Tuesday, November 22, 2016

၂၃၂နှစ်မြောက်ရခိုင်ဘုရင့်နိုင်ငံတော်ကျဆုံးနေ့တွင် ရခိုင်နိုင်ငံလွတ်လပ်ရေး တောင်းဆိုကြမည်ဟု ဆို

အောက်တိုဘာ၊ ၃၀ ၊၂၀၁၆

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ကျရောက်မည့် ၂၃၂ နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော်ကျဆုံးနေ့တွင် ရခိုင်နိုင်ငံတော်အားလွတ်လပ်ရေးပေးရေး ကြွေးကြော်တောင်းဆိုချက်များအား ရခိုင်ပြည်လုံးဆိုင်ရာပြုလုပ်သွားမည်ဟုသိရပြီး ပြည်တွင်းရော ပြည်ပတွင်ပါ တစ်ပြိုင်နက်တည်း တစ်နေ့တည်း တစ်ချိန်တည်း ချိတ်ဆက်လုပ်ဆောင် သွားမည်ဟု ရခိုင်အမျိုးသားရေး တက်ကြွလှုပ်ရှားသူလည်းဖြစ် အစီအစဉ်ဖြစ်မြောက်ရေးကြိုးပမ်းနေသူလည်းဖြစ်သည့် ကိုထွန်းသာဦးမှ
News Watch သတင်းဂျာနယ်သို့ ခုလို ပြောကြားခဲ့သည်။

``ဒီနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ ကျရောက်မှာဖြစ်တဲ့ ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးနေ့မှာ အခါတိုင်းနှစ်များနဲ့ မတူဘဲ အရမ်းကိုထူးခြားတဲ့ အစီအစဉ်တစ်ခု လုပ်ဖို့ရှိပါတယ်။အဲဒါကတော့ ကျတော်တို့ပေါ့နော် ပြည်တွင်းပြည်ပမှာ ရှိကြတဲ့ ရခိုင်အမျိုးသားတွေစုပေါင်း
ချိတ်ဆက်ပြီးတော့ပေါ့ အဲဒီနေ့ အဲဒီရက် အဲဒီအချိန်မှာ တစ်ပြိုင်တည်း တစ်နေ့တည်း တစ်ရက်တည်း တစ်သံတည်းကြွေးကြော်တောင်းဆိုကြမယ့် တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ တောင်းဆိုချက်ကို ကျတော်တို့ လုပ်သွားပါမယ်။အဲဒါကတော့ ရခိုင်နိုင်ငံတော်အား လွတ်လပ်ရေး အမြန်ဆုံးပေးရေး၊ရခိုင်နိုင်ငံတော်အား သိမ်းပိုက်ထားသည့် ဗမာကိုလိုနီစနစ် ဖျက်သိမ်းရေး ဒို့အရေး၊ကမ္ဘ္ဘ္ဘာတွင် ကိုလိုနီစနစ်မရှိတော့ပြီ မရှိတော့ပြီ ၊ ဗမာကိုလိုနီစနစ် အလိုမရှိ အလိုမရှိ စတဲ့ ကြွေးကြော်သံတွေနဲ့အတူ ဗမာအစိုးရကို တစ်ပြိင်နက်တည်း တစ်သံတည်းထွက်ပြီး အပြင်းအထန်ဖိအားပေးတောင်းဆိုသွားမှာပါ။ဒီအစီအစဉ်ဖြစ်မြောက်ဖို့အတွက်ပြည်တွင်းပြည်ပကရခိုင်လူငယ်ခေါင်းဆောင်တွေဆီကို မီဒီယာကွန်ရက်ချိတ်ဆက်ပြီး မဖြစ်မနေလုပ်ဆောင်သွားမယ်။ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးနေ့အခမ်းအနားနဲ့ ရခိုင်နိုင်ငံလွတ်လပ်ရေးတောင်းဆိုပွဲ အခမ်းအနားကို ပူးတွဲလုပ်ဆောင်သွားမှာ ဖြစ်ပြီးတော့ ဒီအခမ်းအနားကို ရခိုင်တစ်ပြည်လုံး၊ရန်ကုန်၊မန္တလေး၊
ဧရာဝတီ၊ပလက်ဝ၊မြန်မာနိုင်ငံအနှံ့နဲ့ ပြည်ပနိုင်ငံအသီးသီးမှာပါ ပြိုင်တူ လုပ်ဆောင်သွားမှာ ဖြစ်တဲ့အတွက်
ကိုယ့်ကိုယ်ကို ရခိုင်လူမျိုးလို့ ခံယူထားကြတဲ့မျိုးချစ်ရခိုင်အစစ်အမှန်တွေအနေနဲ့ မိမိတို့ရောက်ရှိနေတဲ့
နီးစပ်ရာရခိုင်ဘုရင့်နိုင်ငံတော်ကျဆုံးအခမ်းအနားကိုရခိုင်အမျိုးသားလွတ်မြောက်ရေး သမိုင်းပေးတာဝန်တစ်ရပ်အဖြစ် မဖြစ်မနေပူးပေါင်းပါဝင်အားဖြည့်ပေးကြဖို့မီဒီယာကနေ တစ်ဆင့် တိုက်တွန်းလိုက်ပါတယ်။လူ သန်းချီလေ ပိုထိရောက်လေ ဖြစ်တာကြောင့် ဒီပွဲကို ရခိုင်တစ်မျိုးသားလုံး မဖြစ်မနေ ပါဝင်လုပ်ရှားပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ရခိုင်လူထု သန်းချီပါဝင်ပေးကြလိမ့်မယ်လို့လည်း အကြွင်းမဲ့ မျှော်လင့်နေပါမယ်'' လို့
ရခိုင်လူငယ် ကိုထွန်းသာဦးက ဆိုပါတယ်။

အခမ်းအနားအား အခါတိုင်းနှစ်များနဲ့ မတူအောင် ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကိုလည်း သူက ခုလို ဖြေကြားခဲ့သည်။

`` ရည်ရွယ်ချက်ကတော့ဗျာ ကျတော်တို့ ရခိုင်နိုင်ငံဟာ ကျွန်ပုန်းကိုလိုနီဘဝနဲ့ ဗမာတွေရဲ့ ကိုလိုနီကျွန်ပြုခြင်းကို ခံထားရတယ် ဆိုတာ ကမ္ဘာကို အသိပေးချင်တယ်။ရခိုင်လူမျိုးဆိုတာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားမဟုတ်ဘဲ ကိုယ်ပိုင် ရခိုင်နိုင်ငံတော်အဖြစ်နဲ့ သီးခြားရပ်တည် နေထိုင်ခဲ့ကြတဲ့   ရခိုင်နိုင်ငံသားတွေသာဖြစ်တယ်ဆိုတာကို ကမ္ဘာ့လူထုသိအောင်ချပြချင်တယ်။ကမ္ဘာမှာက ကိုလိုနီစနစ် မရှိတော့ဘူး။ဒါကြောင့် ရခိုင်နိုင်ငံကို မတရားသိမ်းပိုက်ထားတဲ့ ဗမာတွေအနေနဲ့ ဗမာကိုလိုနီစနစ်ကို အမြန်ဆုံးရုပ်သိမ်းပြီး ရခိုင်နိုင်ငံတော်ကို လွတ်လပ်ရေးပေးရေး တောင်းဆိုချက်ကို
UN လက်အောက်ခံ ကုလသမဂ္ဂကိုလိုနီ တိုက်ဖျက်ရေး ကော်မတီ အပါအဝင် နိုင်ငံတကာရဲ့ထောက်ခံမှုကိုပါ ရယူဖို့အတွက်ခုလိုထူးခြားတဲ့အစီအစဉ်သစ်ကိုထည့်သွင်းတောင်းဆိုလာတာဖြစ်ပါတယ်။ ကျွန်သက်တမ်းကိုလည်း ထပ်ပြီး မတိုးချင်တော့ဘူးလေ။အင်္ဂလိပ်လက်အောက်ကနေဗမာတွေလွတ်လပ်ရေးလို
ချင်ခဲ့သလိုပဲ ဗမာလက်အောက်ကနေ ရခိုင်တွေလည်းလွတ်လပ်ရေးလိုချင်ချာမှာပဲဆိုတဲ့ကိုယ်ချင်းစာတရားမျိုး၊ဗမာတွေမှာလူပီသတဲ့မေတ္တာတရားမျိုးရှိခဲ့မယ်ဆိုရင် ကျတော်တို့ရဲ့ တောင်းဆိုချက်ကို  အသိအမှတ်ပြုပါလိမ့်မယ်။တကယ်လို့ ကျတော်တို့တောင်းဆိုချက်ကို အသိအမှတ်မပြုဘဲ ကိုယ်ချင်းစာတရား ကင်းမဲ့စွာနဲ့ငြင်းဆန်နေခဲ့မယ်ဆိုရင်တော့ မျှော်လင့်မထားတဲ့ရခိုင်အမျိုးသားတော်လှန်ရေးကိုရက္ခိုင့်တပ်မတော်၊ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်တို့နဲ့အတူ ရခိုင်တစ်မျိုးသားလုံးလက်တွဲပြီး မဖြစ်မနေဖန်တီးသွားပါမယ်။မလိုလားအပ်တဲ့ သွေးထွက်သံယိုမှုတွေ မဖြစ်ရအောင် နိုင်ငံရေးနည်းလမ်းနဲ့ တောင်းဆိုတဲ့ ကျတော်တို့ရဲ့ တောင်းဆိုချက်ကို အဆင်ပြေပြေနဲ့ လိုက်လျောပေးမယ်ဆိုရင်တော့  အကောင်းဆုံးပေါ့ဗျာ။အဲလိုမှမဟုတ်ဘဲ လူကြီးလူကောင်းဆန်ဆန်တောင်းလို့မှ မရရင်တော့ Hard Power နည်းလမ်းနဲ့ပဲ ဆက်သွားကြတာပေါ့ '' လို့ ဆိုပါတယ်။

ရခိုင်ဘုရင့်နိုင်ငံတော်သည် ရခိုင်-မြန်မာ သက္ကရာဇ် ၁၁၄၆ ခုနှစ် ပြာသိုလဆုတ် ၁၂ ရက် စနေနေ့၊ခရစ်နှစ် အေဒီ ၁၇၈၄ ဒီဇင်ဘာ၃၁ရက်နေ့တွင်အမရပူရပြည့်ရှင် မြန်မာဘုရင် ဘိုးတော်ဗဒုံမင်း၏ ကျူးကျော်သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး လာမည့် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးခဲ့သည်မှာ နှစ်ပေါင်း ၂၃၂ နှစ် တိုင်ခဲ့ပြီဟု သိရသည်။
ရခိုင်သမိုင်းတွင်ဓညဝတီခေတ်၊ဝေသာလီခေတ်၊ လေးမြို့ခေတ်နှင့် မြောက်ဦးခေတ်ဟူ၍ ထွန်းကားခဲ့ကြရာ မြောက်ဦးခေတ် အေဒီ ၁၇၈၄ ခုနှစ်တွင် မြန်မာတို့၏ သိမ်းပိုက်ခြင်းကြောင့် ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးခဲ့သည်ဟု သိရသည်။

News Watch သတင်းဂျာနယ်

No comments:

Post a Comment