Thursday, December 31, 2015

ဒီဇင်ဘာ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့သော မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော် အကြား တိုက်ပွဲတွင် လက်နက်ကြီးများ အသုံးပြုခဲ့

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

ယမန်နေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့က ကျောက်တော်မြို့နယ်တွင် ဖြစ်ပွား ခဲ့သော မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်မတော် အကြား တိုက်ပွဲတွင် မြန်မာ့တပ်မတော်မှ လက်နက်ကြီးများကို အသုံးပြု တိုက်ခိုက်ခဲ့သည်ဟု သတင်း ရရှိသည်။

“ တိုက်ပွဲ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီကနေ့ နံနက်ကတော့ မဟာမြတ်မုနိက အရှေ့ဘက် စစ်တွေ- ရန်ကုန် ကားလမ်းက လေးငါးခြောက်မိုင်မှာ လက်နက်ကြီး အသံ လေးငါး ဆယ်ချက်လောက်တော့ ကြားရတယ်လို့ သိရတယ်ဗျ။ အထိ အခိုက်အကျ အဆုံးကိုတော့ မသိရသေးပါဘူး” ဟု ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။ 

လွန်ခဲ့သော တစ်ရက် နှစ်ကတည်းက မဟာမြတ်မုနိ အရှေ့ဘက် လေးငါးမိုင်အကွာ တိုက်ပွဲ ဖြစ်ကြောင်း ရွာသားများမှ တဆင့် ကြားသိရကြောင်း၊ တိုက်ပွဲ ဖြစ်ပွားနေသော နေရာမှာ ရွာများနှင့်လည်း ဝေးလွန်းသဖြင့်အသေးစိတ် မသိရှိရကြောင်း၊  အထိအခိုက် အကျဆုံးမှာ စစ်တပ်နှင့် ဆိုင်သော ကိစ္စဖြစ်၍ မိမိတို့ မသိရှိကြောင်း ပြောကြားသည်။

ယခု တိုက်ပွဲများ ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်ပြီး ရက္ခိုင်တပ်မတော်အား ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းက ဆက်သွယ် မေးမြန်းရာ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ယခုလို ပြောကြားသည်။

“ တိုက်ပွဲ ဖြစ်တာက ဒီလ ၂၇ ရက်နေ့မှာ  စဖြစ်ပါတယ်။ ရက္ခိုင့်တပ်မတော် လှုပ်ရှား စစ်ကြောင်းနဲ့ မြန်မာစစ်တပ်ရဲ့ လက်အောက်ခံစစ်ကြောင်း စကခ ၉ လက်အောက်ခံ တပ်ရင်းတွေ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲတွေ စဖြစ်တယ်။ ဆိုတော့ အဲဒီနေ့ ၁၀ နာရီလောက်မှာ စဖြစ်တယ်။ စဖြစ်တော့ သူတို့ဘက်က  အရာရှိ အပါအ၀င်  ၂၀ လောက်ကျဆုံပြီးတော့ ဆုတ်သွားတယ်။ နောက်တစ်နေ့ ၂၈ ရက်နေ့မှာ သူတို့ နောက်ထပ် အင်အား ထပ်ဖြည့်ပြီး ပြန်တက်လာတယ်။ အဲဒီနေ့မှာလည်း ထပ်ပြီးတော့  ပထမနေ့ထက် ထပ်ကျတယ်။ နောက်ထပ် ဆုတ်သွားတယ်။ နောက်ထပ် တက်လာတယ်။ ဆိုတော့  တိုက်ပွဲက ဒီနေ့ဆိုရင် လေးရက်မြောက် နေ့ ကို ရောက်လာပြီး တိုက်ပွဲက တစ်နေ့ပြီး တစ်နေ့ ပိုပြီး ပြင်းထန်လာတယ်လို့ ပြောလို့ရတယ်။ အခုနကဘဲ လွန်ခဲ့တဲ့ နာရီပိုင်းအတွင်းလောက်မှာဘဲ သူတို့ဘက်က  လက်နက်ကြီးတွေ စပြီး ပစ်နေတယ်ဆိုတော့ ကျွန်တော် ရခိုင်ပြည်အတွင်းမှာ တစ်ခါမှ ဒီလို အနေအထားမျိုး တစ်ခါမှ ဖြစ်တာ မရှိဘူး။ တိုက်ပွဲက လက်နက်ကြီးစစ်ကူတွေ စသုံးပြီးတော့ တိုက်ပွဲက ပိုပြီး ပြင်းထန်တဲ့ ပုံကို ပြနေပါတယ် ခင်ဗျား” ဟု ပြောသည်။

တိုက်ပွဲ ဖြစ်ပွဲ အတွင်း ဒီဇင်ဘာလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တွင် ရက္ခိုင့်တပ်မတော်မှ ရဲဘော် နှစ်ဦး ကျဆုံးသွားခဲ့သည်ဟု သူက ဆိုသည်။

“ ကျွန်တော်တို့ဘက်ကတော့ အတိအကျ ပြောလို့ ရပါတယ်။ ကျွန်တော်ဘက်က ၂၇ ရက်နေ့မှာတော့ ကျွန်တော်တို့ဘက်က ရဲဘော် တစ်ဦး တိုင်းပြည်အတွက် အသက် ပေးလှူသွားတယ်။ မနေ့က ညတိုက်ပွဲမှာ ကျွန်တော်ဘက်က အခြားအဆင့်ရှိတဲ့ တစ်ယောက် ကျတယ်။ ညတိုက်ပွဲမှာ ဒီရန်သူ မြန်မာစစ်တပ်က တချို့ဆိုရင် ကစဉ့် ကလျား  ဖြစ်ပြီး ကျန်နေခဲ့တဲ့ အဖွဲ့တွေရှိတယ်။ အဲဒါကို ညတိုက်ပွဲဖြစ်ပြီး လိုက်ရှင်းတဲ့ အခါ တစ်ယောက်ကျတယ်။  မြန်မာ တပ်မတော် ဘက်ကတော့ ဒီကြားထဲမှာ မြေပြင် တပ်မှူးတွေရဲ့ သတင်းပို့ချက်အရ လေးရက်ပေါင်းမှာ သူတို့ဘက်က ရှစ်နဲ့ တစ်ရာ နီးပါးလောက်ကျတယ်။ ဒဏ်ရာ ရထားတာကလည်း သူတို့ တစ်ရာလောက်တော့ ရှိပြီ။  ၃၇၇၊ ၃၇၈၊ ၃၀၈ တပ်ပျက်တဲ့ အထိ အဲသလိုမျိုး လုံးဝ ဖွဲ့စည်းပုံ ပျက်သွားတဲ့ အထိ ဖြစ်သွာတယ်။ ကျွန်တော်တို့ဘက်က လက်နက်ခဲယမ်း မီးကျောက်တွေ တော်တော်လေးသိမ်းဆည်းရမိထားပါတယ်။ အဲဒီဘက်ကစာရင်းတွေ တိတိကျကျ မတက်လာသေးတော့ အသေးစိတ် မပြောနိုင်သေးဘူး” ဟုသူက ပြောသည်။   

ဒေါက်တာညိုထွန်းအောင် ပြောဆိုသော မြန်မာ့တပ်မတော်ဘက်မှ အကျအဆုံး အရေအတွက်နှင့် ပတ်သက်ပြီး နိရဉ္စရာအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိပါ။

တိုက်ပွဲမှာ ရပ်တန့်သွားနိုင်မည် မဟုတ်ဘဲ ဆက်ပြီး ပြင်းထန်လာနိုင်ရန် အခြေအနေရှိနေကြောင်း သူက ဆက်လက် ပြောဆိုသည်။

ရက္ခိုင့်တပ်မတော်ကို ၂၀၀၉ ခုနှစ်တွင်KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ထိန်းချုပ်ရာ နယ်မြေတွင် တည်ထောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်ကစပြီး ရခိုင်ပြည်နယ်အတွင်းသို့ ထိုးဖောက်လှုပ်ရှားလာရာမှ မြန်မာ့တပ်မတော်နှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။

ရက္ခိုင့်တပ်မတော်မှာ နိုင်ငံတော် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထဲတွင် မပါဝင်သေးသလို လာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန်လည်း ဖိတ်ကြားခြင်း မခံရဘဲ ဘေးဖယ်ခံထားရသော  ရခိုင်ပြည်နယ်မှ အင်အားအကြီးဆုံး လက်နက်ကိုင် အဖွဲ့အစည်း တစ်ခု ဖြစ်သည်။
ARAKAN STATE [FB] မှကူးယူ​ဖော်​ပြသည်​။

No comments:

Post a Comment