Thursday, March 10, 2016

ဂတ်စ်ပိုက်လိုင်းကြောင့် ပျက်စီးသွားသည့် လယ်မြေများအတွက် အမ်းမြို့ နယ်တွင် နစ်နာကြေး ပေးအပ်ရာ၌ တောင်သူများအား ထုတ်ပေးငွေနှင့် သက်ဆိုင်ရာမှ စာရင်းရှင်းငွေမှာ သိန်းထောင်နှင့်ချီ၍ ကွာဟနေဟုဆို

နိရဉ္စရာ၊ မတ်လ ၁၀

ရခိုင်ပြည်နယ် အမ်းမြို့နယ် တောင်ဖီလာကျေးရွာအုပ်စု၊ ဆယ်ရှဉ်းလုတ် ကျေးရွာ၊ ဆည်ရှဉ်းလုတ်ကွင်း၊ ကွင်းအမှတ် (ခ/၃၀၃) အတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားသဖြင့် နစ်နာကြေး ပေးအပ်ရာတွင် အမှန်တကယ် ပေးအပ်သော ငွေနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပြန်သည့် စာရင်း ရှင်းတန်းပါ ငွေပမာဏမှာ သိန်းထောင်နှင့်ချီ၍ ကွာဟနေသည်ဟု တောင်သူများက နိရဉ္စရာ သတင်းဌာနသို့ စာရေး သတင်း ပေးပို့သည်။

တောင်သူလယ်သမားများအား အမှန်တကယ် လျော်ကြေးပေးသော ငွေကြေးပမာဏမှာ ကျပ် ၃၀၁၇၅၄၃၃၅ ဖြစ်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တောင်သူများ အပေါ် မြို့နယ် အုပ်ချုပ်ရေးမှူး လက်မှတ်ပါ လျော်ကြေး ပေးအပ်ထားမှု အခြေအနေအား ရှင်းလင်းချပြသည့် ရှင်းတန်းတွင် ပါရှိသည့် ငွေကြေး ပမာဏမှာ ကျပ် ၈၅၆၀၀၀၀၀၀ ဖြစ်ကြောင်း တောင်သူ များ ပေးပို့သော စာထဲတွင် ဖော်ပြသည်။

ကွာဟငွေကျပ် စုစုပေါင်းမှာ  ၅၅၄၂၄၅၆၆၅ ဖြစ်သည်ဟု လယ်သမားများက ပြောဆိုသည်။

လယ်သမားများ အနေဖြင့် ရရှိသင့်သည့် လျော်ကြေးငွေ အပြည့်အ၀ ရရှိရန် ၂၅-၉-၂၀၁၅ နေ့က အမ်းမြို့သို့ သွားရောက်ပြီး ဆန္ဒဖော်ထုတ် တောင်းဆို ခဲ့သော်လည်း လျော်ကြေးငွေများကို ယနေ့အချိန်ထိ အပြည့်အ၀ မရရှိဘဲ ဖြစ်နေကြောင်း၊ သို့အတွက် တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းရန် ရှေ့နေများသို့ အမှုကို အပ်ထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ဤကိစ္စနှင့် ပတ်သက်ပြီး ဖြေရှင်းရန် အတွက် တောင်ဖီလာ ကျေးရွာ အုပ်ချုပ်ရေးမှူးမှ တာဝန်ရှိသူများအား ဆက်သွယ်ရာ  ယခုနှစ်ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဖုန်းဖြင့် အဆက်အသွယ် ရရှိပြီး MOGE မှ တာဝန်ရှိသူ များနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် လာရောက် ဖြေရှင်း မည် ဖြစ်ကြောင်းပြောကြားသဖြင့် တောင်သူများ စောင့်ဆိုင်းနေရာ လာရောက် ဖြေရှင်းခဲ့ခြင်း မရှိကြောင်း ကျေးရွာသားများက ပြောဆိုသည်။

ယခုကဲ့သို့ အမှန်တကယ် လျော်ကြေးပေးအပ်ငွေနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၏ စာရင်းရှင်တန်းပါ ငွေကြေးပမာဏမှာ သိန်းပေါင်းထောင်ချီကွာဟနေမှုကို နိုင်ငံတော်အဆင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ အမြန်ဆုံး စိစစ်ဖြေရှင်းပေးရန် တောင်သူများက လိုလားနေကြသည်ဟု သတင်း ရရှိသည်။

No comments:

Post a Comment