Tuesday, January 12, 2016

လူ့အဖွဲ့အစည်းအတွက် အန္တရာယ် တစ်ခုပဲ

"တစ်နေ့က Sexual Pleasure (ကာမဂုဏ်) အတွက် လူပုံစံတူ စက်ရုပ်တွေ ပေါ်ထွက်လာနေပြီ ဆိုတဲ့အကြောင်း ဖတ်လိုက်ရတယ်၊ ဒါဟာ လူ့အဖွဲ့အစည်းအတွက် အန္တရာယ် တစ်ခုပဲ"

"  အန္တရာယ်တော့ အန္တရာယ်ပဲ၊ သို့ပေမယ့် ဒါဟာလည်း (wave) လှိုင်း တစ်ခုပါပဲ"

"မှန်ပါတယ်၊ လှိုင်းတော့ လှိုင်းပဲ၊ ဒါပေမယ့် ဒီလို လူ့အဖွဲ့အစည်းအတွက် အန္တရာယ် ဖြစ်စေမယ့် လှိုင်းမျိုးကိုတော့ တားမြစ်ကြရမယ်လေ။"

"ဘယ်လိုနည်းလမ်းမျိုးနဲ့ တားမြစ်လို့ ရနိုင်မလဲ"

"အဓိကကတော့ အစိုးရပေါ့၊ အစိုးရက ဥပဒေ တစ်ရပ်ရပ် ပြဋ္ဌာန်းပြီး တားမြစ်သင့်တယ်"

"အဲဒါမှန်ပါတယ်၊ ဒါပေမယ့် တပည့်တော် အမြင်က အစိုးရ တစ်ခုတည်းနဲ့တော့ အရွေ့တစ်ခု၊ လှိုင်းတစ်ခုကို တားမြစ်နိုင်ဖို့ ဆိုတာ မလွယ်ဘူး ထင်တယ်၊ တတ်သိနားလည် သူတွေ အနေနဲ့ အသိပညာ မျှဝေမှုတွေကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ကြရမယ်ထင်တယ်"

"အစိုးရမှာက အုပ်ချုပ်ရေးအာဏာ ရှိတယ်လေ၊ ဒါမျိုး မလုပ်နဲ့၊ ဒါမျိုးတွေ မထုတ်လုပ်နဲ့ ဆိုပြီး တားမြစ်နိုင်ခွင့် ရှိတယ်လေ"

"မှန်ပါတယ်၊ သို့ပေမယ့် အရာရာတိုင်းမှာ အာဏာသုံးပြီး တားမြစ်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးထင်တယ်၊ ဥပမာ- ဆေးလိပ်ကိစ္စ၊ အရက်ကိစ္စ၊ ဒါတွေဟာ လူ့အဖွဲ့အစည်းအတွက် မကောင်းတာတွေပဲ၊ ဒါပေမယ့် နိုင်ငံတိုင်းလိုလိုမှာ အစိုးရက လုံးဝပပျောက်သွားအောင် မလုပ်နိုင်ဘူး၊ အထိန်းအကွပ် တစ်ခုလောက်ပဲ ကန့်သတ်လို့ရကြတယ် မဟုတ်လား"

"ဟုတ်ပြီ၊ ဒါဆို တပည့်တော်တို့တွေလည်း ရွာတွေမှာ ဆေးလိပ်၊ အရက် ကြောင့် မိသားစုတွေ လူ့အဖွဲ့အစည်းတွေ ဘယ်လို ထိခိုက်ရတယ် ဆိုတာတွေ ဟောနေ ပြောနေကြတာပဲ မဟုတ်လား၊ ဘယ်လောက်ထိရောက်လို့လဲ။ ဒါပေမယ့် အစိုးရကသာ ဒါတွေ ဒါတွေ မလုပ်ရ၊ စသည်ဖြင့် တားမြစ်လိုက်မယ် ဆိုရင် အသိပညာပေးတာထက် ပိုပြီးထိရောက်မှာ အမှန်ပဲလို့ တပည့်တော်မြင်တယ်။ ဥပမာ ပေးစရာတွေလည်း ရှိပါတယ်။"

"ပြောပါဦး"

"ဥပမာ- သီရိလင်္ကာမှာပဲ ကြည့်ပါ၊ စီးကရက်စက်ရုံဆိုတာ မရှိဘူး၊ အရက်ချက်စက်ရုံ ရှိတယ်လို့လည်း မကြားဖူးဘူး၊ စီးကရက်ကြော်ငြာ၊ အရက်ကြော်ငြာတွေ မတွေ့ကြရဘူး၊ စီးကရက် နဲ့ အရက် မရှိဘူးလားဆိုတော့ ရှိတယ်၊ လုံးလုံးတားမရလို့ သူများနိုင်ငံက တင်သွင်းခွင့်တော့ ပြုထားရတယ်၊ သို့သော် တစ်ဖက်မှာ ဈေးနှုန်းကို အင်မတန် မြှင့်ထားတယ်၊ စီးကရက်တစ်လိပ်ကို ရူပီး- ၅၀ (မြန်မာငွေ ၅၀၀ ကျော်) ပေးရတယ်။ အရက်ဈေးကလည်း အင်မတန် မြှင့်ထားတယ်လို့ သိရတယ်၊ ဈေးမြင့်လွန်းတော့ ထင်သလောက် သောက်လို့မရတော့ဘဲ အလိုလို ထိန်းချုပ်ပြီးသား ဖြစ်သွားတယ်၊ လမ်းလယ်ကောင်မှာ မူးပြီး ရမ်းနေတဲ့လူ မတွေ့ကြရဘူး၊ စီးကရက်မီးခိုး တထောင်းထောင်းထအောင် ဖွာရှိုက်နေသူတွေ မတွေ့ကြရဘူး၊ နောက်ပြီး စီးကရက်သောက်တာ အရက်သောက်တာဟာ အင်မတန် ရှက်စရာ ကောင်းတဲ့ အမူအကျင့်တွေ အဖြစ် တစ်နိုင်ငံလုံးက လက်ခံထားလေတော့ စီးကရက် သောက်ရင်တောင် ခိုးကြောင်ခိုးဝှက်ပဲ သောက်ကြတယ်။"

"မှန်ပါတယ်၊ ဒါဟာ အစိုးရရဲ့  စနစ်တကျ ကိုင်တွယ် တတ်မှုရဲ့ အကျိုးသက်ရောက်မှုပါပဲ။ အင်မတန် ထိရောက်တာ အမှန်ပါပဲ။ နောက်ပြီး ခုနက ကိုယ်တော့် ဥပမာမှာပဲ ပါသွားသေးတယ်၊ စီးကရက်သောက်တာ အရက်သောက်တာဟာ အင်မတန် ရှက်စရာ ကောင်းတဲ့ အမူအကျင့်တွေ အဖြစ် လက်ခံထားကြတယ်ဆိုတာလေ၊ တကယ်တော့ ဒါတွေဟာ ရှက်စရာကောင်းတဲ့ အမူအကျင့်တွေ ဖြစ်တယ်ဆိုတာကို သိမြင်အောင် ငယ်ငယ်ကလေးကတည်းက အသိပညာ ပေးထားခဲ့လို့ ဖြစ်တယ်။ အစိုးရ ဥပဒေက အကျိုးအကြောင်း မရှင်းပြဘူး၊ ဒါမလုပ်နဲ့၊ ဒါလုပ်ရင် ဒီပြစ်ဒဏ် ခံရမယ်၊ ဒါလောက်ပဲ ပြောတယ်၊ ပြောတဲ့ အတိုင်း ကိုင်တွယ်တယ်၊ အသိပညာပေးတာကတော့ အဲသလို မဟုတ်ဘူး၊ အကျိုး အကြောင်းရှင်းပြမယ်၊ ဒီလို ဒီလို အကျိုးဆက်တွေ ရှိလို့ ဒါတွေကိုတော့ မလုပ်သင့်ဘူး၊ ဒီလိုတွေ လုပ်တာဟာ လူ့လောကကို ဒုက္ခပေးရာလည်း ရောက်သလို ရှက်စရာလည်း ကောင်းတယ် စသည်ဖြင့် နားလည် လက်ခံလာအောင် လုပ်တယ်။"

" အမှန်ပါပဲ၊ နည်းလမ်း ၂ မျိုးလုံးကို လိုအပ်ပါတယ်။ သို့ပေမယ့် တပည့်တော် ပြောချင်တာက အစိုးရ တစ်ရပ်ရဲ့ အကိုင်အတွယ်တတ်မှုဟာ လှိုင်းအတော်များများကို တားမြစ်နိုင်တယ် ဆိုတာပါပဲ၊ သူတို့ကသာ လွှတ်ပေးထားရင်၊ ဂရုမထားခဲ့ရင် အသိပညာပေးသူတွေက ဘယ်လောက်ပဲ အသိပညာပေးတယ် ဆိုစေကာမူ ထိရောက်သင့်သလောက် ထိရောက်မှာ မဟုတ်ဘူး ဆိုတာပါပဲ"

" မှန်ပါတယ်၊ ဆိုတော့ တပည့်တော်တို့ ဆွေးနွေးခဲ့ကြတဲ့ နည်းလမ်း နှစ်မျိုးလုံးကို သုံးကြရမယ်၊ အစိုးရကလည်း လုပ်သင့်တာ လုပ်ရမယ်၊ တတ်သိနားလည်သူတွေကလည်း အသိပညာ မျှဝေမှုတွေကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ရမယ်။ အဲဒါဆိုရင်တော့ ကာလပေါ် လှိုင်းအတော်များများကို အတိုင်းအတာ တစ်ခုအထိ တားမြစ်နိုင်လိမ့်မယ်။"

" မှန်ပါတယ်၊ ဆွေးနွေးလိုရင်းကို ပြန်ကောက်ရရင်၊ အစိုးရက အဲသလို စက်ရုပ်ထုတ်လုပ်တဲ့ စက်ရုံမျိုးကို တည်ထောင်ခွင့် မပြုသင့်ဘူး၊ လှိုင်းတစ်ခုကို လုံးလုံးလျားလျား မတားနိုင်လို့ ခွင့်ပြုခဲ့ရရင်တောင် ကျယ်ကျယ်ပြန့်ပြန့်မဖြစ်အောင် ထိန်းကွပ်မှုတွေ လုပ်ရမယ်၊ အသိပညာပေးသူတွေ အနေနဲ့ကလည်း မိသားစု နွေးထွေးမှု၊ လူသားအချင်းချင်းကြားမှာသာ အပြန်အလှန် ရရှိနိုင်ကြတဲ့ မေတ္တာ ကရုဏာ စေတနာ တွေ အကြောင်း၊ လူ့အဖွဲ့အစည်းရဲ့ အရေးပါပုံ အကြောင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေ ပေးကြရမယ် ထင်ပါတယ်။"

" ကောင်းလေစွပါ ကိုယ်တော်"

(ဤဆွေးနွေးမှုကို အစပြုခဲ့သော အရှင်ဝရဉာဏ (Vara Nyana ) အားများစွာ ကျေးဇူးတင်ရှိပါကြောင်း)

မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)
12/01/2015
Credit > uplodar

No comments:

Post a Comment