--------------------------------------------------------------------
ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် တွေ့ဆုံခြင်း (အပိုင်း - ၁)
ရခိုင်အမျိုးသားပါတီက ပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် ပါတီခေါင်းဆောင်သုံးဦး ပါဝင်သော အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းလိုက်သည်။ ယင်းအဖွဲ့နှင့် ပတ်သက်ပြီး လက်ရှိလုပ်ဆောင်နေမှု NLD ပါတီနှင့် တွေ့ဆုံဆွေးနွေးရေး အခြေအနေများ၊ အစိုးရ ဖွဲ့စည်းသည့်အခါ တိုင်းရင်းသားပါတီများ ပါဝင်ခွင့်ဆိုင်ရာ ကိစ္စရပ်များကို ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် တွေ့ဆုံမေးမြန်းပြီး ထုတ်နုတ်တင်ပြလိုက်ရပါသည်။
Voice : ပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ တွေ့ဆုံဆွေးနွေးဖို့ကို ရခိုင်အမျိုးသားပါတီက သုံးဦးပါ အဖွဲ့ကို ဖွဲ့စည်းခဲ့တယ် ဆိုတာကို သိရပါတယ်။ ဒီအပေါ်မှာ NLD ပါတီက တုံ့ပြန်မှု မရှိခဲ့ဘူးလား ခင်ဗျ။
DR.AM : ကျွန်တော်တို့က ရွေးကောက်ပွဲအလွန် ကာလမှာ ပါတီဗဟိုကော်မတီ အစည်းအဝေးကို လုပ်ပါတယ်။ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆိုတာကိုလည်း လုပ်ပါတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ ၃၉ ဦး ရှိပါတယ်။ သူတို့ရဲ့ တာဝန်ပေးချက်အရ ကျွန်တော်တို့ပါတီက ဆွေးနွေးမယ့် အခြေခံလေးတွေကို သတ်မှတ်ပေးပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖိတ်ခေါ်လို့ရှိရင် ဆွေးနွေးဖို့အတွက် လူကို ရွေးပေးပါတယ်။ ကျွန်တော်တို့က တွေ့ဆုံဆွေးနွေးပြီးမှ မြန်မာနိုင်ငံရေး အခင်းအကျင်းလေးကို ကျွန်တော်တို့ သွားချင်တယ်။ အဲဒီသဘောပဲ ကျွန်တော်တို့က တွေ့ဆုံဖို့အတွက်ကို စောင့်လည်းစောင့်တယ်၊ မျှော်လည်းမျှော်လင့်တယ်။ တွေ့ဆုံပြီးမှ မြန်မာ့အခြေအနေ၊ ရခိုင့်အခြေအနေကို ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတဲ့ သဘောနဲ့ သွားပါတယ်။ သို့သော်လည်း ယနေ့အချိန်အထိ တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းကို ကျွန်တော်တို့ဘက်က မမြင်ဘူးပေါ့နော်။
Voice : မနေ့က ကြေညာချက်က NLD ပါတီ ရခိုင်ပြည်နယ် ဥက္ကဋ္ဌ ဦးညီပု ပြောသွားတဲ့ ရခိုင်ပြည်နယ် အစိုးရကို NLD ပါတီက ဦးဆောင်ပြီးဖွဲ့မယ် ဆိုတာကို ဦးတည်ထားတာကို တွေ့ရတယ်ဗျ။
DR.AM : ဟုတ်ပါတယ်။ ဒုတိယအကြိမ် NLD ပါတီရဲ့ တာဝန်ပေးချက်အရလို့ ပြောပြီး ဦးညီပုရဲ့ ပြည်နယ်အစိုးရကို NLD က ဦးဆောင်ပြီး ဖွဲ့စည်းမယ်ဆိုတဲ့ သဘောနဲ့ ချဉ်းကပ်လာတယ်။ ဦးညီပုရဲ့ ချဉ်းကပ်မှုဟာ ကျွန်တော်တို့ပါတီကို အသိအမှတ်မပြုရာ ကျမနေဘူးလား။ ကျွန်တော်တို့ရဲ့ ရုံးချုပ်ဟာ စစ်တွေမှာ ရှိတယ်ဗျာ။ ပါတီဘက်က ထိပ်ပိုင်းလူကြီး သုံးယောက်ကို ဆွေးနွေးဖို့အတွက် ရင်ဖွင့်ထားတယ်ဗျာ။ အဲဒါကို အသိအမှတ်မပြုဘဲနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်နယ်အဆင့်က လူကို လွှတ်ပြီးတော့ ကျွန်တော်တို့ပါတီကို ဖိတ်စာလေး ကမ်းတယ်ဗျာ။ လာရောက်တက်ပေးပါ၊ သူတို့ဆွေးနွေးပွဲကို တက်ပေးဖို့ ဒီလောက်ပဲ ဖိတ်ခံရတဲ့ ကျွန်တော်တို့ပါတီ အဆင့်ဟာ ဘယ်ရောက်သွားပြီလဲ။ ကျွန်တော်တို့မှာ တန်းတူအခွင့်အရေး မရှိဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတ်မှတ်တဲ့ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခွင့် ကျွန်တော်တို့ ခေါင်းဆောင်တွေဆီမှာ မရှိဘူးလား။ ပြည်ထောင်စုအရေး အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးကို တန်းတူဆွေးနွေးနိုင်ဖို့ ကျွန်တော်တို့မှာ အခွင့်အရေး မရှိဘူးလား။
ဒီလိုမျိုး တန်းတူရပိုင်ခွင့်တွေတောင် မရရင် ကျွန်တော်တို့၊ ခင်ဗျားတို့ ပြောနေတဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတာ ပါးစပ်ပြောပဲ ရှိမှာပေါ့ဗျာ။ လက်တွေ့မပါရင် ပြည်ထောင်စုကို ဘယ်လိုရင်ကြားစေ့မှာလဲ၊ အပစ်အခတ်ရပ်စဲအောင် ဘယ်လိုလုပ်မှာလဲ၊ ပါးစပ်ပြောပဲ ရှိမှာပေါ့ဗျာ။ အာဏာမရခင်က တစ်မျိုး အာဏာရပြီးတဲ့အခါ တစ်မျိုးဆိုရင် ကျွန်တော်တို့ ဘယ်သူ့ကို ယုံရတော့မှာလဲ၊ ဖက်ဒရယ်လို့ တွင်တွင်ပြောတိုင်း ကျွန်တော်တို့က ဖက်ဒရယ်သမားလို့ သတ်မှတ်ရမှာလား၊ ဒီမိုကရေစီ အတွင်တွင်ပြောတိုင်း ဒီမိုကရေစီသမားလို့ အသိအမှတ်ပြုရမှာလား။ လက်တွေ့အသုံးချတတ်ဖို့ လိုတာပေါ့၊ လက်တွေ့နွေးထွေးစွာ ဖိတ်ခေါ်ရမှာပေါ့။ ကျွန်တော်တို့က အားလုံးကြားအောင် ရွှေနားတော်သွင်း ဧချင်းလေးတွေကို လွှင့်တာပါ။
Voice : ကျွန်တော်တို့ သိရသလောက် ရခိုင်အမျိုးသားပါတီ အနေနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကနေ တစ်ဆင့် လွှတ်တော်ထဲ ရောက်လာတဲ့ NLD ပါတီနဲ့ လွှတ်တော်အတွင်း ပူးပေါင်းဆောင်ရွက်မှုအချို့ ရှိခဲ့တာပဲ မဟုတ်ဘူးလား။
DR.AM : NLD က ကြားဖြတ်ရွေးကောက်ပွဲကို ဖြတ်သန်းတယ်လေ။ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို သည်းခံပြီး ကျွန်တော်တို့နဲ့ အတူပြင်ဖို့ ကြိုးစားကြတာပေါ့ဗျာ။ ဒီမိုကရက်တစ် လူ့ဘောင်ကို သွားဖို့အတွက် ရုန်းဖော်ရုန်းဖက်တွေပဲ၊ ကြိုးစားဖော်ကြိုးစားဖက်တွေပါပဲ။ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ဖြတ်တဲ့အခါမှာ ပုံသဏ္ဌာန်လေးတွေက ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီနဲ့ ဦးတည်ချက်လေးတွေ လာတူတာပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပူးပေါင်းကြတာပေါ့။ တွေ့ဆုံဆွေးနွေး အဖြေရှာပြီး မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်ဆိုတာတွေက တူပြီးသားပါ။ အားလုံးလည်း သဘောပေါက်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြင်ချင်တယ် သူတို့က ၅၉ (စ) နောက် ပုဒ်မ ၄၃၆ တို့ကို ပြင်ဖို့ ကြိုးစားသလို ကျွန်တော်တို့ကလည်း ပုဒ်မ ၂၆၁ ပါ ပြဋ္ဌာန်းချက်တွေကို ပြင်ဖို့ ကြိုးစားကြတာပေါ့။
Voice : ကျွန်တော် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အချို့ကို မေးမြန်းဖူးပါတယ်။ သူတို့က တိုင်းရင်းသားပါတီတွေ ပူးပေါင်း ပါဝင်လာရေး အတွက်ကို အမြဲတမ်း တံခါးဖွင့်ထားပါတယ်လို့ ပြောဖူးတယ်ဗျ။ ဒါပေမဲ့ သူတို့က ပါတီကြီးတစ်ခု ဖြစ်တဲ့အတွက် သွားရောက်ညှိနှိုင်းမှုမျိုးထက် ဘယ်သူမဆို ဝင်လာလို့ရတယ် ဆိုတာမျိုးကိုပဲ လမ်းဖွင့်ထားတယ်ဆိုတဲ့ သဘောထား ပေးဖူးတယ်ဗျ၊ အဲဒါကိုရော ဘယ်လိုမြင်ပါသလဲ။
DR.AM : ဒါကတော့ဗျာ ရွေးကောက်ပွဲအပြီး သူတို့ချဉ်းကပ်ပုံက ခင်ဗျားတို့ပဲ စဉ်းစားကြည့်၊ ကျွန်တော်တို့ပါတီက ပါတီငယ်ဖြစ်တော့ ပါတီကြီးတစ်ခုရဲ့ ဖိတ်ခေါ်ချက်ကို လမ်းဖွင့်ပေးထားပါတယ်။ နွေးထွေးစွာ တွေ့ဆုံမှုနဲ့ ဖြေရှင်းချင်တယ်။ ဒါပေမဲ့ သူတို့ချဉ်းကပ်ပုံက ဒုတိယအကြိမ်မြောက် ဖြစ်လာပြီ၊ ဦးဆောင်အစိုးရ ဖွဲ့မယ်ဆိုတဲ့ပုံစံနဲ့ ချဉ်းကပ်လာတယ်။ ခင်ဗျားတို့ သိပါတယ် NLD ပါတီနဲ့ ၁၉၉၀ ကတည်းက မဟာမိတ် လုပ်လာတဲ့ ALD ဆိုတာ ရှိတယ်နော်။ ၂၀၁၀ နီးမှ ပေါ်လာတဲ့ RNDP ဆိုတာရှိတယ်၊ အမျိုးသားအကျိုးစီးပွားအတွက် ကျွန်တော်တို့ ပါတီနှစ်ခုကို ပေါင်းထားတယ်၊ မဟာမိတ် ချိတ်ဆက်တာပေါ့။
အဲဒီတော့ ပြန်တွက်ကြည့်ရင် ကျွန်တော်တို့က မဟာမိတ် ချိတ်ဆက်တာ နှစ်ခုကြားမှာ ရှိတယ်၊ အဲဒီနောက် မဟာမိတ် ချိတ်ဆက်တာကို ပြိုကွဲမှာစိုးလို့ တစ်ခုခုနဲ့ ခိုင်ခိုင်မာမာ ချိတ်ဆက်ဖို့ ဆိုတာနဲ့ ကျန်တဲ့တစ်ခုကို ဖြတ်မယ်လို့လုပ်တိုင်း လုပ်တိုင်း ကျွန်တော်တို့က ဆွေးနွေးစရာလေးတွေ ပေါ်လာတဲ့အခါမှာ၊ မဟာမိတ် ချိတ်ဆက်မှု နှစ်ခုလုံးကို ကျွန်တော်တို့က ယာယီဆိုင်းငံ့တယ် ဆိုတာမျိုးနဲ့ ဖြတ်သန်းနေတယ်။ အဲဒီကာလမှာ NLD ပါတီရဲ့ ဦးညီပု ချဉ်းကပ်မှုရယ်၊ တစ်ဖက်က UNA ရဲ့ လှုပ်ရှားမှုရယ် နှစ်ခုတွေ့ရတယ်။ အဲဒီလိုတွေ့တဲ့ အခါမှာ ကျွန်တော်တို့ပါတီရဲ့ အမျိုးသားအကျိုးစီးပွားအရ ကျွန်တော်တို့ပါတီ ပြိုကွဲသွားနိုင်တယ်၊ အစိုးရဖွဲ့ရေးဆိုတဲ့ မက်လုံးကို ယူပြီးမှ သူ့အခြမ်း ကိုယ့်အခြမ်း ပြိုကွဲသွားနိုင်တယ်။ အဲဒီတော့ ပါတီရဲ့ မဟာဗျူဟာမြောက် ချဉ်းကပ်ချိန်ရောက်ပြီ၊ မဟုတ်ရင် NLD ပါတီရဲ့ ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းရေး ထိုးဖောက်မှုဟာ ရခိုင်အမျိုးသားပါတီကို ပြိုကွဲသွားစေနိုင်သလို ရခိုင်အမျိုးသား အကျိုးစီးပွားကို ဖြိုခွဲလာနိုင်တဲ့ အကြောင်းတရားတွေကို ကြိုတင်သုံးသပ်မိတာပေါ့။ အဲဒါကြောင့် ခုနလို ထုတ်ပြန်ရတာပေါ့ဗျာ၊ ဘာလို့လဲဆို ကျွန်တော်တို့က ဒီမိုကရေစီကို လက်ခံတယ်၊ ပြီးတော့ NLD ကို ယုံကြည်လို့ပါ။
Voice : ရခိုင်ပြည်နယ်လွှတ်တော်မှာ အရေအတွက် အများဆုံး အနိုင်ရရှိထားတဲ့ ရခိုင်အမျိုးသားပါတီက ဝန်ကြီးချုပ်နေရာကို ရယူပြီး ပြည်နယ်အစိုးရ ဖွဲ့စည်းရေးကို ဦးဆောင်ချင်တယ်ဆိုတာ ကြေညာချက်အရ သိရပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်ဝန်ကြီးချုပ်ကို သမ္မတကပဲ တိုက်ရိုက်ခန့်အပ်ရမယ် ဆိုတာပါတော့၊ အခု ပြည်ထောင်စုအစိုးရ ဖွဲ့စည်းနိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ် အရေအတွက် ရထားတဲ့ NLD ပါတီနဲ့ တွေ့ဆုံရမယ်ဆိုရင် ဘယ်လိုညှိနှိုင်းမှုမျိုး လုပ်မလဲ ခင်ဗျ။
DR.AM : ရခိုင်ပြည်နယ်လွှတ်တော်မှာ NLD ကိုးဦးပဲ ရပါတယ်။ တိုင်းရင်းသားရေးရာဝန်ကြီး အပါအဝင်ပေါ့ဗျာ။ ကြံ့ခိုင်ရေးက သုံးဦးပဲ ရပါတယ်၊ ပါလီမန်မှာ ကျွန်တော်တို့က ၂၃ ဦး ရတယ်၊ ရခိုင်ပြည်နယ်မှာ ၃၅ နေရာ ရှိတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ကြံ့ခိုင်ရေးပါတီတုန်းကလည်း ကျွန်တော်တို့ထက် တစ်ဦးလျော့တယ်။ ဒါပေမဲ့ သူက တပ်မတော် ကိုယ်စားလှယ်တွေနဲ့ ပေါင်းပြီး လွှတ်တော်ထဲမှာ အင်အားကြီး နေရာယူတယ်ဆိုတာ ကျွန်တော်တို့ လက်ခံတယ်။ ဘာလို့လဲဆို ကျွန်တော်တို့က အတိုက်အခံအဖြစ်နဲ့ နေရတာကိုး။ အဲဒီကာလမှာတောင် ကျွန်တော်တို့ကို ညှိနှိုင်းဖို့ ကြိုးစားတဲ့အနေနဲ့ တွေ့ဆုံဆွေးနွေးကြပါသေးတယ်။ ရွေးကောက်ပွဲအလွန် ကာလမှာပေါ့လေ၊ တည်ငြိမ်တဲ့ အစိုးရတစ်ရပ် ဖွဲ့စည်းဖို့အတွက် ရခိုင်အမျိုးသားပါတီက ပူးပေါင်းပါဝင်ပါ ဆိုပြီး ဖိတ်ခေါ်ခဲ့တယ်။
ကြံ့ခိုင်ရေးက သူတို့ဆွဲထားတဲ့ ဖွဲ့စည်းပုံအရ တပ်မတော်နဲ့ပေါင်းပြီး အဓိက နေရာယူခဲ့တယ်။ သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့၊ ပြည်ခိုင်ဖြိုးပါတီတို့ ဆိုတာက ပြည်ထောင်စုပါတီလို့ ခံယူထားကြတာကိုးဗျ။ ကျွန်တော်တို့ ရခိုင်ပါတီ၊ မွန်ပါတီ၊ ရှမ်းပါတီလေးတွေက ကိုယ့်ပြည်နယ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို ဦးတည်တဲ့ ပါတီလေးတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေက အဓိက ပြည်နယ်ကို ဗဟိုပြုတယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့၊ ကြံ့ခိုင်ရေးပါတီတို့က ပြည်ထောင်စုကို ဗဟိုပြုတယ်။ အဲဒီတော့ ကျွန်တော်တို့ ဗဟိုပြုတဲ့ ဗဟိုချက်မှာ ကျွန်တော်တို့ ရာခိုင်နှုန်း များတာပေါ့ ဒီမိုကရေစီ သဘောအရလေ၊ ပွင့်ပွင့်လင်းလင်းပြောရင် အဓိက Majority (အများစု) နေရာကို ကျွန်တော်တို့ ရတာပေါ့ဗျာ။
အဲဒါကို အသိအမှတ်ပြုဖို့က ဖွဲ့စည်းပုံကို ပြင်ဖို့ဆင်ဖို့ ကြိုးစားနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ လုံးလုံးတာဝန်ရှိတယ်။ ပြည်ခိုင်ဖြိုးဆို ကျွန်တော်တို့ ခွင့်လွှတ်နိုင်သေးတယ်ဗျ၊ သူတို့ရေးတဲ့ ဖွဲ့စည်းပုံနဲ့ သူတို့ ကစားတယ် ဆိုပြီးလေ၊ ဒါပေမဲ့ အခုက ကျွန်တော်တို့ ၅၉ (စ) ကို ပြင်မယ် တွင်တွင်ပြောပြီး လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ မဖြစ်နိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်က အစိုးရဖွဲ့ဖို့အတွက် ဦးတည်လာတဲ့ ကာလ၊ ရခိုင်ပြည်နယ်ကို ကျွန်တော်တို့က ကိုယ့်ပြည်နယ်၊ ကိုယ့်ဒေသကို ကိုယ်ဟာကိုယ် အုပ်ချုပ်ချင်တာပေါ့ဗျာ။ Resource Sharing အရ ကိုယ့်ပြည်နယ်အတွက် ရပိုင်ခွင့်ကို တာဝန်ကျေအောင် လုပ်ချင်တယ်၊ တိုင်းရင်းသားပါတီတွေ အားလုံးနဲ့ ချိတ်ဆက်ပြီးတော့ စစ်မှန်တဲ့ ပြည်ထောင်စုဖြစ်အောင် ကျွန်တော်တို့ State Building ကဏ္ဍကို ဆောင်ရွက်သွားမယ်။
အဲဒီမှာ ပြည်ထောင်စုရဲ့ အားသာချက်၊ အားနည်းချက်တွေကို ယူပြီးမှ ကျွန်တော်တို့ ကြိုးစားမယ်၊ ရပိုင်ခွင့်ဆိုတဲ့ Decentralize ကို ရအောင်ယူပြီးမှ ပြည်ထောင်စုကို တည်ဆောက်မှာပေါ့ဗျာ။ Local Government ရဲ့ အရေးပါမှုကို ကျွန်တော်တို့ သဘောပေါက်တယ်။ ပြည်ထောင်စုဆိုတာ ခင်ဗျားသိတဲ့အတိုင်း ဗဟိုမှာ ချုပ်ကိုင်ပြီးမှ ပုဂ္ဂိုလ်တစ်ဦးချင်း ကြီးပွားချမ်းသာသွားတာ များတယ်။ ဗဟိုကဖိ ဗဟိုက ရသွားတာပေါ့၊ ကျန်တဲ့တိုင်းဒေသကြီး ပြည်နယ် နယ်စွန်နယ်ဖျားတွေ အကုန်လုံး စုတ်ပြတ်သတ်သွားတာပေါ့။ သယံဇာတ ခန်းခြောက်သွားတယ်။ အဲဒါကြောင့် ပြည်နယ်တည်ဆောက်ရေး အရေးကြီးတယ် ဆိုတာမျိုး ကျွန်တော်တို့ သိတယ်၊ အဲဒါကြောင့် ပြည်နယ်တည်ဆောက်ရေးကို လုပ်ဖို့ ကြိုးစားနေတဲ့ ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီ ဦးတည်ချက်ကို ဖြိုခွဲလာတဲ့အသွင် ဖန်တီးလာတဲ့အခါမှာ ကျွန်တော်တို့ ခံစစ်ကြောင်း လုံအောင် ပြန်ကာရတာပေါ့။
အဲဒါကြောင့် ဒီကြေညာချက်သည် ကျွန်တော်တို့ ဒီမိုကရေစီ ဘက်တော်သားတွေရဲ့ ရပ်တည်ချက်၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု မူဘောင်ထဲမှာ သွားနေတဲ့ အမျိုးသားပါတီ တစ်ခုရဲ့ ရပ်တည်ချက်ဖြစ်ကြောင်း ကျန်တိုင်းရင်းသားပါတီတွေကို သိစေချင်တယ်။ ပြီးတော့ အစိုးရဖွဲ့ဖို့၊ ဖွဲ့စည်းပုံကိုပြင်ဖို့ ကြိုးစားနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို သိစေချင်တယ်၊ အဲဒီတော့ ကျွန်တော်တို့က တွေ့ဆုံဆွေးနွေးပြီးတဲ့ အခါမှ ရခိုင့်အခြေအနေ၊ မြန်မာ့အခြေအနေ၊ ပြည်ထောင်စု အခြေအနေ၊ ဒီမိုကရေစီ အခြေအနေကို အဖြေရှာချင်ပါတယ်။
(ဟိန်းသွင်ထက်)
------------------------------------------------
ဒေါက်တာအေးမောင်နှင့် တွေ့ဆုံခြင်း (အပိုင်း - ၂) ဆက်လက်ဖတ်ရှုရန် -
https://www.facebook.com/thevoiceweekly/photos/a.164790403541227.32157.158797964140471/1079458892074369/?type=3
> The VOICE မှကူးယူဖော်ပြသည်။
No comments:
Post a Comment