Thursday, January 21, 2016

“NLD က ပြည်နယ်အစိုးရကို ဦးဆောင်ဖွဲ့မယ်လို့ စည်းရုံးတဲ့အပေါ်မှာ ကျွန်တော်တို့ဘက် ဒီလိုထုတ်ပြန်ကြေညာရတာကို ခင်ဗျားတို့က လွန်တယ်လို့ ထင်မလား” [အပိုင်း ၂]


--------------------------------------------------------------------

ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် တွေ့ဆုံခြင်း (အပိုင်း - ၂ )

Voice : ကြေညာချက်ထဲမှာ ပြည်နယ်အစိုးရကို ရခိုင်အမျိုးသားပါတီက ဦးဆောင်ခွင့်မရရင် အခြားမည်သည့်အစိုးရ အဖွဲ့အစည်းမှာမဆို ပါဝင်ခြင်း မပြုဘဲနဲ့ အတိုက်အခံပါတီတစ်ခု အဖြစ် ရပ်တည်သွားမယ်ဆိုတာ ပါတယ်ခင်ဗျ။ ဒါက တစ်ဖက်က NLD ပါတီကို နိုင်ငံရေး အကျပ်ရိုက်စေတဲ့ သဘောထား ဖြစ်နေမလား ခင်ဗျ။

DR.AM : ကျွန်တော် ခုနကပြောသလိုပဲ ညာဘက်လက် ဘယ်ဘက်လက် ဆိုတာ၊ ဦးစားပေး မတူဘူးဗျ၊ ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေက နှစ်ပေါင်း ၆၈ နှစ်လောက် ကြာအောင် မတည်ဆောက်နိုင်ခဲ့တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ ဦးတည်ချက်ကို အကောင်အထည်ဖော်ရမယ့် ကာလလို့ သတ်မှတ်တယ်။ အဲဒီတော့ ကျွန်တော်တို့ ဦးစားပေးမယ်၊ ပြည်နယ်တည်ဆောက်ရေး ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမယ့် အချိန်အခါ။ လက်တွေ့အကောင်အထည်ဖော်တဲ့ အခါမှာ ဘာတွေအခက်အခဲရှိလဲ၊ လက်တွေ့နဲ့ ယှဉ်ပြီးတော့ ဘာတွေပြင်ဖို့ လိုအပ်သလဲ Resource and Sharing ပေါ့။

ရခိုင်အမျိုးသား အကျိုးစီးပွားကို ပြန်လည်တည်ဆောက်တဲ့ အခါမှ ဖြစ်လာမယ့် ပြည်ထောင်စုဆိုင်ရာ ပြဿနာကို ကျွန်တော်တို့ ပြန်ရှင်းဖို့အတွက် ကြိုးစားခြင်းပဲ၊ အဲဒီတော့ ရခိုင်အမျိုးသားပါတီရဲ့ ဦးစားပေးက ရခိုင်ပြည်နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သမ္မတ တင်မြှောက်ရေး၊ ပြည်ထောင်စုအစိုးရ ဖွဲ့စည်းရေး ဆိုတာကို ဦးစားပေးတာကိုး။ အဲဒီအခါမှာ အမျိုးသားပြန်လည်ရင်ကြားစေ့ဖို့အတွက် အားလုံးပါဝင်ရေးဆိုတဲ့ မူနဲ့ သွားနေကြတာ၊ အဲဒါကို ကျွန်တော်တို့ ကြိုဆိုတယ်၊ ဒါပေမဲ့ အားလုံးပါဝင်ရေး ဆိုတာကို သွားတဲ့အခါမှာ သဘောထားကြီးဖို့လိုတယ်။

ခုနက ပြည်ထောင်စုလွှတ်တော်မှာ အများကြီး ရထားတဲ့အတွက် ပြည်ထောင်စုအစိုးရကို ကြိုက်သလို ဖွဲ့စည်းနိုင်တယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံဆိုင်ရာ အားနည်းချက်အရ ပြည်ထောင်စုကို ဦးဆောင်နိုင်မှပဲ ပြည်နယ်အစိုးရကို ဖွဲ့စည်းနိုင်မယ်။ ဒီအားနည်းချက်ကို ကြံ့ခိုင်ရေးက သုံးတယ်၊ အဲဒါကို NLD က ထပ်သုံးမယ်ဆိုရင် NLD ဟာ ကြံ့ခိုင်ရေးနဲ့ တူသွားမှာပေါ့။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆိုတဲ့ စကားကို တွင်တွင်သုံးချင်တယ်ဆိုရင် လက်တွေ့အသုံးပြုသင့် မပြုသင့် ဆိုရင်  ညင်သာတဲ့ ချဉ်းကပ်မှုမျိုးနဲ့ ချဉ်းကပ်ဖို့ လိုတယ်။

Voice : ခုနက ပြောသွားတဲ့အထဲမှာ NLD ပါတီရဲ့ တိုင်းရင်းသားပါတီတွေအပေါ် ချဉ်းကပ်မှုမျိုးဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ချဉ်းကပ်မှုမျိုးနဲ့ မတူဖို့လိုတယ် ဆိုတာမျိုး ပါတယ်ခင်ဗျ။ ဘယ်လိုမျိုးကို ဆိုလိုချင်တာလဲ ခင်ဗျ။

DR.AM : ပြည်ထောင်စုမှာတောင် ရခိုင်အမျိုးသားပါတီက ၂၂ ဦး နေရာရထားတယ်၊ ဒါတွေကို အသိအမှတ်ပြုပေးရမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မည်ကဲ့သို့ပင် ပြဋ္ဌာန်းထားပါစေ NLD ပါတီဟာ တိုင်းရင်းသားတွေအပေါ်ကို USDP နဲ့ မတူတဲ့ ချဉ်းကပ်မှုမျိုးနဲ့ ဖက်လှဲတကင်း ကြိုဆိုတယ်၊ နွေးထွေးတယ်ဆိုတာ ဖြစ်စေချင်တယ်။ ဒီကာလကနေစပြီး ဖက်ဒရယ်ပြည်ထောင်စုရဲ့ အစိတ်အပိုင်းတစ်ခုကို အသိအမှတ် စပြုတယ်ဟေ့လို့ ပြည်ခိုင်ဖြိုးပါတီနဲ့ မတူတဲ့ ချဉ်းကပ်မှုမျိုးနဲ့ လာမယ်ဆိုရင် NLD ပါတီဟာ သမိုင်းပေးတာဝန် ကျေတယ်လို့ သတ်မှတ်လို့ ရမှာပေါ့။ ဒါမှမဟုတ်ရင် ဒီပုတ်ထဲက ဒီပဲပဲလို့ ကျွန်တော်တို့ သတ်မှတ်လိုက်ရမှာလား။

ခင်ဗျားတို့ပြောတဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆိုရာမှာ အဖြေတစ်ခု မရနိုင်ဘူးလား၊ ဒီလိုမျိုး ချဉ်းကပ်မှုမျိုးဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ပီပြင်လာတယ်လို့ မထင်ဘူးလား။ ဒါမျိုးကို NLD ထဲက ထိပ်ပိုင်းခေါင်းဆောင်တွေ တွေးမိမယ်ဆိုရင် ကျွန်တော်တို့နဲ့ ဆွေးနွေးဖို့အတွက် လာလိမ့်မယ်။ ဒီလိုမှ မဟုတ်ဘဲ အာဏာရှင်လိုမျိုး ငါတို့နိုင်ထားတဲ့အတွက် ငါတို့လုပ်တာ ခံရမယ် ဆိုတာမျိုး တွေးတဲ့ပုဂ္ဂိုလ်တွေ NLD မှာရှိရင် NLD မှာ လွှမ်းမိုးလို့ရှိရင်၊ ကျွန်တော်တို့ကို ဆွေးနွေးမှာ မဟုတ်ဘူး။ ဒါဆိုရင်လည်း ကျွန်တော်တို့က လက်ခံတယ်၊ ခံစစ်ကြောင်းအနေနဲ့ ကျွန်တော်တို့က ပြည်ထောင်စုမှာ တိုင်းရင်းသားကိုယ်စားပြု အတိုက်အခံပါတီအဖြစ် ရပ်မယ်၊ ပြည်နယ်မှာလည်း အတိုက်အခံပါတီအဖြစ် ရပ်မယ်။

ကျွန်တော်တို့ ပြည်နယ်အနိုင်ရ လွှတ်တော်အမတ် ၂၃ ယောက် လွှတ်တော်မတက်ဘဲ သပိတ်မှောက်ရင် ပြည်နယ်လွှတ်တော် ခေါ်လို့တောင်ရမှာ မဟုတ်ဘူး၊ အဲဒါပဲ နိုင်ငံရေးဆိုတာ၊ ကျွန်တော်တို့က ဂိမ်းတစ်ခုကို ကစားနေကြတာပါ။ ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းကို ကျွန်တော်တို့က လက်နှစ်ဖက်ဖွင့်ထားတယ်၊ ဘယ်ဘက်၊ ညာဘက်၊ ညာဘက်လက်သည် ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းရေးဆိုရင် ဘယ်ဘက်လက်သည် ပြည်ထောင်စုအစိုးရကို ဝိုင်းဝန်းပံ့ပိုးကူညီရေးဗျ။ ညာဘက်လက်သည် ပထမ ဦးစားပေး၊ ဘယ်ဘက်လက်သည် ဒုတိယ ဦးစားပေး၊ သူတို့ ပြည်ထောင်စုအစိုးရ ဖွဲ့မယ့်ပါတီက ဘယ်ဘယ်လက်ကို ကိုင်ပြီး ညာဘက်လက်ကို နင်းချေပစ်မယ် ဆိုတာမျိုးတော့ ကျွန်တော်တို့ရဲ့ ဦးတည်ချက် ရခိုင်အမျိုးသားပါတီရဲ့ ပြည်နယ်အစိုးရ ဖွဲ့စည်းရေး အာရုံစူးစိုက်မှုကို ဖြိုဖျက်ခြင်းလို့ ကျွန်တော်တို့ ယူဆတယ်။

ဒါတွေအတွက်ကို အခု ပြည်ထောင်စုအစိုးရဖွဲ့ဖို့ ကြိုးစားနေတဲ့ NLD ပါတီမှာ တာဝန်ရှိတယ်။ ပြည်နယ်အစိုးရ ဖွဲ့စည်းရေးဟာ ပြည်ထောင်စုအစိုးရ ဖွဲ့စည်းရေးအတွက် ချိတ်ဆက်မှုလို့ ယူဆလို့ရှိရင် ကျွန်တော်တို့နဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းဖြင့် ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကနေ တစ်ဆင့် သွားချင်တယ်။ ရခိုင်အမျိုးသားပါတီသည် ရခိုင်ပြည်နယ်မှာ အနိုင်ရဆုံးပါတီဆိုတာ သဘောပေါက်ပေးဖို့ လိုပါတယ်။

Voice : ဒီလိုမျိုး ကြေညာချက်ထုတ်ရတဲ့ အတွက် အကျိုးဆက်အနေနဲ့ ဘာတွေဆက်ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားသလဲ။ အကောင်းအဆိုး ရလဒ်နှစ်ခု အတွက် ဘယ်လိုပြင်ဆင်ထားသလဲ ခင်ဗျ။

DR.AM : ရခိုင်ပြည်နယ်မှာ အစိုးရ ဖွဲ့စည်းဖို့အတွက်ကို ဦးညီပုကိုလွှတ်ပြီး စည်းရုံးခိုင်းတာ နှစ်ခါရှိပြီ။ အဲဒီလိုမျိုး သိသာစွာ လှုပ်ရှားလာတဲ့ အတွက်လည်း ကျွန်တော်တို့က ဒီလိုထုတ်ပြန်ရတာပဲလေ။ ဦးညီပု မလာရင် ကျွန်တော်တို့ ဘာမှမပြောဘူး၊ ကျွန်တော်တို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်နယ်ရေးရာနဲ့ ပတ်သက်လို့ ခဏနောက်ဆုတ်ထားတယ်လို့ သုံးသပ်မှာပေါ့၊ အခုဟာက တရားဝင်ကို ဖိတ်ကြားပြီး စည်းရုံးတာ၊ NLD က ပြည်နယ်အစိုးရကို ဦးဆောင်ဖွဲ့မယ်လို့ စည်းရုံးတဲ့အပေါ်မှာ ကျွန်တော်တို့ဘက် ဒီလိုထုတ်ပြန်ကြေညာရတာကို ခင်ဗျားတို့က လွန်တယ်လို့ ထင်မလား။ ကျွန်တော်တို့ဘက်က တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းအတွက် ကြိုတင်ပြင်ဆင်ထားတာတောင်မှ အသိအမှတ်ပြု မခံရပါလား။

မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားပါတီချင်း အတူတူကို တန်းတူအခွင့်အရေး ဆုံးရှုံးတယ်လို့ ကျွန်တော်တို့ ခံစားရတယ်ဆိုရင် ခင်ဗျားတို့ ကိုယ်ချင်းစာစိတ် ရှိမလား။ ရှိမရှိတော့ မပြောတတ်ဘူးပေါ့။ သို့သော် ကျွန်တော်တို့ဟာ အနိုင်ရ လွှတ်တော်အမတ်တွေထဲမှာ တတိယ အင်အားအကြီးဆုံးပါတီ ဖြစ်တယ်၊ ဒါလေးကို အသိအမှတ်ပြုဖို့ဆိုတာ အဓိက အများစု အနိုင်ရပါတီကြီးမှာ တာဝန်မရှိဘူးလားဗျာ။

အဲဒီအခါမှာ ကျွန်တော်တို့ ရပ်တည်ချက်ကို အများပြည်သူသိအောင် ထုတ်ပြန်ရမယ်။ အထူးသဖြင့် NLD ပါတီက စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ ထိပ်ပိုင်းပုဂ္ဂိုလ်တွေ သိအောင် ကြေညာရတယ်။ ဒီလိုလုပ်လိုက်တဲ့ အတွက် နှစ်ခုဖြစ်လာနိုင်တယ်၊ တွေ့ဆုံရေးလမ်းကြောင်း ပွင့်လာနိုင်တယ်။ နောက်တစ်ခု ပိတ်သွားနိုင်တယ်။ လမ်းပွင့်ရင်တော့ ကျွန်တော်တို့ အောင်မြင်တယ်။ လမ်းပိတ်သွားရင်တော့ ဒါသမိုင်းပဲ။ သမိုင်းတရားခံဟာ ရခိုင်အမျိုးသားပါတီလား၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လား ဆိုတာကို ၂၀၁၆ ကနေ ၂၀၂၀ ကို ဖြတ်သန်းတဲ့အခါ မှာ လူထုကပဲ အဆုံးအဖြတ် ပေးသွားမှာပါ။

Voice : ဟုတ်ကဲ့ ဘာများဖြည့်စွက်ပြောလိုပါသလဲ ခင်ဗျ။

DR.AM : ကျွန်တော်တို့ လိုအပ်လို့ ဒီကြေညာချက်ကို ထုတ်တာပါ။ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့တွေ့တယ် အင်မတန် ကြိုဆိုတယ်၊ ဒါ နောက်ကြောင်းပြန်မသွားချင်ဘူး ရင်ကြားစေ့စေချင်တယ်၊ ဒါ ကျွန်တော်တို့ ရင်ထဲက ဆန္ဒပါ၊ အာဃာတတရားတွေကို သင်ပုန်းချေစေချင်တယ်၊ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းရဲ့ ကြားဝင်ညှိနှိုင်း ဆွေးနွေးတာကိုလည်း ကျေးဇူးတင်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့တယ် အင်မတန်ကြိုဆိုတယ်။ ဒီလိုပဲ တိုင်းရင်းသားပါတီလေးတွေ အပေါ်မှာလည်း အသိအမှတ်ပြုစေချင်တယ်။ လုပ်ဖော်ကိုင်ဖက် ဒီမိုကရေစီရဲ့မိတ်ဖက် ဖြစ်စေချင်တယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့အောက်မှာ ရခိုင်တိုင်းရင်းသားတွေ ရှိမှာပေါ့ဗျာ။ ဒီိလိုပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီဝင် ရခိုင်၊ ချင်း၊ ကရင် အစရှိသဖြင့် တိုင်းရင်းသားတွေ ရှိမှာပေါ့။ ဒါပေမဲ့ ကိုယ့်ပါတီဝင် ရခိုင်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ရခိုင်နဲ့ ဦးတည်ချက်၊ ခံယူချက် မတူနိုင်ဘူး၊ အသွင်မတူနိုင်ဘူး။ ပြည်ထောင်စု အစိုးရအဖွဲ့ကို ဖွဲ့စည်းဖို့ ဦးစားပေး ကြိုးစားတဲ့ ပါတီကြီးနဲ့ ပြည်နယ်အစိုးရ ဖွဲ့စည်းရေး ဦးစားပေးတဲ့ တိုင်းရင်းသားပါတီတွေရဲ့ နိုင်ငံရေး ချဉ်းကပ်ပုံချင်း မတူနိုင်ဘူး၊ ဒီလိုမတူနိုင်ခြင်းကပဲ ပြည်ထောင်စုရဲ့ အားပေါ့ဗျာ။

ကျွန်တော်တို့ဟာ ၆၈ နှစ်ရှိပြီ၊ ဖဆပလအောက်မှာလည်း ရခိုင်အမတ်တွေ ဝင်ခဲ့ပြီးပြီ၊ မဆလအောက်မှာလည်း နေခဲ့ပြီးပြီ။ နဝတ၊ နအဖလက်အောက်မှာလည်း ကြံ့ခိုင်ရေးအသင်းလို တည်ဆောက်တဲ့ ပုံစံလေးတွေထဲမှာ ပါခဲ့ပြီးပြီ။ ကျွန်တော်တို့ဘဝဟာ ရှင်ကြီးဝမ်းရော၊ ရှင်ငယ်ဝမ်းလည်း နေပြီးပြီ။ ဘာထူးလဲ။ အားလုံးရဲ့ဇာစ်မြစ်ကို ရှာဖို့လိုပါတယ်၊ ရှင်ကြီးဝမ်း ရှင်ငယ်ဝမ်း နေခဲ့ဖူးတဲ့ တိုင်းရင်းသား လူမျိုးတွေကို စာနာနားလည်သင့်နေပါပြီ။ အဲဒါကြောင့် အသွင်မတူတဲ့ သူရဲ့အမျိုးသားရေး လက္ခဏာတွေအရ အမျိုးမျိုးကွဲပြားနေတဲ့ နိုင်ငံရေးပါတီလေးတွေရဲ့ တန်းတူအခွင့်အရေးတွေကို အသိအမှတ်ပြုပေးဖို့ လိုမယ်၊ ပေးသင့်တဲ့ ဟာလေးတွေကို ပေးဖို့လိုမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ခိုင်ဖြိုးပါတီ လုပ်ခဲ့တာပဲ ငါတို့လည်း ဒီအတိုင်းပဲ ပြည်နယ်ဝန်ကြီးချုပ် အားလုံး လုပ်မယ်ဆိုတာကို မလုပ်ဘဲ ပြန်သုံးသပ်ရင် သူတို့ဘက်က စိတ်ကူးကောင်းတွေ ပေါ်လာနိုင်မှာပါ။

(ဟိန်းသွင်ထက်)
------------------------------------------------
ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် တွေ့ဆုံခြင်း (အပိုင်း - ၁)
https://www.facebook.com/thevoiceweekly/photos/a.164790403541227.32157.158797964140471/1079437908743134/?type=3
>THE VOICE မှကူးယူ​ဖော်​ပြသည်​။

No comments:

Post a Comment