Thursday, November 12, 2015

ABSDF တောတွင်းပြန် ရခိုင် ကျောင်းသားခေါင်းဆောင်ဟောင်း တစ်ဦး ရွေးကောက်ပွဲတွင် ပထမဆုံး အနိုင်ရ

လူသာကျော် (ရခိုင်)
ရန်ကုန်၊ နိုဝင်ဘာ ၁၁

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ရခိုင်စစ်ဒေသ)၊ ၉၀၁  တပ်ရင်း တွင် တာဝန် ထမ်းဆောင်ခဲ့သော ကျောင်းသား ခေါင်းဆောင်ဟောင်း တစ်ဦးသည် နိုဝင်ဘာလ ၈ ရက်နေ့က ပြုလုပ်သော အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။

၎င်းကျောင်းသာခေါင်းဆောင်ဟောင်းမှာ ရသေ့တောင်မြို့နယ် အမှတ် (၁) ပြည်နယ် လွှတ်တော်ကို ကိုယ်စားပြုပြီး ပါဝင် ယှဉ်ပြိုင်ခဲ့သူ ရခိုင်အမျိုးသားပါတီမှ ဦးဦးသန်းနိုင်ဖြစ်သည်။

ဦးဦးသန်းနိုင်သည် ၁၉၈၈ က ကောလိပ် ဒုတိယနှစ် ရုက္ခဗေဒ အဓိကဖြင့် စစ်တွေ ကောလိပ်တွင် ပညာသင်ကြားခဲ့ပြီး ယင်းနှစ်တွင်  ပေါ်ပေါက်ခဲ့သော ရှစ်လေးလုံး အရေးတော်ပုံအတွင်း ရသေ့တောင်မြို့နယ် ကျောင်းသား သမဂ္ဂတွင် အထွေထွေ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။

၈၈ အရေးအခင်းပြီးနောက် ဘင်္ဂလာဒေ့ရှ် နယ်စပ်သို့  ရခိုင်ကျောင်းသား လူငယ် အများအပြား တောခိုခဲ့ရာ ထိုအထဲတွင် ဦးဦးသန်းနိုင်လည်း ပါဝင်ခဲ့သည်။

၎င်းနောက်ပိုင်းတွင် ဦးဦးသန်းနိုင်သည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် (ရခိုင်စစ်ဒေသ)-  ABSDF ( Arakan) တွင် ဗဟိုကော်မတီဝင် တစ်ဦး ဖြစ်လာပြီး ပြန်ကြားရေးဌာန တာဝန်ခံ ဖြစ်လာခဲ့သည်။

၁၉၉၃ ခုနှစ်တွင် ယင်းအချိန်က န၀တ စစ်အစိုးရမှ ကျောင်းသားများကို ပြန်လာကြရန် ဖိတ်ခေါ်ခဲ့ရာ ဦးဦးသန်းနိုင်လည်း တစ်ခြားကျောင်းသား အများအပြားနှင့် အတူ ပြည်တော်ပြန်သွားခဲ့သည်။

ပြည်ထဲပြန်ရောက်ပြီးနောက် ဆက်လက် ပညာသင်ကြားခဲ့ရာ BSC (Botany) အဓိကဖြင့် သိပ္ပံဘွဲ့ကို ရရှိခဲ့သည်။

၂၀၁၃ ခုနှစ် ကျောက်ဖြူမြို့တွင် ဖွဲ့စည်းသော ၈၈ ကျောင်းသားဟောင်းများ ညီလာခံတွင် ၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ကြပြီး ယင်းအဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ် တာဝန် ယူဆောင်ရွက်ခဲ့သည်။

၂၀၁၅ ခုနှစ် ဧပြီလတွင် ၎င်းအဖွဲ့မှ နုတ်ထွက်ပြီး ရခိုင်အမျိုးသားပါတီ ( ANP) သို့ ၀င်ရောက်ခဲ့ကာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် ရသေ့တောင်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မြေမှ ပြည်နယ် လွှတ်တော်ကို ကိုယ်စားပြု ပါဝင် ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ဘက် ကိုယ်စားလှယ် လောင်းများကို မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။

“ အဓိကတော့ ရသေ့တောင်က ကျွန်တော်ရဲ့ ဇာတိမြေဖြစ်တယ်။ ဒီမြို့နယ်မှာ ကျွန်တော်အနေနဲ့  ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ကျွန်တော် နိုင်သလောက် လုပ်ဆောင်ပေးထားတာရှိတယ်။ ကျွန်တော်ဟာ ဘယ်လို လူစားမျိုး ဖြစ်တယ်။ ဒေသ အတွက် အကျိုးပြုမယ့်သူလား၊ ဒေသကို အကျိုးယုတ်အောင် လုပ်မယ့်သူလား ဆိုတာကို ဒေသခံ ပြည်သူတွေ အားလုံးက သိပါတယ်။ ဒီအတွက် ရသေ့တောင်မြို့နယ်သူ မြို့နယ်သားတွေက တစ်ခဲနက် မဲပေးခဲ့ကြတာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

ဦးဦးသန်းနိုင်၏ ဖခင် ဦးစိန်လှအောင်မှာ လက်ရှိ ရခိုင်အမျိုးသားပါတီ ရသေ့တောင်မြို့နယ် ဥက္ကဋ္ဌ ဖြစ်ပြီး ကွယ်လွန်သွားခဲ့ပြီ ဖြစ်သော သူ၏ အဖိုးဖြစ်သူ ဦးကျော်မြဦးမှာလည်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုကော်မတီဝင်၊ ရသေ့တောင်မြို့နယ် ဥက္ကဋ္ဌ ဖြစ်ကာ  ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် ရသေ့တောင်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မြေမှ ပါဝင် ယှဉ်ပြိုင်ခဲ့သည်။

“ အဓိကတော့ ကျွန်တော်တို့ပါတီရဲ့ မူဝါဒ ဖြစ်တဲ့ ဖက်ဒရယ်ရေး၊ တန်းတူရေး ရရှိအောင်  အဓိက ထားပြီး ဆောင်ရွက်သွားပါမယ်။ ပီးတော့ ဒေသဖွံ့ဖြိုးရေးပေါ့။ ရခိုင်ဒေသက အရမ်း နောက်ကျနေတယ် ဆိုတော့ ဒေသ ဖွံ့ဖြိုးရေးကို  အဓိက လုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့  ခံယူထားပါတယ်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးကို အပြောနဲ့ မဟုတ် လက်တွေ့ လုပ်ဆောင်သွားမယ်လို့ ဂတိပြုပါတယ်” ဟု ဦးဦးသန်းနိုင်က နိရဉ္စရာသို့ ပြောဆိုသည်။

ဦးဦးသန်းနိုင်သည် လက်ရှိ အချိန်ထိ ရသေ့တောင်မြို့နယ်တွင် ရေတွင်း၊ ရေကန်များ၊ ရွာချင်းဆက် လမ်းများကို တည်ဆောက်ပေးခဲ့ သလို ယခုနှစ် ဇူလှိုင်လကုန်က ဖြစ်ပွား ခဲ့သော ရေဘေးတွင်းလည်း ရခိုင်အမျိုးသားပါတီသို့ ကျပ်သိန်း (၂၀)၊ ရသေ့တောင်မြို့နယ် ရေဘေး ကယ်ဆယ်ရေး အဖွဲ့သို့ ကျပ် သိန်း (၅၀) လှူဒါန်းခဲ့ပြီး ယင်းငွေများ အပါအ၀င် ဘူးသီးတောင်မြို့နယ်နှင့် တစ်ခြား ဒေသများအတွက် ကျပ် သိန်း ၂၀၀ ကျော်ခန့် ကူညီပေးခဲ့သည်ဟု သိရသည်။
ARAKAN STATE[fb] မှကူးယူ​ဖော်​ပြသည်​။

No comments:

Post a Comment