ရခိုင်ပြည်အွန်လိုင်းသတင်း
တတိယမြောက် ရုပ်သေးနန်းတက်ဘုရင် ၀န်ကြီးချုပ်သစ် ဦးမြအောင်ကို ငဲ့စောင်းကြည့်မိခြင်း
သာထွန်း - Review
၂၀၁၀ ခုနှစ် နိုင်ငံရေး ပါရာဒိုင်းအရွေ့နှင့်အတူ ဒီမိုကရေစီလေပြေလေနုကလေးများကို ရှုရှိုက်ခွင့်ရခဲ့ကြသည်။ အထူးသဖြင့် ဒီမိုကရေစီ၏ အရသာကို အဓိက ခံစားခဲ့ရသူများမှာ လွှတ်တော်ထဲကို စောစောစီစီဝင်ရောက်နေရာယူထားခဲ့သည့် အမတ်မင်းများဖြစ်ကြသည်။ သူတို့သည် အမတ်တို့၏ အရသာကို ကောင်းကောင်းသိသွားကြပြီ။ ပထမအကြိမ် လွှတ်တော်ကို မသွားခင်က အမတ်မင်းတို့မှာ မလုပ်တတ် မကိုင်တတ်ပါ။ သို့သော် လုပ်တတ်ကိုင်တတ်သူများရှိလာလျှင် ဖယ်ပေးပါမည်ဟု ကြွေးကြော်သံတို့နှင့် ပြည်သူတို့ကို မျက်ရည်ခံထိုးခဲ့သေးသည်။ ယခုကား ထိုသို့မဟုတ်တော့။ လေသံပြောင်းသွားပြီ။ လုပ်တတ်ကိုင်တတ်သူများက ငါတို့ ၀င်မယ်ဟေ့ဟု ဆိုလာလျှင် နေရာမဖယ်ပေးချင်ကြတော့။ အကွဲအပြဲဇာတ်လမ်း၊ အလဲထိုးဇာတ်လမ်း၊ ခြေထိုး၊ ခြေရှုပ်မှုတို့ကား ပါတီတိုင်းတွင် ကြားနေရသည်။ ဤသည်တို့မှာ လက်တလော မြင်နေရသည့် အခင်းအကျင်းဖြစ်သည်။ ၂၀၁၀-၂၀၁၅ ကို ပြန်လည် သုံးသပ်ကြည့်လျှင် အားရစရာများကို ဖြဲဖြိုရှာကြည့်ချင်မိသည်။
၂၀၁၀ ခုနှစ်မှနေ ယနေ့အချိန်ထိ ရခိုင်ပြည်နယ်၏ နိုင်ငံရေးအခင်းအကျင်းမှာ မည်မျှ မည်ရွေ့ ပြောင်းလဲခဲ့သလဲဆိုသည်မှာ လက်ချိုးရေတွက်လို့ရသည်။ ၂၀၁၀ ခုနှစ်မှသည် ၂၀၁၅ ခုနှစ်ထိကို ပြည်နယ်ပါလီမန်ကို ခြင်္သေ့ပါတီကသာ ရာဇပလ္လင်ကို အပိုင်ယူထားခဲ့သည်။ ပထမယံမိ၊ ဒုတိယံမိ၊ တတိယံမိထိ ရခိုင်တို့မှာ ရုပ်သေးဘုရင်အပြောင်းအလဲကို ဘာမှ မတတ်နိုင်ဘဲ ကြည့်နေခဲ့ရသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ ၂၆၁(ခ)မှ (၁)၊ (၂) အပြင် (ဂ)၊ (ဃ)တို့အရ ပြည်နယ်လွှတ်တော်ကို သမ္မတကြီး၏ အမိန့်အာဏာအရ ဦးလှမောင်တင်ကို ရခိုင်ပြည်နယ်၏ ပြည်နယ် ဦးသျှောင်အဖြစ် တင်မြောက်ခဲ့သည်။ မိမိတို့ပြည်နယ်၏ ဘုရင်ကို မိမိတို့ စိတ်ကြိုက် ပြည်သူမဲဖြင့် ရွေးကောက် တင်မြောက်ခွင့်မရှိသည့် ဒီမိုကရေစီစနစ်ဖြစ်သည်။
၂၀၁၀ ခုနှစ် အစပိုင်း နန်းတက်ဘုရင် ဦးလှမောင်တင်ကား စစ်တွေမြို့ ကမ်းနားလမ်းကို ဖွင့်ပေးနိုင်ခဲ့သည်။ ရခိုင်အမျိုးသားညီလာခံကို ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် တက်ရောက်နိုင်ခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ်တစ်ဦး၏ လုပ်ပိုင်ခွင့်အရ သူ၏ အစိုးအရအဖွဲ့ ၀န်ကြီးများကို သူ့စိတ်ကြိုက် ၀န်ကြီးများဖြင့် ဖွဲ့စည်းခဲ့သည်။ သူ့လုပ်ပိုင်ခွင့်တွင် မပါသည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက လွဲလျှင် စိတ်ကြိုက်တင်မြောက်ခဲ့သည်။ ဦးလှမောင်တင်မှာ အခွန်ကိစ္စရပ်များ၊ တခြားဒေသဖွံ့ဖြိုးရေးများကို လုပ်ဆောင်ဖို့ ပြင်ဆင်တုန်းမှာပင် လမ်းတ၀က်မှာ ကားဘီးပေါက်သွားခဲ့သည်။ သူ့ဘ၀ကား နှဖူးစာပေါက်သည်နှယ်။ ၂၀၁၂ ခုနှစ် ဇွန်လအရေးအခင်း၊ အောက်တိုဘာလအရေးအခင်း၊ ၂၀၁၃ ခုနှစ် အောက်တိုဘာလအရေးအခင်းတို့ကို မြိန်မြိန်ကြီး စားသုံးရင်း ဖိအားအောက်မှာ မလုပ်တတ် မကိုင်တတ်ဘ၀ဖြင့် နန်းစွန့်သွားခဲ့ရသည်။ ဒုက္ခသည်စခန်းများနှင့် ရခိုင်ပြည်နယ်အနှံ အမာရွက်များကိုသာ ထားနိုင်ခဲ့သည်။ သူ့လက်ထက်တွင် အပေါများဆုံးမှာ ဆန္ဒပြမှုသာဖြစ်သည်။ သူဇာတ်လမ်းကား တခန်းရပ်ခဲ့ပြီ။ အမ်းမြို့နယ်မှ ပြည်နယ်လွှတ်တော် အမတ်အဆင့်ဖြင့်သာ တရားတိုက်မှာလိုလို ၊ ဆေးရုံမှာလိုလို၊ မိသားစုဖြင့် အပန်းဖြေနေသလိုလိုဖြင့် လူမြင်ကွယ်က ပျက်ကွယ်သွားခဲ့ရသည်။
ဦးလှမောင်တင်အလွန်မှာ နောက်ထပ်ဖန် ရခိုင်ပြည်နယ်၏ ရာဇပလ္လင်ထက်ကို တက်ရောက်လာသူမှာ ဗိုလ်ချုပ်မောင်မောင်အုန်း ဖြစ်သည်။ သူ့၏ လာရာကား ဆန်းကြယ်သည်။ ပြည်သူ့မဲဖြင့် တက်ရောက်လာသူမဟုတ်။ အစိပ်သားက လွှတ်တော်ထဲကို မှိန်မှိန်ကြီးထိုင်နေရာမှ ကောက်ကာ ငင်ကာ လွှတ်တော်ထဲကို ခပ်တည်တည် ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။ ဦးမောင်မောင်အုန်းက မျက်လှည့်ပြအလွန်တော်သည်။ အသုံးတော်ခံတော်သည်ဟု သုံးသပ်လျှင် မမှားပေ။ လွှတ်တော်ထဲကို စ၀င်သည့်နေတွင် လွှတ်တော်ထဲမှာ ဒီမိုကရေစီစားသုံးသူ အမတ်မင်းတို့အထဲမှ ကန့်ကွက်သူမရှိ။ ပြိုင်စံရှား ပြည်နယ်ဦးသျှောင်ဖြစ်ခဲ့သည်။ သူတက်လာလျှင် ချက်ချင်း ရေမြောင်းတွေဖောက်၊ လမ်းတွေလုပ်၊ ၇၅ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့မှသည် ရခိုင်ပြည်နယ်နေ့ကို လှလှပပ ကျင်းပသည့်သာမက ရခိုင်သွေးစီးဆင်းမှုကို မိန့်ခွန်းပြောရာတွင် ရခိုင်သံနေသံထားတို့ဖြင့် ပြောကြားခဲ့သေးသည်။ ပြည်သူများမှာ ပြောလို့မဆုံး ဟတ်ဟတ်ပက်ပက်ဖြစ်ခဲ့ရသေးသည်။ ရခိုင်ပြည်နယ်နေ့ကား ပြောလို့မဆုံး ပေါင်သုံးထောင်ဖြစ် ကျန်နေခဲ့သည်။ သူလည်း ကြိုးစားပြီး ရခိုင်ပြည်နယ်ကို လုပ်ဆောင်ခဲ့သည်။ သူကား လူတော်တစ်ဦးပင်။ အမျိုးသားရေးဆိုသည့် စကားကို အသံအကျယ်လောင်ဆုံး သူများကိုပင် ခါးပိုက်ထဲသို့ ထည့်ထားနိုင်ခဲ့သည်။ အံ့ဖွယ်သရဲ။ မကြာပါချေ။ ၂၀၁၅ ခုနှစ် သြဂုတ် ၂၅ ရက်နေ့မှာ ဗိုလ်ချုပ်ရာထူးမှ အပွင့်ကို ဖြုတ်လိုက်ရာ အလိုလိုပင် ၀န်ကြီးဘ၀မှာ ချုပ်ငြိမ်သွားခဲ့သည်။
ပထမဦးဆုံး ဒီမိုကရေစီကား ရခိုင်ပြည်သူတို့ဘ၀မှာ ရင်နင့်ဖွယ်။ နိုင်ငံဦးသျှောင်များက တစ်ယောက်ပြီးတစ်ယောက်။ ဦးမောင်မောင်အုန်းဆင်းမသွားခင် ကျန်ခဲ့သည်မှာ ကိုမန်မုန်းတိုင်းကြောင့် ဒုက္ခပင်လယ်ကြား မနိမေခလာကို စောင့်မျှော်နေဆဲ။ မည်သို့ပင်ဆိုစေ ပြည်ထောင်စုမှ စီမံရာအတိုင်း လိုက်လုပ်နေရသည့် ရခိုင်ပြည်သူတို့ဘ၀ကား ကိုမန်ပင်လယ်ထဲတွင် လက်ပစ်ကူးနေတုန်းပင်။ ဦးမောင်မောင်အုန်းကား လေသံကို တပြားမှ မလျော့ဘဲ ၂၀၁၆ ခုနှစ် နောက်ထပ်တဖန် ရခိုင်သွေးတွေကို စီးဆင်းနိုင်ဖို့ အမ်းမြို့နယ်တွင် ကြိုးစားနေဆဲ။ ရှေ့မည်သို့ဖြစ်လာမည်ကို ဖန်သာပြင်ပေါ်တွင် စောင့်မျှော်ရအုံးမည်။
ဤအထဲတွင် ၂၀၁၅ ခုနှစ် သြဂုတ် ၂၅ တွင် ဦးမောင်မောင်အုန်း နန်းစွန့်သည်နှင့် ချက်ချင်းပင် သြဂုတ် ၂၆ ရက်နေ့တွင် ပူပူနွေးနွေးရခိုင်ပြည်နယ်၏ နန်းတက်ဘုရင် ဦးမြအောင်လည်း ဖြစ်လာခဲ့သည်။ ဦးမြအောင်မှ ပြည်နယ်ဝန်ကြီးချုပ်ဆိုသည်ကို အိပ်မက်ပင် မက်ဖူးလေမည် မဟုတ်။ သို့သော် စည်ပင်ဝန်ကြီးမှသည် စီမံကိန်နှင့် စီးပွါးရေးဝန်ကြီးအဖြစ်ဖြင့် ရခိုင်ပြည်နယ်၏ အစိုးရအဖွဲ့တွင် နေရာယူထားသူ။ ယခုကား ဘုရင်ဖြစ်ကိန်းကြုံလာသောအခါ ဘယ်မှ သွားရှာစရာမလိုဘဲ ဖုဿရထားလာ ဆိုက်သည့်သာမက ရာဇပလ္လင် ဖင်တွင် ကပ်ပါလာသည့်အတွက် ကောက်ကာငင်ကာ ရခိုင်ပြည်နယ် ဦးသျှောင်ဖြစ်သွားတော့သည်။ ဦးမြအောင်သည် မောင်တောမြို့နယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးမှ ၀င်ရောက်လာသူဖြစ်သည်။ သူ့သက်တမ်းမှာ အနည်းဆုံး (၈)လခန့်လောက် ထမ်းဆောင်ရမည်။ မည်သူမှ ကန့်ကွက်၍ မရသလိုပင်၊ ထောက်ခံ၍လည်း မဖြစ်။ သူနန်းတက်ချိန်တွင် ပြည်နယ်ပါလီမန်က ဖျက်သိမ်းထားပြီချိန်ဖြစ်သည်။ နိုင်ငံဦးသျှောင် ဦးသိန်းစိန်၏ အမိန့်အရဟုသာ သိလိုက်ရသည်။ ဦးသိန်းစိန်နှင့် တိုက်ရိုက် စကားပြောဖူးသလားဆိုလျှင် `ခုချိန်ထိတော့ သမ္မတကြီးအနေဲ့ တိုက်ရိုက်ညွှန်ကြားလာတာမရှိသေးပါဘူး။ ဒါပေမဲ့ သမ္မတကြီးက ယုံကြည်လို့သာ အမိန့်ကြော်ငြာစာနဲပ ကျွန်တော့်ကို ခန့်အပ်တာဝန်ပေးတာပေါ့။ သမ္မတကြီးအနေနဲ့ကတော့ တိုက်ရိုက် ဖုန်းနဲ့ ညွှန်ကြားဖို့ဆိုတာကလည်း ကျွန်တော်က အဆင့်အများကြီးငယ်ပတယ်။ အရေးပေါ်လိုအပ်ရင်တော့ တိုက်ရိုက် ညွှန်ကြားချင် ညွှန်ကြားမှာပေါ့´ဟု RSN သတင်းအင်တာဗျူတွင် ဖတ်လိုက်ရသည်။ သိပ်အားရစရာမတွေ့ရသလို အားငယ်စရာလည်း မတွေ့မိ။
ပြည်သူတို့ကြားထဲတွင် အယင်ဦးမောင်မောင်အုန်း လုပ်ခဲ့သည် လုပ်ငန်းများမှာ တိုးလိုးတန်းလန်ဖြင့်သာကျန်ခဲ့သည်။ ဦးမောင်မောင်အုန်းက နောက်ကွယ်မှ စီမံချက်များ ပါလေမလားဟု ဝေဖန်သုံးသပ်ချက်များလည်း ထွက်ပေါ်နေသည်။ လက်မဲကြီး ခေတ်စားနေသည့် ခေတ်မှာ ဦးမောင်မောင်အုန်းက နောက်ကွယ်က လက်မဲကြီးများ ပါလေမလားဆိုသည့် အသံများလည်း ပလုံစီနေသည်။ ထိုကိစ္စရပ်ကိုပင် `ကျွန်တော်ပြောချင်တာကတော့ အရင်ဝန်ကြီးချုပ် လမ်းညွှန်တာ မဟုတ်ပါဘူး။ သူအပါအ၀င် ကျွန်တော်တို့ပါဝင်တဲ့ အစိုးရအဖွဲ့က ရေးဆွဲထားတဲ့ လုပ်ငန်းစီမံကိန်းတွေ ဖြစ်ပါတယ်။ ဒီစီမံကိန်းတွေက ပြည်နယ်အတွက်ရော ပြည်သူအတွက်ပါ ကောင်းပါတယ်။ မြို့ရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေ၊ နောက်တစ်ခါ အများပြည်သူတွေ သာယာမှုတွေအတွက် ပန်းခြံတွေ၊ ဒါတွေက သူအပါအ၀င် ကျွန်တော်တို့အားလုံး ၀ိုင်းဝန်းဆုံးဖြတ်ထားတာဖြစ်ပါတယ်။ ဒီစီမံကိန်းတွေ အောင်မြင်နိုင်ဖို့အတွက် ကျွန်တော်တို့တွေ ဆက်လက်ကြိုးစားရမှာပေါ့။ အရင်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှုမဟုတ်ပါဘူး။ ဒီစီမံကိန်းတွေကို ကျွန်တော်အနေနဲ့ အောင်မြင်အောင် ဆက်လုပ်မှာပေါ့။ အရင်ဝန်ကြီးချုပ်ဦးမောင်မောင်အုန်းအနေနဲ့ ဒါလုပ်ပါ။ ဟိုဟာလုပ်ပါဆိုတာ မျိုးတော့မရှိပါဘူး´ဟု RSN သတင်းမှာ ဆိုထားတယ်။ သို့ရာတွင် သူ့အတွက်တော့ မလွယ်ကူလောက်။ စစ်တွေမြို့ပေါ်မှာပင် လုပ်လက်စ မေယုလမ်းမှာ အစရာအရာမထင်သလို အပေါက်ပေါက် အထွင်းထွင်းတို့ဖြင့် ပြည်သူတို့ ညီးသံကို ကြားနေရသည်။ ပွိုင့်ကမ်းခြေအပြင် စစ်တွေဟိုတယ်အလွန်တွင် လမ်းပြိုပျက်သွားသည့်အတွက် ထိရောက်သည့် အရေးယူမှုမှာ လက်တွန့်နေသည်။
ဦးမြအောင်တက်လာပြီးနောက် စိန်ခေါ်မှုများကား အထပ်လိုက်ကျန်နေခဲ့သည်။ ကိုမန်မုန်းတိုင်းကြောင့် လယ်သမားများ၏ ဘ၀ကို မည်သို့ တည်ဆောက်မည်နည်း။ မည်သို့ အဖက်ဆယ်မည်နည်း။ လယ်တစ်ဧကကို ကျပ် ၇၀၀၀ လျှော်ငွေအဖြစ် ပေးမည်ဟု ပြည်ထောင်စုအစိုးရမှ ချပေးလိုက်သော်လည်း အမှန်တကယ် လယ်သမားများ လက်ထဲသို့ ရောက်သွားချိန်တွင် ၇၀၀၀ ကျပ် မဟုတ်သည်မှာ အမှန်ပင်။ တချို့ဒေသများမှာ ကျပ် ၄၀၀ မှသည် ကျပ် ၅၀၀၀ ထက် မပိုခဲ့ပါ။ သို့သော် ၀န်ကြီးချုပ်ကား သိပါလေစ။ စာသင်ကျောင်းများမှာ အလဲလဲအပြိုပြိုကြားထဲ ရုန်းထနိုင်ဖို့ ပြည်နယ်အစိုးရကို မျှော်နေသည်ဟုပင် ကြားခဲ့ရသည်။ ယနေ့ထိအား မြေပြင်ကြီးထဲမှာ လဲလျောင်းဆဲ။ သည်ကြားထဲ ကျန်းမာရေးက အကဲစမ်းဖို့ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် သူနာပြုဆရာမများနှင့် ဆရာဝန်များကြားက ဆန္ဒဖော်ထုတ်မှုတို့က သက်သေပြထားသည်။ နယ်ဖက်တွေမှာ ကျန်းမာရေးဆိုသည်မှာ လက်စမ်းဆေးနှင့် ယမ်းကုများကြား လုံချာလိုက်နေသည်။ ကျန်းမာရေးတခုခုဖြစ်လာလျှင် နယ်ဘက်မှ လူများသည် ဆေးရုံဆေးခန့်ကို မသွားရဲကြ။ သွားလိုက်လျှင် ကုန်လိုက်သည့် ပိုက်ဆံမှာ သောက်သောက်လဲ။ ပိုက်ဆံနှင့် ကျန်းမာရေးကို အထပ်လိုက် လှဲလှယ်နေရသည်။ `ကျွန်တော်အနေနဲ့ကတောာ့ ပွင့်ပွင့်လင်းလင်းပြောရရင် ရခိုင်သားတစ်ယောက်ဖြစ်တဲ့အတွက် ရခိုင်ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ဖို့အတွက် တတ်နိုင်သလောက် ကြိုးစားသွားပါမယ်´ဟု RSN ဂျာနယ်မှာပင် ရဲရဲကြီးအာမခံထားသည်။ သာဓု သာဓု သာဓုဟုပင် ခေါ်မိသည်။
`ပြောချင်တာကတော့ ကျွန်တော့်က နိုင်ငံတော်သမ္မတကြီးက တရားဝင် တာဝန်ပေးအပ်ထားတဲ့သူဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်ထောင်စုအစိုးရ လုပ်ပိုင်ခွင့်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့လုပ်ပိုင်ခွင့်တွေကို သတ်မှတ်ထားပြီးဖြစ်ပါတယ်။ ပြင်ပက တစ်စုံတစ်ဦးရဲ့ လွှမ်းမိုးချုပ်ကိုင်မှုတွေ၊ ညွှန်ကြားမှုတွေကို မခံဘဲ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ငန်းတွေကို ဘောင်ထဲကနေ ဥပဒေအတိုင်း ပြည်ထောင်စုအစိုးရရဲ့ လမ်းညွှန်ချက်နဲ့ အညီ ကျွန်တော်တို့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ပဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်´ဟု ဆိုထားပြန်သည်။ လမ်းညွှန်ချက်နဲ့အညီပဲ ၀န်ကြီးချုပ်ဟောင်းများ ဆက်လုပ်ခဲ့ခြင်းဖြစ်သည်။ ဤအတိုင်းသာဆိုလျှင် နောက်လာမည့် ၀န်ကြီးချုပ်များသည်လည်း လမ်းညွှန်ချက်အတိုင်းသာ လုပ်ကြရလိမ့်မည်။
သို့သော် ၀န်ကြီးချုပ် ဦးမြအောင်၏ လက်ကျန် ၇ လလောက်တွင် မည်မျှ လုပ်ဆောင်နိုင်မည်ကိုကား စောင့်ကြည့်ရတော့မည်။ သို့ရာတွင် သူ့အတွက် လွယ်ကူလိမ့်မယ်မဟုတ်ချေ။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မောင်တောမဲဆန္ဒနယ်မြေမှ တဖန် ရွေးကောက်ပွဲဝင်မည်ဟု မိုးမခ မီဒီယာတွင် တွေ့လိုက်ရသည်။ ဦးမြအောင်သည် ယနေ့အချိန်ထိ ရွေးကောက်ပွဲအတွက် စည်းရုံရေး မဆင်းနိုင်သေး။ လက်မကျ ခြေမကျသည့် ကသောင်းကနင်နိုင်စွာပင် သူ၏ ပြည်နယ်ဝန်ကြီးချုပ်ဘ၀ကို ဖြတ်ကျော်နေရသည်။ အရင်ဝန်ကြီးချုပ်ဟောင်းများ၏ မပြတ်ဘဲ ကျန်နေခဲ့သည် လုပ်ငန်းများကို လက်စသိမ်းနိုင်ခဲ့မည်လား။ ပြည်ထောင်စုအစိုးရ၏ ထိန်းကျောင်းမှုအောက်မှာ ရွေးကောက်ပွဲကာလကို တည်တည်ငြိမ်ငြိမ်ထိန်းကျောင်းသွားနိုင်မည်လားဆိုသည်မှာ စောင့်ကြည့်ရတော့မည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ရခိုင်ပြည်နယ်၏ ပ်ြညနယ်ဦးသျှောင် ၃ ဦးတွင် ဦးလှမောင်တင်မှာ ရခိုင်တစ်ဦးဖြစ်သလို ဦးမြအောင်မှာလည်း ရခိုင်တစ်ဦးဖြစ်သည့်အတွက် ပြည်သူများမှာ ကျေနပ်မိကြသည်မှာ အမှန်ပင်ဖြစ်သည်။

post by သာထွန်း
No comments:
Post a Comment