စစ်တွေ/RiA ၊ မတ် ၄ ရက်
ရခိုင်ပြည်နယ် ၀န်ကြီးချူပ်နေရာအတွက် ဦးညီပုကို NLD က ရွေးချယ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီက NLD သည် ဒီမိုကရေစီကို အလေးမထားရာရောက်နေသလို ရေရှည်တွင် တိုင်းရင်းသားများနှင့် ဆက်ဆံရေး အခက်အခဲများရှိမည် ဖြစ်ကြောင်း ဝေဖန်ပြောကြားလိုက်ပါတယ်။
“ANP က ပြည်နယ်လွှတ်တော်နေရာ ၂၃ နေရာကို နိုင်ထားတယ်။ ဒါဟာ ပြည်သူတွေရဲ့ ဒီမိုကရေစီကျကျ ရွေးကောက် တင်မြှောက်ထားတာပါ။ အများဆုံးအနိုင်ရထားတဲ့ ကျနော်တို့ပါတီကသာ ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ဖို့နှင့် ၀န်ကြီးချူပ်နေရာကို ရရှိသင့်ပါတယ်။ ဒါပေမယ့် NLD က ခုလို ကျနော်တို့ရဲ့ သဘောထားကို သွေဖီပြီး လုပ်တယ်ဆိုတာဟာ ဒီမိုကရေစီကို အလေးမထားတာပါ။ ဒီလိုမျိုး ရှေ့ဆက်သွားရင် NLD ရဲ့ ဒီမိုကရေစီဟာ မကြာခင်မှာပဲ တိုင်းရင်းသားတွေနဲ့ ထပ်တူကျလာတော့မှာ မဟုတ်ပါဘူး” လို့ ANP ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်ပြည်စိုးက ပြောပါတယ်။
ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်း ကာလအတွက် ရခိုင်ပြည်နယ် ၀န်ကြီးချူပ် တာဝန်ကို ထမ်းဆောင်ဖို့ ဂွမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီပုကို ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဒီကနေ့ မတ်လ ၄ ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးရဲ့ ရလဒ်ကို ကိုးကားပြီး NLD ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က မီဒီယာတွေကို ပြောကြားခဲ့မှုအပေါ် ခုလို တုံ့ပြန့်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၉ ရက်နေ့က ၁/၂၀၁၆ ကြေညာချက်ကို ရခိုင်အမျိုးသားပါတီက ထုတ်ပြန်ခဲ့ရာတွင် “ ရခိုင်ပြည်နယ် ၀န်ကြီးချူပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ကို ANP က ဦးဆောင်ခွင့်မရခဲ့လျှင် မည်သည့်အစိုးရအဖွဲ့တွင်မဆို ပါဝင်ခြင်းမပြုဘဲ အတိုက်အခံအဖြစ်နှင့်သာ ရပ်တည်သွားမှာ ဖြစ်ကြောင်း” ဖော်ပြပါရှိပါတယ်။
ရခိုင်အမျိုးသားပါတီဟာ ပြည်နယ်လွှတ်တော် နေရာ ၂၃ နေရာ အနိုင်ရရှိထားပြီး NLD က ၈ နေရာနှင့် ပြည်ခိုင်ဖြိုးပါတီက ၃ နေရာ အသီသီး အနိုင်ရရှိခဲ့ကြခြင်း ဖြစ်တာကြောင့် ပြည်နယ်ဝန်ကြီးချူပ်နေရာကို ANP က သာ ရရှိသင့်ကြောင်း ဦးခိုင်ပြည်စိုးက ပြောပါတယ်။
ဦးညီပုဟာ ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ဇာတိဖြစ်ပြီး စစ်အစိုးရလက်ထက်က NLD နဲ့အတူ နိုင်ငံရေးသမားဘ၀ကို ကာလကြာမြင့်စွာ ဖြတ်သန်းခဲ့သူတစ်ဦး ဖြစ်သလို နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးလည်း ဖြစ်ပါတယ်။
ယခုလို ရခိုင်ပြည်နယ်ရဲ့ ၀န်ကြီးချူပ်အဖြစ် ဦးညီပုကို ခန့်အပ်မှုအပေါ် ANP က ကန့်ကွက်ခဲ့ပေမယ့် ရခိုင်ပြည်နယ် အခြေစိုက် ရခိုင်မျိုးချစ်ပါတီ APP က ကြိုဆိုကြောင်း ယခုလို ပြောကြားခဲ့ပါတယ်။
“ဦးညီပုက ရခိုင်လူမျိုးစစ်စစ်တစ်ဦး ဖြစ်သလို ရခိုင်ပြည်နယ် ဂွမြို့နယ်ဇာတိပါ။ ပညာတတ်လည်း ဖြစ်ပါတယ်။ နိုင်ငံရေးနယ်ပယ်မှာလည်း ကာလတာရှည်စွာ ဖြတ်သန်းခဲ့သူဖြစ်ပါတယ်။ သူလို နိုင်ငံရေးသမားတစ်ဦး ရခိုင်ပြည်နယ်ဝန်ကြီးချူပ်ဖြစ်လာတာ ကျနော်တို့ ဂုဏ်ယူရမှာပါ။” လို့ ရခိုင်မျိုးချစ်ပါတီ ပ - ခေါင်းဆောင် ဦးမောင်မောင်စော က ပြောပါတယ်။
NLD ရဲ့ ဒီကနေ့ မတ်လ ၄ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အလုပ်အမှုဆောင် အစည်းအဝေးကနေ ရခိုင်ပြည်နယ်ဝန်ကြီးချူပ်အဖြစ် ANP ကိုယ်စားလှယ်တွေကို မခန့်အပ်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး ယခုလာမယ့် သီတင်းပတ်အတွင်း ANP ဗဟိုအလုပ်အမှုဆောင် အရေးပေါ် အစည်းအဝေးတရပ်ကို ကျင်းပသွားမည် ဖြစ်ကာ အဆိုပါ အစည်းအဝေးကနေ ၁/၂၀၁၆ ကို ဘယ်လိုအကောင်ထည် ဆက်လက်ဖော်ဆောင်မလဲဆိုတာ ဆုံးဖြတ်သွားမှာ ဖြစ်ကြောင်း ANP ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်ပြည်စိုးက ပြောကြားခဲ့ပါတယ်။
RIA
No comments:
Post a Comment