Wednesday, December 30, 2015

အစိုးရကတော့လုပ်ချလိုက်ပြန်ပြီ

လိပ်ကျွန်းအမှုအတွက်လူတွေအာရုံစိုက်နေချိန်မှာ အစိုးရကတော့လုပ်ချလိုက်ပြန်ပြီ
(29-12-2015)မနေ့က ပြည်ထောင်စုလွှတ်တော်မှာကျောက်ဖြူအထူးစီးပွားရေးဇုံအကောင်အထည်ဖော်မှုအတွက်မဲခွဲဆုံးဖြတ်လိုက်ပါတယ်။ နိုင်ငံတော်သမ္မတက သ၀ဏ်လွှာပေးပို့တာကို မဲခွဲဆုံးဖြတ်ရာမှာ- ထောက်ခံမဲ = ၄၂၄ မဲ ၊ ကန့်ကွက်မဲ = ၂၃ မဲ ၊ ကြားနေမဲ = ၂ မဲနဲ့ မဲခွဲအနိုင်ရရှိသွားပါတယ်။ ကျောက်ဖြူအထူးစီးပွားရေးဇုံဟာမြန်မာနိုင်ငံ၏အကြီးမားဆုံးအထူးစီးပွားရေးဇုံတစ်ခုဖြစ်ရုံသာမက အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယ၊ တရုတ်၊ ဒေသတွင်းအာဆီယံနိုင်ငံများ၊ အရှေ့အလယ်ပိုင်းနိုင်ငံများ၊ တောင်အာဖရိကနိုင်ငံများ စတဲ့နိုင်ငံများရဲ့စီးပွားရေးထွက်ပေါက်တစ်ခုအဖြစ်တည်ရှိနေပါတယ်။ မြန်မာနိုင်ငံတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုံ၊ သီလ၀ါအထူးစီးပွားရေးဇုံများထက် ၃ဆကျော်ပိုအကုန်အကျခံကာတည်ဆောက်သွားမှာဖြစ်ပါတယ်။ ကျောက်ဖြူအထူးစီးပွားရေးဇုံဟာမြန်မာနိုင်ငံအတွက်အလွန်တစ်ရာမှအရေးပါတဲ့စီးပွားရေးနယ်မြေတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံတွက်သာမက ကမ္ဘာ့နိုင်ငံများကပါစောင့်ကြည့်နေတဲ့၊ အရေးပါတဲ့စီးပွားရေးဈေးကွက်တစ်ခုဖြစ်ပါတယ်။
ပြောချင်တာတစ်ခုက ဒီစီးပွားရေဇုံကရရှိတဲ့ အကျိုးအမြတ်များကို မြန်မာပြည်သူတွေ၊ ဒေသခံလူထုတွေ ဘယ်လောက်ထိအကျိုးခံစားခွင့်ရမလဲဆိုတာပါပဲ။ မနေ့ကပြည်ထောင်စုလွှတ်တော်မှာဆုံးဖြတ်လိုက်တဲ့အတည်ပြုချက်နဲ့အတူနိုင်ငံတော်အစိုးရကသဘောတူထားတာက ပြည်ပရင်းနှီးမြုပ်နှံသူတွေက- ရရှိလာတဲ့အမြတ်အစွန်းရဲ့ ၈၅% ကိုရယူခံစားရမှာဖြစ်ပြီး၊ နိုင်ငံတော်က ၁၅% သာရရှိမှာဖြစ်ပါတယ်တဲ့ဗျာ။ ဒါဘယ်လိုမှလက်ခံနိုင်စရာမရှိပါဘူး။ အရင်းရှင်တွေက အသား၊ အဆီတွေကိုစားသုံးပြီး ပြည်သူတွေကို အရိုးကျွေးတဲ့သဘောပါပဲ။ အဲဒီ ၁၅%ဆိုတာ ပြည်ထောင်စုအစိုးရကိုပေးရမှာဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရတောင် ၁၅%ပဲရမှတော့ ပြည်နယ်အစိုးရဆိုတာ ၁%တောင်ရရှိဖို့မလွယ်ကူပါဘူး။ ကျောက်ဖြူမြို့ဟာ ရခိုင်ပြည်နယ်ရဲ့ သယံဇာတပေါကြွယ်ဝတဲ့မြို့နယ်တစ်ခုဖြစ်ပါတယ်။ ကျောက်ဖြူမြို့နယ်က ရေနံထွက်တယ်၊ ဂက်(စ်)ထွက်တယ်။ ကျောက်ဖြူမြိုနယ်ကထွက်တဲ့ Gas ကိုတရုတ်ပြည်ကိုတိုက်ရိုက်ပိုက်လိုင်းသွယ်ပြီးပို့တယ်။ ဒေသခံပြည်သူတွေအတွက်အကျိုးခံစားခွင့်ဘာမှမရှိဘူး။ Gas ထွက်တဲ့တွင်းကိုဖင်ခုထိုင်ပြီး ညဖက်ရောက်ရင်ဖယောင်းတိုင်မီးထွန်းပြီးနေရတယ်။ ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး။ လူမှုရေးတွေမှာ အောက်ဆုံးရောက်နေတယ်။ စီးပွားရေးအပိုင်းမှာ- ကြီးပွားချမ်းသာဖို့အတွက် အလုပ်အကိုင်အခွင့်အလမ်းဘာမှမရှိဘူး။ တစ်နေ့လုပ်တစ်နေ့စားတွေများပြားနေတယ်။ လယ်ထွန်၊ ငါးရှာ၊ တောင်ယာစိုက်၊ ကျပန်းလုပ် တဲ့သူတွေအလွန်များနေတယ်။ ဘ၀တက်လမ်းအတွက်အလုပ်တစ်ခုလိုချင်ရင် ရခိုင်ပြည်ကိုစွန့် ပြည်ပထွက် အလုပ်လုပ်၊ ပြည်ပမှာ လူမတူအောင်လုပ်၊ သူများအနှိမ်ခံဘ၀နဲ့နေ၊ အခုလက်တွေ့ ထိုင်းမှာမတရားတာခံနေရတယ်၊ သူများစော်ကားတာခံနေရတယ်။ ဒါဟာကိုယ့်ပြည်တွင်းမှာစီးပွားရေးလုပ်ကိုင်စားသောက်စရာအခွင့်အလမ်းမရှိလို့ဖြစ်ရတဲ့အကြောင်းအရင်းပဲ။ ပညာရေးအပိုင်းမှာကြည့်ရင်လည်း- စာသင်ကျောင်းတွေလုံလုံလောက်လောက်မရှိ၊ နွားတင်းကုတ်သာသာစာသင်ကျောင်းတွေမှာစာသင်နေရတယ်။ အမိုးအကာမလုံတဲ့စာသင်ကျောင်းတွေ၊ စာသင်ခုံ၊ ပြဌာန်းစာအုပ်လုံလုံလောက်လောက်မရှိတဲ့စာသင်ကျောင်းတွေတစ်ပုံကြီးပဲ။ စား၊၀တ်၊နေ၊ရေးအတွက်ရုန်းကန်ရင်း ပညာကိုကောင်းကောင်းမသင်နိုင်ဘဲ ပညာရေးတစ်ဝက်တစ်ပျက်နဲ့ကျောင်းထွက်လိုက်ရတဲ့ လူငယ်တွေ ဒုနဲ့ဒေးပါပဲ။ ပညာရေးကိုဆုံးခန်းတိုင်အောင်မသင်လိုက်ရတော့အရာရာမှာ အောက်ကျနောက်ကျနဲ့ နေနေရတယ်။ လူများစော်ကားတာခံနေရတယ်။ ဘ၀တက်လမ်းတွေကိုလည်းမမြင်နိုင်တော့ဘူး။ အကြောက်တရားတွေနဲ့အသက်ရှင်သန်နေရတယ်။ ကျန်းမာရေးအပိုင်းမှာလည်း- ဆေးရုံ၊ဆေးခန်း အလုံအလောက်မရှိဘူး။ ဆေးရုံတွေမှာလည်း ဆေးပစ္စည်းမလုံလောက်ဘူး။ မကျန်းမာရင်လည်းဆေးရုံ၊ ဆေးခန်းသွားဖို့ ငွေရေး ကြေးရေးချို့တဲ့ တဲ့အတွက်အနားကိုတောင်မရောက်နိုင်ဘူး။ နေမကောင်းဖြစ်ခဲ့ရင် နီးစပ်ရာဆေးမြီးတိုလေးတွေနဲ့ဖြေရှင်းနေရတယ်။ ကျန်းမာရေးဆိုင်ရာဗဟုသုတမရှိတဲ့အတွက် အသက်ဆုံးရှံးမှုတွေအများအပြားကြုံတွေ့နေရတယ်။ ကျန်းမာရေးဆိုင်ရာပြသနာတစ်စုံတစ်ရာပေါ်ပေါက်လာခဲ့ရင်လည်း ဆေရုံ၊ဆေးခန်းဆိုတာသူတို့နဲ့မဆိုင်တဲ့နေရာအဖြစ်ရှုမြင်နေကြတယ် (ဆေးရုံတက်ရန်ငွေကြေးမပြည့်စုံခြင်း၊ ဆေးရုံသို့သွားရောက်ရန် လမ်းခရီးအဆင်မပြေခြင်း၊ ဆေးရုံတက်နေချိန် နေထိုင်စားသောက်ရေး ပူပန်နေရခြင်း၊ ဆေးရုံတွင်းနှိမ့်ချဆက်ဆံခံရခြင်း တို့ကြောင့်ဖြစ်သည်)။ လူမှုရေးအပိုင်းတွင်လည်း- တစ်ခြားပြည်နယ် ပြည်မများသို့ ကူးလူးဆက်သွယ်ရန်လမ်းခရီးမကောင်းဘူး။ လူချင်းအတူတူ တစ်ထစ်လျော့ချဆက်ဆံခြင်းခံရတယ်။ အရက်၊ မူးယစ်ဆေးဝါးများနဲ့ အဖျက်စီးခံထားရတယ်။ အတွေးအခေါ်များကိုအရိုက်ချိုးခံထားရတယ်။
ဒီလိုအဖက်ဖက်ကချွတ်ခြုံကျနေတဲ့ပြည်နယ်တစ်ခုကို ဒီပြည်နယ်ကထွက်တဲ့သယံဇာတကရလာတဲ့အကျိုးအမြတ်တွေနဲ့ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးသင့်ပါတယ်။ ဒါပေမယ့် ပထမတစ်ခေါက် Gas တုန်းကလည်း ဘာအကျိုးခံစားခွင့်၊ ဘာဖွံ့ဖြိုးတိုးတက်မှုမှမပြုလုပ်ပေးခဲ့ပါဘူး။ တရုတ်ကိုရောင်းထားတဲ့ Gas ကရရှိတဲ့အကျိုးအမြတ်တွေကိုသာ ရခိုင်ပြည်နယ်အစိုးရကိုခွဲဝေသုံးစွဲခွင့်ပေးမယ်ဆိုရင် ရခိုင်လူမျိုးတစ်ယောက်ချင်းစီကိုတစ်ကိုယ်လုံးရွှေချထားနိုင်တယ်လို့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးကပြောဖူးပါတယ်။ ဒီလောက်ဆိုရင်အကျိုးအမြတ်ဘယ်လောက်ရလဲခန့်မှန်းကြည့်လို့ရပါပြီ။ အခုတစ်ခါ အထူးစီးပွားရေးဇုံကိုအကောင်အထည်ဖေါ်လာပါပြီ။ ဒီတစ်ခါလည်းဒေသခံရခိုင်လူမျိုးအတွက်ဘာအကျိုးခံစားခွင့်မှရရှိဖို့မမြင်ပါဘူး။ ပြည်ထောင်စုအစိုးရတောင် စေတနာသဒ္ဓါတရားထက်သန်စွာနဲ့ ၁၅% ပဲယူမယ်ဆိုတော့ ရခိုင်ပြည်နယ်အစိုးရအတွက်ရရှိလာမယ့်ဘတ်ဂျက်ဟာအားရစရာမကောင်းလောက်ပါဘူး။ ရခိုင်သားတွေခေါင်းပေါ်ရွက်ထားတဲ့ နတ်သုဒ္ဓါထည့်ထားတဲ့ရွှေလင်ဗန်းဟာ ရခိုင်တွေအတွက်အနံ့တောင်ခံဖို့မဟုတ်ပါဘူး။

Kyaw N Soe fb မှ ကူးယူ​ဖော်​ပြသည်​။

No comments:

Post a Comment