Tuesday, July 26, 2016

မိုင်ဂျာယန် Mai Ja Yang

တစ်ချိန်တုန်းက ----
တစ်ချိန်တုန်းဆိုပေမဲ့ သိပ်မဝေးလှသေးပါဘူး။
လွန်ခဲ့သော သုံးလေးငါးနှစ်အတွင်းလောက်မှာပါပဲ။

မိုင်ဂျာယန်မြို့ ဟာ စီးပွားရေးအရ အရမ်းကောင်းခဲ့တဲ့ မြို့ကလေးတစ် မြို့ဖြစ်တယ်။ မိုင်ဂျာယန်လို့ပြောလိုက်ရင် ကာစီနိုဝိုင်းအပါအဝင် သစ်၊ရွှေအစရှိတဲ့အခြားစီးပွားရေး လုပ်ကွက်တွေနဲ့ စည်ကားခဲ့တဲ့မြို့ ဖြစ်တယ် ဆိုတာ ရောက်ဖူးသူတိုင်းသိကြတယ်။

ဗမာထောက်လှမ်းရေး စရဖ ၊SB တွေရဲ့ ကျနော့်မှတ်တမ်းဖိုင်ထဲမှာ
သောင်းကျန်းသူ သူပုန်ခေါင်းဆောင် ၊ကွင်းစကွင်းပိတ်ထဲမှာ (မိုင်ဂျာယန်) ဆိုတာထည့်ထားတယ်ဆိုပြီး သူတို့ထဲက တစ်ယောက်ပြောဖူးလို့ ကျနော်နဲ့ မိုင်ဂျာယန် ဇာတ်လမ်း ဆောင်းတစ်ညမှာ ရှိခဲ့ဖူးတယ်။

တရုတ်ရဲ့ မြို့ကလေးတစ်မြို့ နဲ့ ဘေးချင်းကပ်တည်ရှိတဲ့ မိုင်ဂျာယန်ဟာ အချို့နယ်စပ်မျဉ်းဆို ချောင်းတစ်ချောင်းသာခြားပြီး အချို့ နေရာတွေက စပါးကွင်း ဆယ်ကွင်းစာလောက် အကွာအဝေးသာသာရှိတယ်။

အနီးစပ်ဆုံး တရုတ်မြို့ကလေး ကျန်းဖုန်းကနေတစ်ဆင့် Taxi စီးရင် တရုတ်ငွေ ၂၅ ယွမ်၊ မြန်မာငွေ ၅၀၀၀ ကျပ်နီးပါးသာသာပေးရတယ်။ စာအုပ်အနီလို့ခေါ်တဲ့ ပတ်စပို့စာအုပ် ရှိမှသာ သွားလာဖြတ်သန်းခွင့်ရတယ်။ အခုတော့ အထူးအခွင့်အရေး အနေဖြင့် ၇ ရက် ပတ်စပို့နဲ့ ခွင့်ပြုထားခြင်းဖြစ်လိမ့်မယ်။ ရွှေလီကလာမယ်ဆို ၁ နာရီနီးပါးသာသာ။

မိုင်ဂျာယန် မှာတော့ ခေတ်ကောင်းတဲ့အချိန်၊ စည်ကားတဲ့အချိန်တုန်း က ညဖက်ဆို  မိတ်ကပ်ပါးပါးလိမ်းထားပြီး ဒူးအထက် ခြေတံဖွေဖွေး
ပိန်ပိန်ပါးပါးလေးတွေရဲ့ ရယ်သံတွေက ပြောင်းဖူးဖုတ်အနံ့တွေနဲ့ အတူ ရောထွေးယှက်တင်ပွတ်သပ်နေခဲ့ကြတယ်။

လေးလမ်းဆုံ အဝိုင်းကို ဗဟိုပြု၍ အရှေ့ အနောက်တောင်မြောက် မိုင်ဂျာယန်ဟာ သိပ်မကျယ်ပေမဲ့ စည်ကားခဲ့တာတော့အမှန်။ ကချင်တစ်ကျော့ပြန်တိုက်ပွဲတွေရဲ့ကျေးဇူးနဲ့ ရိုက်ခတ်မှုကမိုင်ဂျာယန်ကို ခြောက်ကပ်ကပ်ဖြစ်ခဲ့ရတယ်။

ရာသီဥတုက ထင်းရှုးပင်ပေါက်လောက်တဲ့အထိ မြင့်တယ်။ ညဖက် ဆိုင်ကယ်ကို အကျီ င်္ပါးပါးလေးတွေနဲ့စီးရင် မနက် အအေးပတ်နှာစီးချောင်းဆိုးဖို့ က ရာခိုင်နှုန်းတော်တော်များတယ်။

မိုင်ဂျာယန် ရဲ့ အထင်ကရ နာမည်ကြီးနေရာတွေက မိုင်ဂျာယန်ဟော်တယ်၊ မိုင်ဂျာယန်ဆေးရုံ၊ ကာစီနိုဟောင်း၊ တပ်မဟာ (၃) ၊ အခုအစည်းအဝေးကျင်းပနေတဲ့ မနောကွင်း၊ မြို့ အစွန်သာသာလောက်ရဲ့ တောင်ကုန်းပေါ်က ကျောက်တိုင်(အာဇာနည်ကုန်း ??) ၊ အပြင် ဒီတစ်နှစ်နှစ်နှစ်အတွင်း မိုင်ဂျာယန်ကိုလူသိများစေတာက FUA ပြည်ထောင်စုတပ်မတော် (မြောက်ပိုင်း) ရုံးစိုက်ရာဒေသဖြစ်နေလို့ပဲ။

အခုနောက်ပိုင်း Federal Law အစရှိတဲ့ ကျောင်းတွေအပြင် နိုင်ငံတကာနဲ့ချိတ်ဆက်ပြီး တက်ခွင့်ရမည့် ပညာရေးအခွင့်အလမ်း မျှော်လင့်ချက်တွေက မိုင်ဂျာယန်မှာ သန္ဓေတည်ခဲ့ပြီးလေပြီ။

ကျနော်တို့ AA အနေနဲ့ မြောက်ပိုင်း FUA မဟာမိတ်အနေနဲ့ တတ်နိုင်သည်ဆိုသည်ထက်ပိုတဲ့အနေအထားမျိုးနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မြောက်ပိုင်းအဖွဲ့တွေထဲမှာ KIA ၊ TNLA၊ SSPP/SSA တို့အပြင် အခြား အဖွဲ့အချို့ဟာ ကျနော်တို့လိုပဲမဟာမိတ်နယ်မြေ ၊နိုင်ငံရေး၊စစ်ရေးအပေါ်မူတည်ပြီး ပါခဲ့ကြသေးတယ်။

မြို့အတွင်း ကဆိုင်ခန်း၊ဈေးဆိုင်တွေမှာတော့ ဗမာစာသိပ်မတွေ့ရသလောက်။ ကချင်စာ ၊ရှမ်းစာ၊ တရုတ်စာတွေနဲ့ရေးသားထားသည်ကများသည်။ ဗမာတယောက် ရောက်လျှင် တစ်ယောက်သိသည်အထိ ကချင်တွေ စိုးမိုးပိုင်ဆိုင်ထားတယ်။ လက်ရှိအချိန်မှာတော့လိုင်ဇာပြီးလျှင် မိုင်ဂျာယန်ဟာ တိုင်းရင်းသားတွေရဲ့ ရင်ထဲ၊ တစ်ကမ္ဘာလုံးရဲ့ ရင်ထဲမှာ မှတ်တမ်းထပ်တင်ခြင်းခံခဲ့ရလေပြီ။

မိုင်ဂျာယန်ဆေးရုံက စစ်တွေဆေးရုံကြီးလောက် မကြီးသော်လည်း ပစ္စည်း ကိရိယာ၊ သန့်ရှင်းမှု တွေကကွာတယ်။ ကျနော် မိုင်ဂျာယန်ရောက်ရင် ဆေးရုံမှာမအိပ်ပေမဲ့ ဆေးရုံကိုမဝင်တဲ့အကြိမ်မရှိသလောက်။ KIO/KIA ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ဆရာဝန်တွေက ကျနော့်သူငယ်ချင်းများတယ်။ ကျနော်ထင်ပါတယ်။ ကျနော့်ကိုမျှော်နေကြတဲ့အထဲမှာ မိုင်ဂျာယန်က ဆရာဝန်တွေ ရှေ့ ဆုံးကရှိနေလိမ့်မယ်လို့။

အဲဒီကချင်ဆရာဝန်တွေ MBBS မရကြပေမဲ့ တော်ကြပါတယ်။ အနစ်နာခံကြပါတယ်။ ပေးဆပ်စွန့်လွှတ်ကြပါတယ်။ ရခိုင်ဆရာဝန်တွေ အတုယူစေချင်တယ်။ အမျိုးအတွက် အနစ်နာခံပြီး အလုပ်လုပ်သူများပြားမှသာ တမျိုးသားလုံးရည်မှန်းချက် မျှော်မှန်းချက်ကို ပြည့်စေနိုင်လိမ့်မယ်။

ရခိုင်ဆရာဝန်တွေကို AA ကအလိုရှိနေပါတယ်။ ကျနော့်လို မိုက်တဲ့ ရခိုင်ဆြာဝံ သုံးလေးယောက်နဲ့ အလုပ်လုပ်ခွင့်ရမယ်ဆို ရခိုင်တွေပြောပြောနေကြတဲ့ #ဟိုဟာ ကအနီးလေးမှာပါ။

ရခိုင်လူမျိုး Dr ညိုထွန်းအောင်
July 26 , Tuesdsy, 2016
First Day of MJY Meeting

No comments:

Post a Comment