---------------------------------
ရန်ကုန်၊ မတ် ၉
လာမည့်ပညာသင်နှစ် အခြေခံပညာအဆင့် မူလတန်းကျောင်းများ၌ သင်ကြားရေး တာဝန်ထမ်းဆောင်ရန် ဆရာများ ခန့်ထားရေး လုပ်ငန်းခွင် အကြိုမူလတန်း ဆရာအတတ်ပညာ သင်တန်းတက်ရောက်ရန် သိပ္ပံဘွဲ့ရများ စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ဆရာ အတတ်ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနက မတ်လ ၉ရက်တွင် သတင်း ထုတ်ပြန်သည်။
လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာသင်တန်း(PPTT) များကို ဇွန်လ ၁၆ရက်မှစ၍ စာတွေ့ လေးလ၊ လက်တွေ့တန်းပြ နှစ်လ စုစုပေါင်း
ခြောက်လကြာ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ပညာရေးကောလိပ်များ တွင် သင်ကြားမည်ဖြစ်ပြီး မတ်လ ၁၉ ရက်မတိုင်မီ သက်ဆိုင်ရာ ပညာရေးမှူးရုံးများတွင် လျှောက်ထားနိုင်ကြောင်း ယင်းဦးစီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
လျှောက်ထားသူများသည် တက္ကသိုလ်တစ်ခုခုမှ သိပ္ပံဘွဲ့ရရှိထားသူ၊ ပြင်ပ ဘွဲ့ရများအတွက် ယခုနှစ် မေလကုန်တွင် အသက်(၃ဝ)နှစ်ထက်မကြီးသူ၊ ဝန်ထမ်းဖြစ်ပါက အမြဲတမ်းဝန်ထမ်းဖြစ်ပြီး မေလကုန်တွင် အသက် ၃၅နှစ်ထက် မကြီးသူဖြစ်ရမည့်အပြင် သက်ဆိုင်ရာဌာန ဝန်ထမ်း အဖွဲ့အစည်း အကြီးအကဲ၏ ခွင့်ပြုချက်ကို တင်ပြရမည်ဖြစ်ကြောင်း ယင်းဦးစီးဌာနက သတ်မှတ်ထားသည်။
“သိပ္ပံဘွဲ့ရလို့ ကန့်သတ်ထားတာ လုပ်ငန်းခွင်မှာ ဝိဇ္ဇာက များနေလို့ပါ။
ပြင်ပဝန်ထမ်းဆိုတာက တစ်ကြိမ်တစ်ခါမှ အစိုးရဝန်ထမ်း မလုပ်ဖူးတဲ့ သူကို ပြောတာပါ” ဟု ဆရာအတတ်ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ပြောကြားသည်။
ထို့ပြင် ပညာရေးဝန်ထမ်းများသည် လစာမဲ့ခွင့်ဖြင့် သင်တန်းတက်ရောက် ရမည်ဖြစ်သည်။ လျှောက်ထားသူများသည် အင်္ဂလိပ်ဘာသာစကား၊ အထွေထွေ ဗဟုသုတရေးဖြေ၊ လူတွေ့နှုတ်ဖြေ စာမေးပွဲများကို ဒေသ အလိုက် ပညာရေးမှူးရုံးများတွင် ဖြေဆိုကြရမည်ဖြစ်ပြီး ဖြေဆိုမည့်ရက်ကို ထပ်မံကြေညာမည်ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။
ထိုသို့ ခေါ်ယူရာတွင် သိပ္ပံဘွဲ့ရများသာ လျှောက်ထားနိုင်ကြောင်း ကန့်သတ်ထားသဖြင့် ဝိဇ္ဇာဘွဲ့ရများ၏ အရည်အချင်းနှင့် အသိအမှတ်ပြုမှု မရှိသည့် သဘောဖြစ်နေကြောင်း သုံးသပ်သူများကဆိုသည်။
ခွဲခြားခေါ်ယူခြင်းကို ကန့်ကွက်ပြီး ဝိဇ္ဖာနှင့် သိပ္ပံဘွဲ့ရများကို အချိုးကျခေါ်ယူ သင့်ကြောင်း ၄င်းတို့ကအကြံပြုသည်။ သင်တန်းလျှောက်ထားရာတွင် တက္ကသိုလ် ဝင်တန်းစာမေးပွဲ အောင်မြင်ကြောင်းထောက်ခံစာ၊ ဘွဲ့လက်မှတ်မိတ္တူ၊ မှတ်ပုံတင်၊ ပတ်စပို့ဓာတ်ပုံများကို ပူးတွဲတင်ပြရ မည်ဖြစ်ပြီး သင်တန်းတက်ရောက်နေစဉ် ကာလအတွင်း အခြားသင်တန်း တစ်ခုခုကို တက်ရောက်ခြင်း မပြုရကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ပညာရေးကောလိပ် အသီးသီး တက်ရောက်ခွင့်ရသူများစာရင်းကို ဒေသ အလိုက် ပညာရေးမှူးရုံးများတွင် မေလအတွင်း ထုတ်ပြန်မည်ဖြစ်ပြီး သင်တန်းပြီးဆုံး၍ မူလတန်း ဆရာအတတ်ပညာ လက်မှတ်ရရှိလျှင် အမြဲတမ်းဝန်းထမ်းအဖြစ် ခန့်ထားမည်ဖြစ်၍ ဒေသမရွေး တာဝန် ထမ်းဆောင်နိုင်ရမည်ဖြစ်ကြောင်း ဆရာအတတ်ပညာနှင့်
လေ့ကျင့်ရေးဦးစီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
The Voice
No comments:
Post a Comment