နိရဉ္စရာ၊ နိုဝင်ဘာ ၂၅
ရခိုင်မင်းတို့ နောက်ဆုံးနန်းစိုက်ရာ မြောက်ဦးမြို့ရှိ နန်းတော်ရာကုန်း မြို့ရိုးတံတိုင်းကို သန့်ရှင်း သပ်ရပ်လှပလာစေရန် ရည်ရွယ်ပြီး ပေါင်းမြက်များကို ရှင်းလင်းရေး ပြုလုပ်နေကြောင်း သတင်းရရှိသည်။
“ စပြီး လုပ်တော တစ်ပတ် ရှိပါပြီ။ ပြည်နယ် အစိုးရက ရန်ပုံငွေ တစ်လကို ၁၈ သိန်းပေးပါတယ်။ ဒီဟာလေးနဲ့ လုပ်နေတာပါ။ အမှန်က မြောက်ဦးနန်းတော်ရာကုန်းထဲမှာ ခြုံနွယ်တွေ ရှိနေတယ် ဆိုတော့ ဧည့်သည်တွေလာတဲ့ အခါ မမြင်ရဘဲ ဖြစ်နေတာတွေရှိပါတယ်။ နန်းတော်ရာကုန်း သန့်ရှင်းလှပပြီး ဧည့်သည်တွေလာရင် အားလုံးကို မြင်နိုင်အောင် ခြုံနွယ်မြက်ပင်တွေကို ရှင်းလင်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်” ဟု ရှေး/သု (မြောက်ဦးဌာနခွဲ)မှ ညွှန်မှူး ဦးညိမ်းလွှင်က ပြောသည်။
ရခိုင်ပြည်နယ် အစိုးရ ရန်ပုံငွေမှ မြောက်ဦးဘုရားများနှင့် ရှေးဟောင်း ယဉ်ကျေးမှု အနုပညာ လက်ရာများကို ပြုပြင်ထိန်းသိမ်းရန် အတွက် တစ်လကို ကျပ် ၁၈ သိန်း ထုတ်ပေးကြောင်း၊ ၎င်းငွေဖြင့် အလုပ်သမား ၂၀ ကို ဌားရမ်းပြီး နေ့စဉ် သန့်ရှင်းရေးလုပ်ငန်းများကို လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း၊ ၎င်းထောက်ပံ့ငွေဖြင့် ဘုရားအဆူ တစ်ရာကျော်ရှိ ပေါင်းမြက်များကို ရှင်းလင်းရေး လုပ်ထားပြီ ဖြစ်ကြောင်း ဦးညိမ်းလွှင်က ပြောဆိုသည်။
တံတိုင်းများကို သန့်ရှင်းရေး လုပ်ရာတွင် ဓားမများကို အသုံးပြုနေသဖြင့် ရှေးဟောင်းတံတိုင်းများ ပဲ့ကြွေကျသွားနိုင်သည့်အတွက် မြောက်ဦး ဒေသခံအချို့မှ စိုးရိမ်မှုများ ရှိနေကြောင်းလည်း သိရသည်။
ထိုသို့ မဖြစ်ရန် စီစဉ်ဆောင်ရွက်နေကြောင်း၊ ယင်းသို့ ပဲ့ကျခဲ့သည်ရှိသော် လာရောက် ပြသနိုင်ပါကြောင်း ရှေး/သု ညွှန်ကြားရေးမှူး ဦးညိမ်းလွင်က နိရဉ္စရာ သတင်းဌာနကို ပြောဆိုသည်။
မြောက်ဦးမြို့ ရှေးဟောင်း ယဉ်ကျေးမှု အနုပညာ လက်ရာများကို မပျက်စီးရအောင် ဆောင်ရွက်နေကြောင်း၊ မြောက်ဦးရှိ ဘုရား စေတီပုထိုးများ အရေအတွက်နှင့် သမိုင်းများကိုလည်း အလွယ်တကူ သိရှိနိုင်ရန် အချက်အလက် Data များကောက်ယူပြီး ကွန်ပျူထဲသွင်းကာ စနစ်တကျ ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟုလည်း သိရှိရသည်။
http://www.narinjara.com/burmese/%e1%80%b1%e1%80%bb%e1%80%99%e1%80%ac%e1%80%80%e1%80%b9%e1%80%a5%e1%80%ae%e1%80%b8%e1%80%94%e1%80%94%e1%80%b9%e1%80%b8%e1%80%b1%e1%80%90%e1%80%ac%e1%80%b9%e1%80%9b%e1%80%ac%e1%80%80%e1%80%af%e1%80%94-2/
No comments:
Post a Comment