုးရကို ထောက်ခံရမယ်။ အပြောင်းအလဲအတွက် ကျွန်တော်တို့ တင်မြှောက်ထားတဲ့ အစိုးရကို ကျွန်တော်တို့ဟာ မှန်ကန်တဲ့နည်းနဲ့ အမှန်တရားနဲ့ ထောက်ခံရမယ်။ အခွင့်အရေးနဲ့ မထောက်ခံပါနဲ့။ အကြောက်တရားနဲ့ မထောက်ခံပါနဲ့။ ကျွန်တော်တို့ဟာ NLD အစိုးရကို အမှန်တရားနဲ့ ထောက်ခံကြပါလို့ ပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ်။
> ELEVEN MEDIA မှ ကူးယူဖော်ပြသည်။
No comments:
Post a Comment