Thursday, March 3, 2016

ဒေါ်​အောင်​ဆန်းစုကြည်​ သမ္မတ ဖြစ်​ရမည်

ခေတ်ရနံ့မဂ္ဂဇင်း၊ အမှတ် (၂၃) မတ်လထုတ်မှ ဆရာသန်းစိုးနိုင်၏ ဆောင်းပါးကို တင်ပေးလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရမည်
-------------------------------------------------------
မတ်လ ၁၇ ရက်နေ့မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့်တပ်မတော်သားလွှတ်တော် ကိုယ်စား လှယ်များ အစုအဖွဲ့ (၃) ဖွဲ့တို့ ဆွေးနွေးညှိနှိုင်းကြပြီး ဒုသမ္မတ (၃) ဦး ရွေးချယ်ကြ မယ်ဆိုတဲ့ သတင်း ထွက် ပေါ်လာချိန် မှာတော့ ““ဘယ်သူသမ္မတဖြစ်မှာ လဲ”” ဆိုတဲ့ မေးခွန်းက နိုင်ငံရေးအသိုင်း အ၀ိုင်းနဲ့ ပြည်သူလူထုကြားမှာ အတော်ရိုက်ခတ်လှုပ်ရှားသွားခဲ့ပါပြီ။ ဒီမိုကရေစီလိုလားတဲ့ နိုင်ငံရေး အင်အားစုနှင့် ပြည်သူ လူထုတွေကတော့ နှစ်ပေါင်းများစွာ ဆင်းရဲတွင်းနက်နေတဲ့ ပြည်သူတွေရဲ့ဘ၀ကို ဆွဲတင်ပေးနိုင် စွမ်းရှိမည့်သူ၊ စစ်မှန်တဲ့ဒီမိုကရေ စီပြုပြင်ပြောင်း လဲရေးကို အမှန်တကယ် လုပ်ပေးနိုင်စွမ်းရှိမည့်သူ၊ ပြည်တွင်း စစ်ရပ်စဲပြီး ငြိမ်းချမ်းရေးထူထောင်နိုင် စွမ်းရှိ မည့်သူအဖြစ် ယုံကြည်မျှော် လင့်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုသဘာဝကျစွာသမ်္မတအဖြစ်မြင်တွေ့လိုတဲ့ဆန်္ဒတွေ ထက်သန်ပြင်းပြနေ ကြပါပြီ။

NLD နာယက သူရဦးတင်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည် “သမ္မတ ဖြစ်ကိုဖြစ်ရမယ်” လို့ ယုံယုံကြည် ကြည် ကြွေးကြော်ဆန္ဒဖော်ပြလိုက်ပါတယ်။ သူက “ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရမှာပေါ့။ မဖြစ်ဖြစ် အောင်လည်းလုပ်ရမှာပဲ။ ကျွန်တော့်က ပြည်သူ့ဘက်ကဗိုလ်ချုပ်ကြီးလေ၊ ဒေါ်အောင်ဆန်းစုကြည်သမ္မတ ဖြစ်ရေးနဲ့အားလုံးအောင်မြင်ရေးအတွက် ထမ်းပို့မယ့်အထမ်း သမား၊ ပြည်သူ့ဘက်က အထမ်းသမား၊ ကျွန်တော် သမ္မတမလုပ်ချင်ဘူး၊ ဘယ်တော့မှ မလုပ်ဘူး၊ သူ့ကိုအောင်မြင်အောင် လုပ်ပေးမယ်၊ ကျွန်တော်တတ် နိုင်သမျှကို ကူညီမယ်” လို့ ပြောဆို လိုက်ပါတယ်။ NLD နာယက သူရဦးတင် ဦးတင်မကပါဘူး။ အရင်က ဒေါ်အောင် ဆန်းစုကြည်နဲ့ “ဓမ္မာသောက၊ အင်းဝရာဇာ”လို တစ်လျှောက်လုံး အတိုက်အခံပြုခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး ဟောင်းဦးသန်းရွှေသည်ပင်လျှင် ရွေးကောက်ပွဲ လွန်ကာလမှာ သဘောထားပြောင်းလဲသွားခဲ့ပါပြီ။ ဦးသန်းရွှေ ရဲ့ မြေး နေရွှေသွေးအောင်(ခေါ်) ဖိုးလပြည့်ရဲ့ Facebook မှာ ဖော်ပြချက်အရ “အနာဂတ် မြန်မာနိုင်ငံ ရဲ့ ခေါင်းဆောင် အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကိုအားလုံးက လက်ခံကြရမယ်။ တိုင်းပြည် တိုးတက်ရာတိုး တက်ကြောင်းအတွက် ဒေါ်အောင်ဆန်းစုကြည် လိုအပ်တာတွေကို ကူညီရမယ်” ဆိုတဲ့ အမှာစကားပါးလိုက် ပါတယ်။ ဒီအမှာ စကားဟာအနားယူသွားတဲ့ ဘ၀ရှင်မင်း တရားဟောင်းကြီး ရဲ့နောက်ဆုံးအမိန့်တော်ပြန် တမ်းပါ။ ဒီအမိန့်တော်ပြန် တမ်းကဒေါ်အောင် ဆန်းစုကြည် သမ်္မတ ဖြစ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ အတား အဆီးတွေ ရှင်းလင်းဖယ်ရှားပေးဖို့ မီးစိမ်း ပြလိုက်တာပါပဲ။ မီးစိမ်းပြလိုက်တာနဲ့ တစ်ပြိုင်နက် ဒေါ်အောင်ဆန်း စုကြည်သမ္မတဖြစ်ရေး လမ်းကြောင်းဟာလည်း တစ်စုတစ်ရာ ရှင်းလင်းချောမွေ့သွားခဲ့ပြီဖြစ် ပါတယ်။

ဇန်န၀ါရီလ ၂၅ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူး ကြီးမင်းအောင် လှိုင်တို့ဒုတိယ အကြိမ်တွေ့ ဆုံဆွေးနွေးခဲ့ပြန် ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ရဲ့ အမျိုးသားပြန်လည် သင့် မြတ်ရေးလုပ်ငန်း စဉ် ထိရောက်အောင် မြင်လာတဲ့ သဘောလက်္ခဏာပါပဲ။ ဒီလို အမျိုးသားရင် ကြားစေ့ရေး လုပ်ငန်းစဉ်တွေ လျင်မြန် သွက်လက်လာတာနဲ့အမျှ နိုင်ငံရေးဟောကိန်းနဲ့ ကောလဟလတွေ ကလည်းထုံးစံ အတိုင်းပွထ၊ ဖောင်း ကားလာခဲ့ကြပါ တယ်။ ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် တပ်မတော်နှင့် NLD တို့အကြား၊ အာဏာခွဲဝေရေးအခင်းအကျင်းဆိုင်ရာပြဿနာ တွေနဲ့ ပတ်သက်လို့ အပေးအယူလုပ်ဖို့ ဆွေးနွေးညှိနှိုင်း နေကြတယ်ဆိုတဲ့သတင်းစကားတွေပြန့်ကား ကြီးထွားလာခဲ့ကြပါတယ်။ တချို့ ကဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်ပြုစေချင်ရင် ကာကွယ် ရေးဦးစီးချုပ်ရဲ့ ရာထူးသက် တမ်းကို လည်း ဆန့်ထုတ်တိုး ချဲ့ ပေးဖို့ အဆိုပြုတယ်လို့ဆိုပါတယ်။ တချို့ သတင်းတွေကျပြန်တော့ တပ်မတော်ဘက်က ရန်ကုန် တိုင်းနဲ့ ရှမ်း၊ ရခိုင်၊ ကချင်ပြည်နယ်တွေရဲ့ ၀န်ကြီးချုပ်ရာထူးတာဝန်တွေ ကို ရွေးချယ်ခွင့်ပေး ရင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သမ္မတဖြစ်ခွင့်ပြုဖို့ ညှိနှိုင်းတယ်လို့ ဆိုကြပါတယ်။

အဆိုပါသတင်းများ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ၂၀၀၈ ဖွဲ့စည်း ပုံအရပေါ်ပေါက်လာမယ့် အစိုးရအဖွဲ့သည် ရွေးကောက်ပွဲ အနိုင် ရ နိုင်ငံရေးပါတီနှင့် တပ်မတော်တို့အကြား အာဏာခွဲဝေ ယူရ မယ့်ညွှန့်ပေါင်း အစိုးရ သဏ္ဌာန်မျှသာဖြစ်ရပေလိမ့်မယ်။ အနိမ့်ဆုံး အားဖြင့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ၀န်ကြီး ဌာနတွေကို တပ်မတော်ကတာဝန်ယူဖွဲ့စည်းရမှာဖြစ်ပါတယ်။ တစ်ချိန်တည်း မှာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်တွေကိုလည်း သမ္မတက တပ်မတော်နဲ့ညှိနှိုင်းကာခန့်အပ်တာဝန်ပေးရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန်အစိုးရ အဖွဲ့ကိုယ်တိုင်က ယူနီဖောင်းချွတ် တပ်မတော် အရာရှိဟောင်းတွေ ပါဝင်ဖွဲ့စည်း ထားတာဖြစ်တဲ့အတွက် တိုင်းဒေသကြီး နဲ့ ပြည်နယ်အစိုးရတွေဖွဲ့စည်းရေးမှာ ပြဿနာမရှိခဲ့ပါဘူး။ ဒါပေမဲ့ ၂၀၁၅ ခု ရွေးကောက်ပွဲမှာ NLD ပါတီအနေနှင့် သမ္မတအပါအ၀င် အစိုးရအဖွဲ့ အစည်း အဆင့်ဆင့်ကိုလွတ်လပ်စွာ စိတ်ကြိုက်ဖွဲ့ စည်းခွင့် ရအောင် တောင်ပြိုကမ်းပြို နိုင်လိုက်ချိန်မှာတော့ စဉ်းစားချင့်ချိန် စရာ ပြဿနာတချို့ ရှိလာခဲ့ပါပြီ။ အထူးသဖြင့် ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရအဖွဲ့တွေ ဖွဲ့စည်းရာမှာ အနိုင်ရ NLD ပါတီ ကိုယ်စား လှယ်တွေနဲ့ ချည်းဖွဲ့ စည်းတော့ မှာလား၊ တပ်မတော်နဲ့ညှိနှိုင်းပေး အယူ မလုပ်တော့ ဘူးလားစဉ်းစားစရာရှိ လာပါတယ်။

ပြည်တွင်းစစ်နှစ်ပေါင်း ၇၀ နီးပါး ဖြစ်ပွားခဲ့ပြီး၊ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ အစည်းမရှိတဲ့ ပြည်နယ်ရယ်လို့ မရှိတော့တဲ့ မြန်မာပြည်မှာ အထူးသဖြင့် ပြည်နယ်အစိုးရတွေဖွဲ့စည်းရာမှာတပ်မတော် နှင့်ညှိနှိုင်းတိုင်ပင် သဘောတူညီမှုမရယူလို့မဖြစ်ပါဘူး။ ရခိုင်ပြည် နယ်ဆိုရင်လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ အပြင်း အထန် ဖြစ်ပွားခဲ့တဲ့နေရာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်မြေချင်း ထိစပ် နေတဲ့အလျှောက်၊ ဘင်္ဂလီအရေး ကလည်းစိတ် အေးနိုင်စရာမရှိပါ ဘူး။ ၂၀၁၅ ခုအတွင်း ရခိုင်တပ်မတော် (ဗ.ဗ) က ချင်းပြည်နယ် ဘက်ကနေ ရခိုင်ပြည်နယ်မြောက် ပိုင်း ကျောက်တော်မြိုနယ်ထဲ ထိုးဖောက်ဝင်ရောက်လာတဲ့အတွက် စစ်ရေးထိတွေ့မှု၊ တင်းမာမှု တွေရှိနေပါတယ်။ ဒီလိုစစ်ရေးလှုပ်ရှား မှုနှင့်လုံခြုံရေးဆိုင်ရာ ပြဿ နာများစွာရှိနေတဲ့ရခိုင်ပြည်ကို စီမံအုပ်ချုပ်မယ့် အစိုးရအဖွဲ့ဟာ အုပ်ချုပ်ရေးအတွေ့အကြုံရှိဖို့လိုအပ်ရုံမက စစ်တိုင်းမှူးတွေ အပေါ် သြဇာ ညောင်းသူ ဖြစ်နိုင်ရင်၊ ပိုမိုကောင်းမွန်ပါလိမ့်မယ်။ ဒါ့အပြင်လွှတ်တော်ကိုယ်စားလှယ်အများ စုနေရာအနိုင်ရရှိ ထားလျက်နှင့်အစိုးရအဖွဲ့ ဖွဲ့ခွင့်မရရင် အတိုက်အခံလုပ် မယ်လို့ ကြွေးကြော်နေတဲ့ ရခိုင်အမျိုးသားပါတီ (A.A) လည်းရှိနေပါသေး တယ်။ ဒါကြောင့် NLD ပါတီအနေနဲ့ရခိုင်အစိုးရအဖွဲ့ ဖွဲ့စည်းရာ မှာတပ်မ တော်နှင့်ညှိနှိုင်း အပေးအယူလုပ် နိုင်ရင်အကောင်းဆုံးပါပဲ။

အလားတူရှမ်းပြည်နယ်ဆိုရင်လည်း မြန်မာပြည်အသေးစားလေးလို့ ဆိုရ လောက်အောင် လူမျိုးစုံသလောက် လက် နက်ကိုင် အဖွဲ့အစည်း ကလည်း စုံလှပါတယ်။ တရုတ်ပြည်နဲ့ နယ်နိမိတ်ချင်း ထိကပ်ဆက် စပ်နေတော့ လူမှုစီးပွားရေး ပြဿနာမျိုးစုံလည်း စုပြုံတည်ရှိနေပါတယ်။ ဒါကြောင့် ရှမ်းပြည်နယ်လို့ဆိုကြပေမဲ့ လုံခြုံရေးအရ စစ်တိုင်းနယ်မြေ ၄ ခု ပိုင်းခြား၊ သတ်မှတ်ထားရပါတယ်။ ရှမ်းပြည်နယ်ဝန်ကြီးချုပ်တာဝန် ယူမယ့်သူဟာ ဒီစစ် တိုင်းမှူးတွေအပေါ် သြဇာညောင်းသူ၊ အုပ်ချုပ်ရေး အတွေ့အကြုံ၊ ဒေသအတွေ့ အကြုံရှိသူဖြစ်ဖို့ လိုပါလိမ့်မယ်။ KIA နှင့် ၂၀၁၁ ခုကတည်းက စစ်ပွဲအမြောက်အမြား ဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ်မှာ လည်း ဒီအတိုင်းဖြစ်မှာပါပဲ။ ဒါကြောင့် ရခိုင်၊ ရှမ်း၊ ကချင်ပြည်နယ်တွေကို တာဝန်ယူအုပ်ချုပ်မယ့် ပုဂ်္ဂိုလ်တွေ ရွေးချယ်ရမှာ NLD ပါတီအနေ နှင့် တပ်မတော်နှင့် ညှိနှိုင်းအပေးအယူပြုသင့်ပါတယ်။

ဒါပေမဲ့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နေရာကိုလည်း တပ်မတော်က ရယူခန့်အပ်လိုတဲ့ ဆန္ဒရှိတယ်ဆိုတာ မျိုးကတော့ သဘာဝမကျလွန် ကဲတဲ့ တောင်းဆိုမှုတစ်ရပ်လို့ ဆိုရပါလိမ့် မယ်။ မြန်မာ ပြည်ရဲ့မြို့တော် အဖြစ် “နေပြည်တော်” ကို အစိုးရက သတ်မှတ်ထားခဲ့ပေမဲ့၊ လက်တွေ့ အားဖြင့် နိုင်ငံတကာနဲ့ ပြည်တွင်းဆက်ဆံ ရေးအလုံးအစုံရဲ့ ဗဟိုချက်ဟာ “ရန်ကုန်” ဖြစ်နေဆဲပါပဲ။ ရန်ကုန်ကို ဗိုလ်ချုပ်တစ်ဦးက ၀န်ကြီးချုပ်အဖြစ် တာဝန်ယူမယ်ဆိုရင်  မြန်မာပြည်ရဲ့ ဒီမိုကရေစီအသွင်အပြင် လက်္ခဏာ ထိခိုက်ကျဆင်းသွားနိုင်ပါတယ်။ ဦးသန်းရွှေရဲ့သမက် ဗိုလ်မှူးချုပ်သိန်းနိုင်ကို ရန်ကုန်တိုင်း ၀န်ကြီးချုပ်ဖြစ်စေချင်တဲ့ ဆန္ဒရှိတယ်ဆိုတဲ့ အာဘော် ကလည်း ပုဂ်္ဂိုလ်ရေး အပေးအယူဆန်လွန်းပါတယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေး စိတ်ဓာတ်နှင့် ရာထူး နေရာတချို့အပေးအယူရှိရမှာ ဖြစ်ပေမဲ့ မူ မမဲ့သင့်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် NLD ကိုယ်စား လှယ်အများစု လွှမ်းမိုးထားတဲ့ လွှတ်တော်သစ် စတင်ချိန်မှာတော့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမ္မတဖြစ်ခွင့်ကို တားဆီးကန့်သတ်ထားတဲ့ ၂၀၀၈ ဖွဲ့ စည်းပုံ ပုဒ်မ ၅၉-စ ကို အရင်ဆုံး ယာယီ ဆိုင်းငံဖို့ (သို့) ပြင်ဆင်ဖို့ ကြိုးပမ်းလိမ့်မယ်ဆိုတဲ့ ထင်မြင်ချက်တွေ ထွက်ပေါ်နေခဲ့ပါ တယ်။ အထူးသဖြင့် မတ်လ ၁၇ ရက်နေ့ မှာ သမ္မတနဲ့ ဒု-သမ္မတရွေးချယ်ရေး လွှတ် တော်အစုအဖွဲ့တွေ ဆွေးနွေး ပွဲစတင်တော့ မယ်ဆိုတဲ့ သတင်းထွက်ပေါ်လာချိန်မှာ တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အကြား၊ ညှိနှိုင်း အပေးအယူလုပ် မှု အောင်မြင်ပြီးမြောက်သွားပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်တော့မယ်ဆိုတဲ့ ယုံကြည်မှုတွေ တိုးပွားများပြားလာခဲ့ပါတယ်။

ထွက်တော်မူ နန်းကခွာရတော့မယ့် သမ္မတဦးသိန်းစိန်က ၂၀၀၈ ဖွဲ့စည်းပုံ ပါ ပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက် သွားကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ဆိုလိုတာကတော့ ပုဒ်မ ၄၃၆ ပြဋ္ဌာန်းချက်အတိုင်း လွှတ် တော်မှာ ၇၅+၁% ရပြီး ပြည်သူ့ဆန္ဒခံယူ ပွဲကျင်းပဆိုတဲ့ အလွန်ရှည်လျားထွေပြားတဲ့ လုပ်ငန်းစဉ်အတိုင်းသွားဖို့ပါ။ သမ္မတရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ် ကတော့ “နိုင်ငံရဲ့အရေးပေါ်အခြေအနေမှာ အုပ်ချုပ်ရေးအာဏာကို ကာကွယ်ရေး ဦးစီးချုပ် လက်ထဲ လွှဲပြောင်းချိန်ရောက်မှသာ ဒီလိုအခြေခံ ဥပဒေပြဋ္ဌာန်းချက်တွေကို ဆိုင်းငံ့နိုင်မှာဖြစ် တယ်”လို့ ရိုက်တာသတင်း ဌာနနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ပြောကြားသွားခဲ့ပါတယ်။

ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၆၀) သမ္မတရွေးချယ်တင်မြှောက်ခြင်း၊ အခန်းမှာ၊ သမ္မတရွေး ချယ်တင်မြှောက်ရေး အဖွဲ့အနေနဲ့ (၆၀-စ) အရ “ထိုသို့နိုင်ငံတော်သမ္မတနှင့် ဒု-သမ္မတများ၊ ရွေးချယ် တင်မြှောက် နိုင်ရန် လိုအပ်သော ဥပဒေကို ပြဋ္ဌာန်းပေးရမည်” လို့ဆိုပါတယ်။ ဒီပုဒ်မ (၆၀-စ) အရ “(၅၉-စ) ကို ယာယီဆိုင်းငံ့ ထား”ဖို့ ပြည်ထောင်စုလွှတ်တော်မှာ အခွင့်အာဏာရှိပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ခွင့်သာ လွှတ်တော်မှာ အပြည့်အစုံ မရှိတာဖြစ်ပြီး၊ ဆိုင်းငံ့ခွင့်တော့ရှိပါတယ်။ ဒီလို (၅၉-စ) ကိုသာ (၆၀-စ) အရ ယာယီ ဆိုင်းငံ့ထား နိုင်ပြီဆို ရင် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် သမ္မတအဖြစ် ဒီမိုကရေစီ ထီးနန်းကို သိမ်းပိုက်စံမြန်းဖို့ လမ်းပွင့် သွားပြီးဖြစ်ပါတယ်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာကလည်း လိုလား၊ ပြည်သူကလည်း လိုလားတဲ့ မြန်မာပြည်ရဲ့ “ထီးလို၊ မင်းလို” ဒီမိုကရေစီ နတ်သမီးတစ်ပါးပါ။ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရမည်။
                                                                                
                                                                                 သန်းစိုးနိုင်

No comments:

Post a Comment