Saturday, October 10, 2015

မူးယစ်ဆေး ချောက်ကမ်းပါးသို့

မူးယစ်ဆေး ချောက်ကမ်းပါးသို့
----------------------------------

ရုတ်တရက်ဆိုပါက သာမန်ကွမ်းယာဆိုင် တစ်ခုဟု ထင်မှတ်မှားစရာ ရှိသည်။ သို့သော် ...
အမျိုးသားဘော်ဒါဆောင်ဟု ဆိုင်းဘုတ်တပ်ထားသည့် အဆောက်အအုံ၏ ဘေးကပ်လျက်မှ သပ်သပ်ရပ်ရပ် ဆောက်လုပ်ထားသော ကွမ်းယာဆိုင်၏ အတွင်းသို့ ယူနီဖောင်းဝတ် တက္ကသိုလ်ကျောင်းသားအချို့ ဝင်လိုက်ထွက်လိုက်ဖြင့် စည်ကားနေသည်။ တစ်ခါတစ်ရံ ကျောင်းသူအချို့ပင် ကွမ်းယာဆိုင်လေးတွင်းသို့ ဝင်ရောက်ပြီး ပြန်ထွက်သွားကြသည်။

ယင်းမြင်ကွင်းကား သာမန် ကွမ်းယာစားသော တက္ကသိုလ်ကျောင်းသားများနှင့် ကွမ်းယာရောင်းသော ဆိုင်ကလေးဟုသာ ထင်မြင်ဖွယ်ရှိသည်။
အဆိုပါ ကွမ်းယာဆိုင်လေးသည် မလှမ်းမကမ်းရှိ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တစ်ခုမှ ကျောင်းသားကျောင်းသူ အချို့အတွက် ယာဘ (ခေါ်) စိတ်ကြွမူးယစ်ဆေး ဖြန့်ဖြူးရာ အသေးစား ဌာနချုပ်လေးပင် ဖြစ်ကြောင်း ယင်းတက္ကသိုလ် အနီးတဝိုက် နေထိုင်သူများနှင့် ကျောင်းသားကျောင်းသူတိုင်း နီးပါးက သိရှိထားကြသည်။
မြန်မာနိုင်ငံ အလယ်ပိုင်းရှိ အကြီးမားဆုံး တရုတ်ဆိုင်ကယ် ဈေးကွက်တည်ရှိရာ မိတ္ထီလာမြို့သည် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်မြို့တစ်မြို့ ဖြစ်ပြီး နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တည်း ဟူသော တက္ကသိုလ်လေးခု တိတိ ရှိသည့် မြို့ကြီးတစ်မြို့ ဖြစ်သည်။ ယင်းတက္ကသိုလ်လေးခုတွင် မိတ္ထီလာခရိုင်နှင့် အနီးတဝိုက် အညာဒေသမှ ကျောင်းသားလူငယ်များ၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် စသည့် ပြည်နယ်တို့မှ ကျောင်းသားငယ်များ ပညာတက်ရောက် ဆည်းပူးနေပြီး ကျောင်းသားကျောင်းသူ လူငယ်အများဆုံး ရှိနေသည့် မြို့များထဲမှ တစ်ခု အပါအဝင်လည်း ဖြစ်သည်။
‘အစဉ်တင့်ထူး၊ ဝါလဦး- သမ္မတ-ဦးသိန်းစိန်- မိတ္ထိလာ.မြောက်ကန်, တူး’ စာချိုးဖြင့် ပြီးခဲ့သည့် ရက်ပိုင်းကမှ သမ္မတ ဦးသိန်းစိန် လာရောက်ခဲ့သော မိတ္ထီလာမှာ ယခုအချိန်တွင်တော့ မူးယစ်ဆေးဝါး ချောက်ကမ်းပါးအစွန်းတွင် ရောက်ရှိနေချေပြီ။
မိတ္ထီလာ တစ်မြို့တည်းသာ မဟုတ်ပါ။ ကျန်သော အပေါင်းအပါ မြို့များလည်း နိုင်ငံအနှံ့ တစ်ပုံတစ်ပင်။ ထိုသို့ မူးယစ်ဆေး၏ ချောက်ကမ်းပါးစွန်းသို့ ရောက်ရှိနေသည့် မြို့များ တစ်နိုင်ငံလုံးတွင် မည်မျှခန့် ရှိနေပြီနည်း။
ဆေးနှင့် ကျောင်းသား
ယခုတော့ ဆေးနှင့် ကျောင်းသား ခွဲမရ ဖြစ်လာပြီလား။
တစ်ခါတစ်ခါ တွေ့ရတတ်သော စုံတွဲကလေးများသည်လည်း ရေသန့်ဗူးပိုက်များဖြင့် တစ်ယောက်နှင့် တစ်ယောက်တစ်လှည့် စီရှုနေကြသည်ကို တွေ့ရလေ့ရှိကြောင်း ဆိုလာသူမှာ မိတ္ထီလာမြို့၊ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တစ်ခု အနီးရှိ ပြည်ထောင်စု တိုးချဲ့ရပ်ကွက်တွင် နေထိုင်သူ ဦးစံလှ ဖြစ်သည်။
“ကလေးတွေက အတော်တော်အခြေအနေ ဆိုးနေပြီ” ဟု သူက ပြောသည်။
ကျောင်းနှင့် အနီးတဝိုက်တွင်လည်း စိတ်ကြွ မူးယစ်ဆေးဝါးကို အလွယ်တကူ ဝယ်ယူနိုင်သော နေရာများရှိနေသည်။ မူးယစ်ဆေး သုံးစွဲမှု၏ နောက်ဆက်တွဲအဖြစ် ပြင်ပအဆောင်နေ ကျောင်းသားကျောင်းသူ အချင်းချင်း ဆိုင်ကယ်ခိုးယူမှုများ၊ နည်းပညာတက္ကသိုလ်သုံး တန်ဖိုးကြီး ဂဏန်းပေါင်းစက် ခိုးယူမှုများ များပြားလာကြောင်း မိတ္ထီလာ နည်းပညာတက္ကသိုလ်တွင် လေးနှစ်ကြာ ပညာဆည်းပူးနေသူ ကိုဝေယံမင်းက ဆိုသည်။
“ကျွန်တော့်မျက်မြင်အရ ပြောရရင်တော့ ကျောင်းသားရော ကျောင်းသူရော ၆၀ ရာခိုင်နှုန်း ကျော်လောက်က အသီးစွဲနေကြပြီပဲ။ ခေါင်းချိုးစားပြီး ကျောင်းသားအချင်းချင်း ပြန်ဖြန့်တာ။ အရင်ကဆို ကျောင်းသားထဲကပဲ ရှိတာ အခုနောက်ပိုင်း ကျောင်းသူတွေပါ ခေါင်းချိုးပြီး ပြန်ဖြန့်ကျတာ ရှိလာတယ်” ဟု ကိုဝေယံမင်းက ပြောကြားသည်။
ခေါင်းချိုးစားပြီး ဖြန့်သည်ဆိုသည်မှာ မူးယစ်ဆေး ရောင်းဝယ်သူများထံမှ ကိုယ်စားလှယ်ယူပြီး စိတ်ကြွဆေးပြား ၁၀ ပြားခန့် ဖြန့်နိုင်လျှင် တစ်ပြားကို ကော်မရှင်အဖြစ် သုံးစွဲခွင့်ရသည်ကို ဆိုလိုခြင်းဖြစ်သည်။
ဆေးဖိုးမတတ်နိုင်တော့သူ ကျောင်းသားအများစုမှာ မိမိဆေးသုံးစွဲနိုင်ရေး အတွက် အခြားကျောင်းသားအများစုအား မူးယစ်ဆေး သုံးစွဲတတ်စေရန် ဖျားယောင်းသိမ်းသွင်းပြီး မူးယစ်ဆေးများ ပြန်လည်ရောင်းချကာ ကော်မရှင်ခအဖြစ် ရသောဆေးကို သုံးစွဲလေ့ ရှိကြသည်။ ထို့သိုဖြင့် ကျောင်းသားထုအတွင်း မူးယစ်ဆေးကွန်ရက် ကြီးကြီးမားလာခြင်း ဖြစ်ကြောင်း ကိုဝေယံမင်းထံမှ သိရသည်။
မိတ္ထီလာမြို့တင်မက မုံရွာ၊ ကောလင်း အစရှိသော ချင်းတွင်းမြစ်ညာ ဒေသများတွင်လည်း ၂၀၁၄ ခုနှစ် နောက်ပိုင်း ယာဘ ခေါ် စိတ်ကြွမူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများ ပိုမိုများပြားလာကြောင်း စာရင်းဇယားများအရ သိရသည်။
၂၀၁၄ သြဂုတ်လ တစ်လအတွင်းတွင် ပျမ်းမျှသုံးရက်လျှင် တစ်မှုနှုန်းခန့် ဖမ်းမိခဲ့ပြီး မူးယစ်ဆေးဝါး ဖမ်းဆီးမှု အမြင့်ဆုံးဖြစ်ခဲ့ကြောင်း၊ မူးယစ်ဆေးဝါး အရောင်းအဝယ် လုပ်ကိုင်နေသူများထဲတွင် ကျောင်းဆရာတစ်ဦး ပါဝင်နေသည့် ထူးခြားဖြစ်စဉ်များပင် ရှိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့စု (၄) ရှိ ဒုရဲမှူးတစ်ဦးက အတည်ပြုသည်။ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိကာ ပြန်လည်ရောင်းချသည့် ကျောင်းဆရာမှာ ကလေးဝမြို့နယ် ကိုင်းဇီးဒေါင့်ကျေးရွာတွင် နေထိုင်ပြီး ကိုင်းရွှေတောင် အ.မ.က ကျောင်းမှ ကျောင်းဆရာတစ်ဦး ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ထိုမှုခင်းများအရဆိုလျင် မိတ္ထီလာကဲ့သို့ပင် အခြားမြို့များတွင်လည်း မူးယစ်နွံတွင်းသို့ လူငယ်လူလတ် ကျောင်းသားဝန်ထမ်း လူတန်းစားမရွေး နစ်မြုပ်စပြုနေသည်က အသေအချာ။
အခြားနမူနာတစ်ခုမှာ ထားဝယ်မြို့ ဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက မြို့ပေါ်ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ကိုးတန်းကျောင်းသားတစ်ဦးထံက ရာဘဆေးပြား ၁၀၀ ကျော် ဖမ်းမိခဲ့သည်။
ယခင်က ကော့သောင်းကဲ့သို့သော နယ်စပ်မြို့များတွင်သာ မူးယစ်ဆေး အလွယ်တကူ ဝယ်ယူနိုင်သော်လည်း ယခုအခါ တိုင်းဒေသကြီး မြို့တော် ထားဝယ်ကဲ့သို့သော နေရာများအထိ မူးယစ်တစ္ဆေစတင် ကပ်ငြိလာပြီ ဖြစ်သည်။
ဖမ်းမိသော ကျောင်းသား တက်ရောက်နေသောကျောင်းမှာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ရုံးစိုက်ရာ အစိုးရဖွဲ့ရုံးမှ မျက်စောင်းတစ်ချက်စာသာသာတွင်သာ ရှိသည်။ ယင်းဒေသတွင်လည်း တက္ကသိုလ်အသီးသီးတွင် သာမက မြို့ပေါ်အထက်တန်း ကျောင်းအချို့သို့ပါ စိမ့်ဝင်ပျံ့နှံ့နေပြီ ဖြစ်သည်။
ကမ္ဘာပေါ်တွင်ပါ မူးယစ်ဆေးထုတ် နိုင်ငံကြီးအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားသော မြန်မာနိုင်ငံ၏ နယ်စပ်မြို့များတွင်သာ မူးယစ်ဆေး ဝယ်ခြမ်းရ လွယ်သည်၊ သုံးစွဲသူများရှိသည် ဆိုသည်မှာ အတိတ်ဖြစ်သွားပေပြီ။
ယခုအခါ မိတ္ထီလာ၊ ကောလင်း၊ မုံရွာကဲ့သို့သော မြန်မာနိုင်ငံအလယ်ပိုင်းရှိ မြို့များသို့သာ လမ်းပေါင်းစုံမှတစ်ဆင့် ဝင်ရောက်နေပြီ ဖြစ်သည်။
ဆေး - လမ်းကြောင်း
မိတ္ထီလာမြို့ အနီးတဝိုက် ဈေးကွက်အရ ပန်းရောင်ယာဘ စိတ်ကြွဆေးပြား တစ်ပြားလျှင် ၃၅၀၀ ကျပ်မှ ၅၀၀၀ ကျပ် အထိ ဈေးအတက်အကျ ရှိတတ်သည် အစိမ်းရောင် ဆေးပြားမှာမူ ထို့ထက်ဈေး နှစ်ဆခန့်မြင့်ကြောင်း မူးယစ်ဆေးသုံးစွဲသူ အချို့ထံမှ သိရသည်။
“အခုက မြို့ထဲမှာ ဆေးလိုချင်ရင် ဖုန်းနဲ့သာချိတ်လိုက်။ မိနစ်ပိုင်းအတွင်း ကိုယ့်လက်ထဲ ရောက်လာတဲ့ အနေအထားပါ” ဟု ကိုနိုင်မင်းက ဆိုသည်။
နယ်စပ်မြို့တစ်မြို့ မဟုတ်သော်လည်း နယ်စပ်မြို့အလား ဈေးချိုပြီး ပေါများလှသည့် စိတ်ကြွဆေး ဈေးကွက်ကြီးသည် မိတ္ထီလာကဲ့သို့ မြန်မာပြည်အလယ်ပိုင်း မြို့ကြီးတစ်မြို့တွင် အဘယ်ကြောင့် အားကောင်းခဲ့ပါသနည်း။
အဓိကလက်သည်မှာ ၂၀၀၅ ခုနှစ် ခန့်ကတည်းက ခေတ်စားလာသော ဆိုင်ကယ်ဝယ်ရောင်း စီးပွားရေးဟု ဆိုကြသည်။
“ဆိုင်ကယ်မောင်းဆင်းသူတွေက ဟိုကနေ ယာဘမူးယစ်ဆေးသုံးတဲ့ အကျင့်ကို ဒီအထိ သယ်လာတယ်” ဟု ဆိုင်ကယ်သွားဝယ်ရာ တရုတ်နယ်စပ်မူဆယ်ကို ရည်ညွန်းရင်း ကိုနိုင်မင်းက ဆိုသည်။
မိတ္ထီလာမြို့သည် ၂၀၀၅ ခုနှစ်ခန့်မှ စတင်ကာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ အများစုအတွက် တရုတ်နိုင်ငံထုတ် ဆိုင်ကယ်များ ဖြန့်ဖြူးရောင်းဝယ်ရာ တစ်နေရာ ဖြစ်လာခဲ့သည်။
တရုတ်နိုင်ငံလုပ် ဆိုင်ကယ်များအား မူဆယ်-ကျယ်ခေါင်ဘက်မှ တစ်ဆင့် တစ်ပိုင်တစ်နိုင် ဝယ်ယူမောင်းဆင်းပြီး ပြန်လည်ရောင်းချသည့် အလုပ်က မြို့၏ အဓိက စီးပွားရေးတစ်ခုသဖွယ် ဖြစ်လာသည်။
၂၀၀၉ ခုနှစ် နောက်ပိုင်း ဆိုင်ကယ်လုပ်ငန်း လုပ်ကိုင်သူ များပြားလာပြီး ရောင်းလိုအားနှင့် ဝယ်လိုအား မမျှမတဖြစ်ကာ ဆိုင်ကယ်တစ်စီးလျှင် ၅၀၀၀ ကျပ်မှ တစ်သောင်းကျပ်ခန့်သာ အမြတ်ငွေ ကျန်တော့သည်။ ထို့ကြောင့် မူဆယ်ဘက်မှ ဆိုင်ကယ်ဝယ်ကာ မောင်းဆင်းသူများအဖို့ အမြတ်ငွေများများ ကျန်ရှိစေရန် အခြားမှောင်ခိုပစ္စည်းများနှင့်အတူ မူးယစ်ဆေးဝါးများကိုပါ သယ်ဆောင်လာလေ့ ရှိကြောင်းလည်း မိတ္ထီလာမြို့ ဆိုင်ကယ်ဈေးကွက် အတွင်းရှိ ကုန်သည်များထံမှ သိရသည်။
“တစ်နေ့ကို တရုတ်ဆိုင်ကယ်အစီး ၄၀ လောက် ပုံမှန်ဝင်တယ်။ ဆိုင်ကယ်တစ်စီးကို ဆေးပြား ထောင်ဂဏန်းနဲ့ချီပြီး ထည့်လာလို့ ရတယ်ဆိုတော့ စဉ်းစားသာကြည့်တော့” ဟူသော မိတ္ထီလာမြို့ ဝန်ဇင်းရပ်ကွက်မှ ကုန်သည်တစ်ဦးဖြစ်သူ ကိုတိုးတိုး၏ စကားက ထောက်ချင့်စဉ်းစားဖွယ် ဖြစ်သည်။
“ဖောက်တိုင်တို့ လက်ကိုင်အစွပ်တို့ထဲမှာ ထည့်လို့ရတယ်။ တခြားမှောင်ခိုပစ္စည်းတွေ ခေတ်မကောင်းတော့ ဒီဆေးပြားကိုပဲ အရသယ်ကြတော့တယ်” ဟု သူက ဆက်ပြောသည်။
ယခုနောက်ပိုင်းတော့ ဆိုင်ကယ်နှင့်သယ်သည့် လမ်းကြောင်းအပြင် ရှမ်းပြည်တောင်ပိုင်းနှင့် ကယားပြည်နယ်ဈေးကွက်တို့မှ မော်တော်ကား၊ လိုင်းကားများဖြင့် တစ်ပိုင်တစ်နိုင် သယ်ဆောင်လာခြင်းများ ရှိနေပြီဖြစ်ကြောင်း ကိုတိုးတိုးက ထပ်မံဖြည့်စွက် ပြောကြားသည်။
မိတ္ထီလာမြို့အနီးရှိ ဘုရားငါးဆူလမ်းခွဲမှ တစ်ဆင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်းနှင့် ကယားပြည်နယ်တို့သို့ သွားနိုင်သည့် မော်တော်ကားလမ်းများလည်း ရှိနေသည်။
“မူဆယ်ကနေ ဒီအထိ လမ်းကြောင်းအရှည်ကြီးမှာ ဂိတ်တွေအများကြီး ရှိနေတယ်။ သက်ဆိုင်ရာတွေလည်း အထပ်ထပ်ရှိတယ်။ တခြားဘာမဟုတ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကျ မှောင်ခိုဆိုပြီး လမ်းခရီးတစ်လျှောက် စစ်ဆေးသူတွေက သိမ်းတာတွေ ဆည်းတာတွေ ရှိတယ်။ မူးယစ်ဆေးကျတော့ ဒီလောက်လွတ်နေတာ ဘာကြောင့်လဲ” ဟု မိတ္ထီလာမြို့မှ ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ဒေါ်မြင့်မြင့်အေးက မေးခွန်းထုတ်သည်။
မိတ္ထီလာသည် ဆိုင်ကယ်နည်းတူ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ အခြားမြို့များသို့ ဆေးဝါးဖြန့်နေသည့် မြို့တစ်ခု မဖြစ်နိုင်ဟု မည်သူ တပ်အပ်ပြောနိုင်မည်နည်း။
ဘေးထွက်ဆိုးကျိုး
မြို့တွင်းမူးယစ်ဆေးဝါး သုံးစွဲသူများ များပြားလာသည်နှင့်အမျှ လုယက်မှုများကလည်း များပြားလာကြောင်း မြို့ခံများက ဆိုကြသည်။ အထူးသဖြင့် ဆိုင်ကယ်လုယက်မှု ဖြစ်သည်။ အချို့လုယက်မှုမှာ ရဲစခန်းဘေးတွင် ဖြစ်ပွားခဲ့သည်။
“ဒီတစ်လအတွင်းမှာတင် လုယက်မှု ခြောက်မှုလောက် ကြားနေရတယ်။ ဆိုင်ကယ် အလုခံရတာတွေလဲ ခဏခဏပဲ” ဟု ဆိုလာသူက မိတ္ထီလာမြို့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုသီဟ ဖြစ်သည်။
လုယက်သူ အများစုမှာ ဆင်းရဲနိမ့်ကျနေသည့်လူများ မဟုတ်ဘဲ လူကုံထံမိသားစုများမှ လူငယ်အချို့ ဖြစ်နေတတ်သဖြင့် တစ်ခါတစ်ရံ ရဲစခန်းတွင် အမှုမဖွင့်ဘဲ မိဘများနှင့်ပင် အလျော်ပေး ကြေအေးလိုက်သည်များ ရှိကြောင်း ကိုသီဟက ဖြည့်စွက်သည်။
မကြာသေးမီက သမ္မတဦးသိန်းစိန် ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့သည့် မိတ္ထီလာ ကန်ဘောင်သည်လည်း ဆိုင်ကယ်လုလိုသူတို့၏ ပစ်မှတ်တစ်ခုတွင် ပါသည်။ ကန်အသစ် ပြုပြင်ပြီးနောက်ပိုင်း ညပိုင်း ကန်ဘောင်တွင် လမ်းလျှောက်သူများအား ပစ်မှတ်ထား လုယက်မှုများလည်း ပိုမိုများပြားလာကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှ ရဲအုပ်တစ်ဦးမှ အတည်ပြုသည်။
“ဒီမြို့ဟာ လုံးဝမလုံခြုံတော့ဘူး” ဟု ကိုသီဟက ပြောသည်။
မူးယစ်ဆေးဝါး သုံးစွဲသူများ များပြားလှသည့် မြို့တစ်မြို့ ဖြစ်လာနေသော်လည်း မိတ္ထီလာမြို့တွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (MANA) ကဲ့သို့သော မူးယစ်ဆေးနှင့် ပတ်သက်သည့် NGO အဖွဲ့များ တစ်ခုမှ မရှိသည်ကလည်း မြို့၏ ထူးခြားချက်တစ်ခု ဖြစ်သည်ဟု မြို့ခံများက ဆိုသည်။
“တရားရုံးမှာလည်း တစ်နေ့တစ်နေ့ လူငယ်တွေချည်း များနေတယ်။ မူးယစ်ဆေးဝါးအမှု၊ လုယက်မှုတွေနဲ့ လူငယ်လူရွယ်တွေချည်းပဲ” ဟု မိတ္ထီလာမြို့ခံ တရားလွှတ်တော်ရှေ့နေ ဒေါ်ဟန်စုယဉ်ကလည်း ဆိုပြန်သည်။
ဘယ်သူ့တာဝန်လဲ
မိတ္ထီလာကဲ့သို့ အလယ်ပိုင်းမြို့များ၏ မူးယစ်ပြသနာကို ဖြေရှင်းဖို့ အသာထား။
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့တွင် လွန်ခဲ့သည့် ဇူလိုင် ၂၆ ရက်က မင်္ဂလာဒုံမြို့နယ်ရှိ ခြောက်လမ်းသွား လမ်းမပေါ်တွင် မတော်တဆ ဖမ်းဆီးရမိခဲ့သည်။ ကျပ်သန်းပေါင်း ၁၃၃ ဘီလီယံ၊ အမေရိကန်ဒေါ်လာ ၁၃၃ သန်းကျော်ဖိုး ရှိသည့် ထိုပိုင်ရှင်မဲ့ဟူသော စိတ်ကြွဆေးပြား ၂၆၇ သိန်း ဖြစ်စဉ်မှတစ်ဆင့် နောက်ထပ် ကွင်းဆက်များအဖြစ် ဆက်တိုက်ဖမ်းမိနေသော ထောင်ချီသည့် ပိုင်ရှင်မဲ့ဆေးပြားများ ဖြစ်စဉ်ကပင် ကွင်းဆက်လို့ မပြီးနိုင်သေး။
ကမ္ဘာပေါ်တွင် ဘိန်းထုတ်လုပ်မှု ဒုတိယအများဆုံး နိုင်ငံအဖြစ်လည်း သတ်မှတ်ခံရသည့် မြန်မာနိုင်ငံတွင် စိတ်ကြွဆေး ထုတ်လုပ်ရန်အတွက် လိုအပ်သော ကုန်ကြမ်းအဖြစ် အသုံးပြုသည့် ဓာတုပစ္စည်းများမှာ ပြည်တွင်းတွင်မရှိဘဲ ထိုပစ္စည်းများအား အိမ်နီးချင်းနိုင်ငံများမှ ဝင်ရောက်လျက်ရှိကြောင်း မူးယစ်ဗဟိုမှ ထုတ်ပြန်ချက်များအရ သိရသည်။
စိတ်ကြွဆေး ထုတ်လုပ်ရာတွင် အဓိက ကုန်ကြမ်းအဖြစ် ပါဝင်သည့် ဆူဒိုအက်ဖတမင်း ပါဝင်သော အိမ်သုံးဆေးဝါးများ ဖမ်းဆီးရမိမှု အနေဖြင့် မြန်မာ-အိန္ဒိယ နယ်စပ်ဝင်ပေါက်များမှ အများဆုံး ဖမ်းဆီးရမိသည်ကို တွေ့ရှိရသည်။
တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်တွင်လည်း မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်း ဖမ်းဆီးရမှုမှာ အိန္ဒိယပြီးလျှင် ဒုတိယအများဆုံး ဖြစ်ကြောင်း သိရသည်။
အာရှနှင့် ပစိဖိတ်ဒေသတို့တွင် သုံးစွဲမှု အများဆုံးဖြစ်သည့် မီသမ်ဖီတာမင်းဆေးဝါး ထုတ်လုပ်ရာ အဓိက နိုင်ငံများတွင်လည်း မြန်မာပါဝင်ကြောင်း UNODC ၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ၌ ဖော်ပြထားသည်။
အမေရိကန်နိုင်ငံမှ ထုတ်ပြန်သော အစီရင်ခံစာတစ်ရပ်အရ မြန်မာမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မအောင်မြင်သော နိုင်ငံအဖြစ် ဗင်နီဇွဲလား၊ ဘိုလီးဗီးယားတို့နှင့်အတူ စာရင်းသွင်းခံထားရသည်။
မူးယစ်ဆေးပြားများ နှစ်စဉ် မီးရှို့ပြသရင်း ဈေးကွက်အတွင်းလည်း နှစ်စဉ်တိုးလာနေသည်။ ဈေးကွက်လည်း ပိုကျယ်လာသည်။
ယခင်က စိတ်ကြွမူးယစ်ဆေးဝါး သုံးစွဲမှုများမှာ မြန်မာနိုင်ငံ နယ်စပ်ဒေသများနှင့် နီးကပ်သော ပြည်နယ်ဒေသများသာ ဖြစ်သော်လည်း ယခုအခါ မိတ္ထီလာကဲ့သို့ မြန်မာနိုင်ငံအလယ်ပိုင်း မြို့များအထိ ပျံ့နှံ့ဝင်ရောက်လာနေပြီ ဖြစ်သည်။
တက္ကသိုလ်များ စုဝေးရာ တက္ကသီလာမြို့၊ တောင်ပေါ်မြေပြန့် ကားလမ်းများ ဆုံဆည်းရာမြို့၊ လွန်ခဲ့သည့်နှစ်များက ဘာသာရေး လူမျိုးရေး ပဋိပက္ခများကြောင့် မီးလောင်ပုံဘဝ ရောက်ခဲ့ရသည့် အစွန်းရောက် အမုန်းတရား၏ ဓားစာခံ မြို့တစ်မြို့ ဖြစ်ခဲ့သည့် မိတ္ထီလာသည် လတ်တလော အခြေအနေတွင် မူးယစ်ဆေးဝါး ချောက်ကမ်းပါး၏ လက်တစ်လုံးအလိုတွင် ရောက်ရှိနေပြီ ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း နောက်ထပ် မိတ္ထီလာမြို့များ အဘယ်မျှ ရှိနေပြီနည်း။
ထိလာတက္ကသိုလ်အနီး ကွမ်းယာဆိုင်လေးတွင်မူ ကျောင်းသားကျောင်းသူတို့ အဝင်အထွက် စည်ကားမြဲ။
ခက်ဇော် (KZ)
The Voice

No comments:

Post a Comment