Saturday, October 10, 2015

အလျော်အစားကြီးမည့် ဒေါ်စု၏ ရခိုင်ပြည်ခရီးစဉ်

· October 9 at 2:41pm ·
Development Media Group
အလျော်အစားကြီးမည့် ဒေါ်စု၏ ရခိုင်ပြည်ခရီးစဉ်
ဝေဟင်အောင် - Article
၂၀၁၅ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့က စတင်ပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲအတွက် စည်းရုံးရေးကာလအဖြစ် ရက်ပေါင်း (၆၀)ကို ရွေးကောက်ပွဲ ကော်မရှင်းက တရားဝင်သတ်မှတ်ခဲ့သည်။ စည်းရုံးရေးကာလ ရက်ပေါင်း (၆၀)ကို စတင်ဖွင့်လှစ်လိုက်သည်နှင့်တပြိုင်နက် အလှုပ်ခတ်ဆုံး ပါတီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဖြစ်သည်။ NLD သည် ဒေါ်စုကို တည်ထားပြီး နယ်မြေအများအပြားကို နေ့စဉ်နှင့် စည်းရုံးရေးဆင်းနေသည်ကို တွေ့ရှိရသည်။ ဒေါ်စုပါဝင်စည်းရုံးသည့်ပွဲတိုင်းကလည်း ၀က်ဝက်ကွဲ စည်းကားသည်။ ယနေ့အချိန်ထိ ဒေါ်စုလောက် လူထုထောက်ခံမှုကို ရရှိထားသည့် ခေါင်းဆောင်ကိုလည်း ပြည်ပအပါအ၀င် တိုင်းရင်းသားဒေသများမှာပင် မတွေ့ရသေးပေ။ ဒေါ်စုနောက်တွင် ဒုတိယ သြဇာအရှိဟု သတ်မှတ်ရမည့် ၈၈ မျိုးဆက်ထဲမှ ဦးမင်းကိုနိုင်၊ ဦးကိုကိုတို့ရှိကြသော်လည်း နိုင်ငံရေးနှင့် ကင်းလွှတ်နေသည်။ နိုင်ငံရေးနွယ်သော လူမှုလုပ်ငန်းလောက်သာ လုပ်ကိုင်နေကြသည်။ သို့ရာတွင် ဒေါ်စုကိုယ်တိုင်းကလည်း ၂၀၁၅ ခုနှစ် အမတ်လောင်ရွေးချယ်ရေးတွင် ၈၈ မျိုးဆက်အဖွဲ့မှ ဦးကိုကိုကြီးအပါဝင် တခြားခေါင်းဆောင်များကို ချန်ထားခဲ့သည်။
NLD ပါတီသည် ပြည်မဘက်တွင် အတော်အသင့် ကြီးစိုးထားနိုင်သည်ဟု သုံးသပ်မိသည်။ NLD နောက်တွင် ၈၈ နိုင်ငံရေးမျိုးဆက်အပါအ၀င် ရုပ်ရှင်အသိုင်းအ၀ိုင်း၊ စာပေအသိုင်းအ၀ိုင်း၊ အနုပညာနယ်ပယ်စုံမှ ၀ိုင်းရံထားသည်ကိုလည်း တွေ့ရသည်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြောင်းလဲဖို့အတွက် ပြည်ထောင်စု၏ လွှတ်တော်နှစ်ရပ်ဖြစ်သော အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကို ထိန်းချုပ်နိုင်ဖို့ အသဲအသန်ကြိုးစားလာသည်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အခြေခံဥပေဒကို လွှတ်တော်မှ ပြင်ဆင်မည်ဟု ကြွေးကြော်သံနှင့်အတူ ဒေါ်စုအပါအ၀င် သူတို့ပါတီမှ ကိုယ်စားလှယ်များက လွှတ်တော်တွင် ၀င်ရောက် နေရာယူခဲ့ကြသည်။ သို့သော်လည်း မှန်းချက်နှင့် နှမ်းထွက်မကိုက်ခဲ့။ လွှတ်တော်မှသည် ခြောက်ပွင့်ဆိုင်ထိ ကြိုးစားကြည့်ခဲ့သေးသည်။ သို့သော်လည်း စစ်တပ်မှ ၂၅%နှင့် ယူနီဖောင်းပြောင်းပြီး လွှတ်တော်ထဲတွင် ကြံ့ခိုင်ရေးပါတီမှ အခိုင်အမာနေရာယူထားခဲ့သည့်အတွက် အလုပ်မဖြစ်ခဲ့ချေ။ ထိုအချက်ကို ကောင်းကောင်းတွေ့ကြုံလိုက်ရသော NLD သည် ၂၀၁၅ ခုနှစ်တွင် ထိုကဲ့သို့ အမှားမျိုးထပ်မဖြစ်အောင် အသဲအသန်ကြိုးစားလာသည်။
သို့သော်လည်း ပြည်မတွင် မဲအပြတ်အသတ်အနိုင်ရသည့်တောင်မှ ပြည်ထောင်စု လွှတ်တော်ကို ပြည်မမဲဖြင့် လွှမ်းမိုးနိုင်သည့်အခြေအနေ မရှိချေ။ ပြည်ထောင်စုလွှတ်တော်ကို လွှမ်းမိုးနိုင်ဖို့အတွက် တိုင်းရင်းသားဒေသများကို မျက်စပစ်လာသည်။ တိုင်းရင်းသားဒေသများမှ မဲများကိုပင် လိုချင်လာသည်။ တိုင်းရင်းသားဒေသများနှင့် မဟာမိတ်ပြုရေး မပြုရေးသည် နောက်ပိုင်းကဏ္ဍဟု သဘောထားခြင်းလည်း ဖြစ်နိုင်သည်။ နောက်ပိုင်းတွင် NLD မှ လွှတ်တော်ထဲကို ပါနိုင်သမျှ ပါအောင် နေ့မအား ညမအား ကြိုးစားလာသည်။ တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားပါတီများ အဓိက နေရာယူထားသော်လည်း NLD က ရသည့်နည်းနှင့် ထိုးဖောက်သွားမည်ဆိုသည့် သဘောထားများကို တွေ့လာရသည်။ ထိုအထဲတွင် အယင်ဆုံး မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့ကို စည်းရုံးရေးဆင်းထားပြီးကိုလည်း တွေ့ရသည်။
ယခုတဖန် နောက်ဆုံး ရခိုင်ပြည်နယ်ကို မျက်စပစ်လာပြီဖြစ်သည်။ ယခုရက်ပိုင်းတွင် ရခိုင်ပြည်နယ်၏ နိုင်ငံရေးစိတ်ဝင်စားသူများအကြား အလှုပ်ခတ်ဆုံး သတင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်စုကြည်၏ ရခိုင်ပြည်နယ် မဲဆွယ်စည်းရုံးရေး ခရီးစဉ်ဖြစ်သည်။ ဒေါ်စုခရီးစဉ်နှင့် ပတ်သတ်၍ ကနဦးသတင်းများအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟို ရန်ကုန်ဌာနမှ `အောက်တိုဘာ တတိယအပတ်ကို ရခိုင်ပြည်နယ်ရှိ သံတွဲ၊ တောင်ကုတ်နဲ့ ဂွမြို့နယ်တို့ကို သွားရောက်မှာပါ´ဟု တာဝန်ရှိသူတစ်ဦးမှ ထုတ်ပြန်ခဲ့သည်။ ထိုသတင်းထွက်လာပြီးနောက်တွင် နိုင်ငံရေးအသိုင်းအ၀ိုင်းကြားထဲ စိုးရိမ်းသံများ ကြားလာရသည်။
ဒေါ်စုဦးဆောင်သည့် NLD သည် ၂၀၀၃ ခုနှစ် ဒီပဲယင်အကြမ်းဖက်ခံရမှု မဖြစ်မှီ ရခိုင်ပြည်နယ်သို့ အလည်တခေါက်ရောက်ခဲ့သေးသည်။ ရခိုင်သို့ လာရောက်လည်ပတ်သောအခါ အတိုင်းအတာတခုလောက်ထိ ရခိုင်လူထု၏ ယုံကြည်မှုကို လက်ခံရရှိခဲ့သည်။ ကားလမ်းခရီးဖြင့် လာရောက်ခဲ့ခြင်းဖြစ်ပြီး ရခိုင်လူထုတစ်ခုလုံးက သောင်းသောင်းဖြဖြ ကြိုဆိုဧည့်ခံခဲ့ကြသည်။ ရခိုင်ပြည်က ပြန်ပြီးနောက်တွင် ဒီပဲယင်လုပ်ကြံမှုနှင့်အတူ ဒေါ်စုမှ အကျယ်ချုပ်ဖြင့် ထောင်ကျခံရခဲ့ရသည်။ ၂၀၁၀ ခုနှစ် ဒီမိုကရေစီ လေပြေဦးနှင့်အတူ ဒေါ်စုကိုပါ ထောင်က လွှတ်ပေးလိုက်သည်။ ယင်းတင်မကသေး ၂၀၁၂ ခုနှစ်ထဲတွင် လွှတ်တော်ထဲကို ထည့်ပေးလိုက်သည်။ ထိုအချိန်တွင် မြန်မာနိုင်ငံရေးထဲမှ ရခိုင်နိုင်ငံရေးအရွေ့ကား ပြောင်းလဲသွားခဲ့သည်။ ပထမ ၂၀၁၂ ခုနှစ်ထဲမှာပင် ရခိုင်ပြည်နယ်တွင် ကုလား-ရခိုင် အရေးအခင်းကြီး နှစ်ကြိမ်တိုင်ဖြစ်ပွါးခဲ့သည်။ နောက်ပိုင်းတွင် မြန်မာပြည်အနှံ ၇ ကြိမ်ထက် မနည်းဖြစ်ပွါးလာခဲ့သည်။ လူမျိုးရေးကို အခြေခံထားသည့်အတွက် ထိုအရေးအခင်းတွင် ဒေါ်စုက နှုတ်ဆိတ်နေခဲ့သည်။ ထိုနှုတ်ဆိတ်နေခဲ့မှုသည် ရခိုင်ပြည်သူများနှင့် ဒေါ်စုကြား ကင်ကွာလာမှုသို့ မသာမာသူများ၏ နိုင်ငံရေးတိုက်ကွက်ထဲသို့ အလိုလိုပင် ရောက်ခဲ့ရသည်။ ရခိုင်ပြည်နယ်၏ နိုင်ငံရေးအခင်းအကျင်းတွင် ဒေါ်စုနှင့် ရခိုင် နှောင်ကျိန်လောက်အောင်ထိ စိတ်နာမှုများကို ပြသမှုများရှိခဲ့သည်။ သို့ရာတွင် ရခိုင်လူများအသွင်ကို ယူပြီး လုပ်ကြံမှုများကိုလည်း တွေ့နေခဲ့ရသည်။ ထို့ကြောင့်ပင် ဒေါ်စု၏ ရခိုင်ပြည်နယ် ခရီးစဉ်သည် ကနဦး ၂၀၁၄ ခုနှစ်ထဲတွင် တကြိမ်လာရောက်မည်ဟု သတင်းထွက်ခဲ့သော်လည်း နောက်ပိုင်းတွင် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရသည်။ ယခုတကြိမ်ကား နိုင်ငံရေးကို စိတ်ဝင်စားသူများနှင့် ဝေဖန်သံများကြား သောသောညံလာသည်။
ယခုတခေါက် ခရီးစဉ်အတွက် သံတွဲခရိုင်ဖြစ်သည့် ဂွမြို့၊ တောင်ကုတ်မြို့နှင့် သံတွဲမြို့တို့သည် NLD ၏ အမာခံနယ်မြေဟု ထင်မြင်ရသည့် နေရာများကို ရွေးချယ်ခဲ့ခြင်းဖြစ်ဟန်တူသည်။ သံတွဲခရိုင်သည် အယင်တုန်းက NLD ၏ အမာခံအဖွဲ့ဝင်များရှိခဲ့သည်။ စာရေးသူတို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (စစ်တွေ)သို့ စုံစမ်းမေးမြန်းကြည့်ရာ အောက်တိုဘာ ၁၆ နေ့ လာရောက်မည်ဖြစ်ကြောင့်နှင့် အောက်တိုဘာ ၁၅ ရက်နေ့တွင် ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံး NLD လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၆၂ ဦးအပါဝင် မြို့နယ်ပါတီထိပ်ပိုင်းခေါင်းဆောင်များက သံတွဲမြို့သို့ ကြိုရောက်နေရမည်ဟု အသိပေးထားကြောင်း ပြောဆိုခဲ့သည်။ ဤသို့ဆိုလျှင် ယခုတခေါက် ခရီးစဉ်က အမှန်တကယ် လာရောက်တော့မည်ဖြစ်သည်။
ဒေါ်စု ရခိုင်ပြည်နယ်ကို လာရောက်မည်ဟု သတင်းထွက်ပေါ်လာသည်နှင့် တပြိုင်နက် နိုင်ငံရေးအသိုင်းအ၀ိုင်းကြားထဲ လှုပ်ခတ်သွားခဲ့သည်။ မည်သည့်အတွက်ကြောင့် ရခိုင်ပြည်နယ်ကို လာရောက်မည်နည်း။ ရခိုင်ပြည်နယ် မြို့တော်ဖြစ်သည့် စစ်တွေမြို့ကို မရွေးချယ်ဘဲ မည်သည့်အတွက်ကြောင့် သံတွဲခရိုင်ကိုသာ ရွေးချယ်ရသနည်း။ ရခိုင်ပြည်နယ်၏ နိုင်ငံရေးသည် တခြားပြည်နယ်များထက် လူမျိုးအရေးအရ ရှုပ်ထွေးမှုရှိနေသည်ကို သိသိဖြင့် ဒေါ်စု အဘယ်ကြောင့် လာရသနည်း။ မေးခွန်းများနှင့် ဝေဖန်သံများကြား သောသောညံနေသည်။ မရောက်လာစေချင်သူများနှင့် ရောက်လာလျှင် တခုခုဖြစ်ပျက်မည်ကို စိုးရိမ်းသူများက အသံချင်း ပွတ်လောရိုက်နေသည်။
နိုင်ငံရေးသမားသည် နိုင်ငံရေးအလုပ်ကို လုပ်မည်။ ပြည်သူသည် ပြည်သူအလုပ်ကို လုပ်မည်။ ဒေါ်စုသည် မြန်မာနိုင်ငံသားတစ်ဦးဖြစ်သည့်အတွက် မြန်မာနိုင်ငံထဲတွင် ကြိုက်သည့် နေရာကို သွားပိုင်ခွင့်ရှိသည်။ ထိုနည်းတူစွာ နိုင်ငံရေးသမားတစ်ဦးဖြစ်သည့်အတွက် စည်းရုံးကာလတွင် ကြိုက်သည့်နေရာတွင် တရားဟောပိုင်ခွင့်ရှိသည်။ မည်သည့်အတွက် စိုးရိမ်းကြရသည်။ မြန်မာပြည်သမိုင်းတွင် ပုံမှားရိုက်မှုများနှင့်အတူ နိုင်ငံရေးအရ လုပ်ကြံမှုများရှိခဲ့သည်။ ရခိုင်ပြည်နယ်၏ လက်ရှိ ပကတိအခြေအနေတွင် ကုလား-ရခိုင်အရေးအခင်းမှ ဒဏ်ရာဒဏ်ချက်များ မကျက်ချင်သေး။ တချို့နေရာများတွင် အမာရွက်များက အထင်သားရှိနေသေးသည်။ ဤကြားထဲ ဘာသာရေးအရရှုပ်ထွေးမှုများရှိသေးသည့် ပင်မနေရာလိုဖြစ်နေသည်။ ဤအချက်များကြောင့် ဒေါ်စုကို နာကြည်သူများ ရှိနေသည်မှာ အမှန်ပင်။ သူတို့မှာလည်း သူတို့ ခံစားချက်နှင့် သူတို့ဖြစ်နေသည်။ ထိုအချက်ကို အသုံးချပြီး ဒီပဲယင်လို၊ လက်ပန်းတန်က တက္ကသိုလ်ကျောင်းသားအရေးအခင်းလို၊ များမကြာသေးခင်က ရန်ကုန်မြို့လယ် ဆူလည်အ၀ိုင်းအနီး ဆန္ဒထုတ်ဖော်သူများကို လက်ပတ်နီများက ကားပေါ်ဆွဲတင်သွားသလိုမျိုး ဖြစ်စဉ်များက သင်ခန်းစာပြထားခဲ့သည်။ ထိုအချက်အလက်များကို ထောက်ထားပြီး စိုးရိမ်းကြခြင်းဖြစ်သည်။ တကယ်လို့သာ ဒေါ်စုကို လုပ်ကြံချင်သူအချို့ကသာ ရခိုင်ပုံစံ ပုံမှားရိုက်ပြီး ဒေါ်စုကို တခုခု လုပ်ကြံခဲလျှင် သို့တည်းမဟုတ် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့လျှင် ဒေါ်စု၏ ဂုဏ်သိက္ခာကို ထိခိုက်သကဲ့သို့ ရခိုင်တို့၏ ဂုဏ်သိက္ခာမှာလည်း ပွန်ပဲ့ရမည်ဖြစ်သည်။ ဤအချက်ကိုလည်း ထည့်သွင်းစဉ်စားဖို့ ကောင်းသည်။
နောက်ဆုံးအဖြစ် ဒေါ်စုရောက်လာပြီးနောက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေးမှ အဖွဲ့များမှ စစ်တွေမြို့နယ်နှင့် အနီးတ၀ိုက်မြို့နယ်များသို့ လာရောက် စည်းရုံးကြမည်ဟု ဆိုသည်။ ဤအတိုင်းဆိုလျှင် ရခိုင်ပြည်နယ်မှ မဲအများစုကို ရလိမ့်မည်ဟု မျှော်လင့်နေသည်ပုံစံမျိုးဖြစ်နေသည်။ ရခိုင်ပြည်နယ်တွင် ယေဘုယျအားဖြင့် ရခိုင်အမျိုးသားပါတီ (ANP) က ရခိုင်လူထုထောက်ခံမှု အများစုကို ရရှိထားသည်။ ဤကြားထဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီလည်း ခြေရှုပ်နေသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ အင်အားကြီးသလောက် သူ့နယ်မြေများကို အခိုင်အမာချပြီး တည်ဆောက်နေကြသည်။ ဤကြားထဲ တစ်သီးပုဂ္ဂလအမတ်လောင်များထဲတွင်လည်း လူထုထောက်ခံမှု အတိုင်းအတာတခုလောက်ထိ ရရှိထားသည့် နယ်မြေများရှိသလို တခြားပါတီများလည်း အပြိုင်အဆိုင်ကြိုးစားနေကြသေးသည်။ ရခိုင်ပြည်နယ်၏ နိုင်ငံရေး ခပ်ကွင်းကြား စိတ်ဝင်စားစရာဖြစ်လာသည်။ တကယ်လို့ NLD သာ အားတင်ပြီး ရခိုင်ပြည်နယ် စည်းရုံးရေးကို ပိုမိုလုပ်ဆောင်လာမည်ဆိုပါက ရခိုင်ပြည်နယ်အတွင်း မဲကွဲသွားပြီး နိုင်ငံရေးအရ အထိနာသွားနိုင်သည်။ နိုင်ငံရေးအရ ယိုင်လဲသွားနိုင်သည့် အခြေအနေမျိုးလည်းရှိသည်။ မဲကွဲလျှင် မဲကွဲခြင်းကို အလိုက်သင့်စောင့်နေသည့် ပါတီက ရှိပြီးသားဖြစ်သည်။ ရခိုင်အမျိုးသားပါတီကို အလဲထိုးချင်သောကြောင့်များ လာရောက်စည်းရုံးခြင်းမျိုးလားဟု တွေးတောသူများလည်း ရှိနေသေးသည်။
ရခိုင်ပြည်နယ်မှ မဲများကို လိုချင်လောက်ထိ လောဘကြီးမနေဘူးလားဟု ရခိုင်အမျိုးသားပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးမှ ဝေဖန်သံကို Messenger သတင်းဌာနတွင် ပြောကြားသွားသည်ကို ဖတ်လိုက်ရသည်။ ရခိုင်အမျိုးသားပါတီဖက်မှလည်း တုန့်ပြန်မှုများကိုပင် တွေ့လာရသည့် သဘောဖြစ်သည်။ ဤအတိုင်းသာဆိုပါလျှင် ဒေါ်စု၏ ရခိုင်ပြည်နယ် ခရီးစဉ်တွင် မသာမာသူများ၏ ပယောဂတခုခု ၀င်ပူခဲ့လျှင် ဒေါ်စုမှာ နစ်နာသည့် သာမက၊ ရခိုင်များအတွက် နစ်နာစရာများဖြစ်နေသည်။ တကယ်လို့သာ မဲလို၍ မဲလောဘဇောတက်ပြီး အတင်ဝင်တိုးလာပြန်လျှင်လည်း မဲကွဲသွားပြီး ဒိုင်စားမဲဖြစ်သွားနိုင်သည်။ ဒေါ်စု၏ ရခိုင်ပြည်နယ် ခရီးစဉ်ကား မည်သည့်ဖက်ကပင် စဉ်စား စဉ်စား အမှန်ပင် အလျော်အစားကြီးနေသည်မှာ အမှန်ပင်ဖြစ်နေသည်။
 

ဝေဟင်အောင်
၂၄၊ ၉၊ ၂၀၁၅။

No comments:

Post a Comment