NLD အစိုးရအနေနဲ့ ရခိုင်မောတောဒေသအရေးကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်ဘူးဆိုရင် အနာဂတ်မြန်မာနိုင်ငံအရေးဟာ ထိုင်းနိုင်ငံတောင်ပိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းဒေသတွေမှာလို အကြမ်းဖက်မှုတွေနဲ့ ရတတ်မအေးစရာ ဖြစ်လာနိုင်တဲ့အကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင် က တင်ပြထားပါတယ်။
~~~~~~~
သောတရှင်များ ခင်ဗျား…
ပြီးခဲ့တဲ့အောက်တိုဘာလ ၉ ရက်၊ တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့က ရခိုင်ပြည်နယ် နယ်ခြားစောင့်တပ်စခန်းတွေ အကြမ်းဖက် စီးနင်းတိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၉ ဦးကျဆုံးသွားခဲ့ရတဲ့သတင်းဟာ မြန်မာနိုင်ငံတဝှမ်းက ပြည်သူတွေအတွက် စိုးရိမ်ထိတ်လန့်စရာ ဖြစ်သွားခဲ့ရုံမျှမက ဒီသတင်းတွေဟာ နိုင်ငံတကာအထိပါ ပြန့်နှံ့သွားခဲ့ပါတယ်။
တကယ်တော့ မြန်မာနိုင်ငံနဲ့ကပ်လျက် မူဆလင်လူများစုနေထိုင်တဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာဆိုရင် အခုလို အကြမ်းဖက်သမားတွေလက်ချက်နဲ့ အစိုးရတပ်ဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာ အမှုထမ်း အရာထမ်းတွေ၊ ကျောင်းဆရာ၊ ဆရာမတွေနဲ့ အရပ်သားပြည်သူတွေ သေဆုံးနေရတာဟာ နေ့စဉ်ရက်ဆက်လို ဖြစ်နေတာကြောင့် အထူးအဆန်းကိစ္စလို့တောင် မဟုတ်တော့ပါဘူး။
မလေးရှားနယ်စပ်နဲ့ ကပ်လျက်တည်ရှိတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းက ပတ္တာနီ၊ ယာလနဲ့ နရသီဝပ် ခရိုင်တွေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေထူထောင်လိုတဲ့ မူဆလင်လက်နက်ကိုင်တွေရဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေ ပေါ်ပေါက်လာခဲ့တဲ့ ၂၀၀၄ ခုနှစ်နောက်ပိုင်းကစလို့ သေဆုံးသူ ၆၅၀၀ ကျော်ရှိသွားပြီဖြစ်ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှု၊ ဗုံးခွဲတိုက်ခိုက်မှု၊ လည်လှီးခေါင်းဖြတ်သတ်ဖြတ်မှု စတဲ့အကြမ်းဖက်မှု ပေါင်းစုံပြုလုပ်နေတာဖြစ်ပြီး၊ သေဆုံးသူအများစုဟာ အရပ်သားပြည်သူတွေ ဖြစ်ပါတယ်။ မြန်မာလို ဗုဒ္ဓဘာသာနိုင်ငံကြီးဖြစ်ပေမယ့်လည်း ရဟန်းသံဃာတော်တွေ ဆွမ်းခံကြွရင် လက်နက်ကိုင် လုံခြုံရေးလိုက်ပါစောင့်ရှောက်ပေးရသလို၊ ထိုင်းနိုင်ငံသားအများစုဟာ အဲဒီတောင်ပိုင်းဒေသဆိုရင် အကြမ်းဖက်မှုအန္တရာယ်ကြောင့် သွားလာဖို့ တွန့်ဆုတ်လေ့ရှိကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာလည်း အလားတူ ဖြစ်ပါတယ်။ MILF လို့ခေါ်တဲ့ မိုရိုအစ္စလာမ္မစ် လွတ်မြောက်ရေးတပ်ဦး အကြမ်းဖက်အဖွဲ့က ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေ ထူထောင်လိုတဲ့အတွက် ၁၉၇၀ တဝိုက်ကစတင် ပုန်ကန်နေတာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၁ သိန်းခွဲလောက်ရှိသွားပြီဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ အခုဆိုရင် အင်အား ၁၂၀၀၀ လောက်အထ တောင့်တင်းနေပြီဖြစ်ပါတယ်။ ဖိလစ်ပိုင်တောင်ပိုင်းမှာပဲ အုပ်ချုပ်ရေးနယ်မြေလိုချင်လို့ လက်နက်ကိုင်အကြမ်းဖက်နေတဲ့ နောက်ထပ်မူဆလင်အဖွဲ့ကြီး တစ်ဖွဲ့ရှိပါသေးတယ်။ အဲဒီအဖွဲ့ကတော့ အဘူဆာယစ် (Abu Sayyaf)
ဖြစ်ပြီး၊ အခြားအဖွဲ့တွေလိုပဲ ဗုံးခွဲမှု၊ ပစ်ခတ်တိုက်ခိုက်မှု စတဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်နေပြီး၊ ဝင်ငွေကိုတော့ နိုင်ငံခြားသားတွေကို ပစ်မှတ်ထား ပြန်ပေးဆွဲ ငွေညှစ်တဲ့နည်းနဲ့ ရှာဖွေနေတာပါ။ ၂၀၀၀ ခုနှစ် တစ်နှစ်ထဲမှာတင် ပြန်ပေးဆွဲ ငွေညှစ်မှုတွေကနေ ဒေါ်လာ ၁၀ သန်းကနေ ၂၅ သန်းအထိ ရှိပြီး၊ အရှေ့အလယ်ပိုင်းနဲ့ တောင်အာရှအခြေစိုက် အစ္စလာမ်အစွန်းရောက် အဖွဲ့အစည်းတွေ ထံကလည်း ထောက်ပံ့မှုတွေ ရရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီမူဆလင်အကြမ်းဖက်အဖွဲ့အစည်းတွေကြောင့် သမ္မတဒူတာတွေလို နှုတ်ကြမ်းလက်ကြမ်း အုပ်ချုပ်နေတဲ့ ဖိလစ်ပိုင်အစိုးရအဖွဲ့သစ်အတွက်ရော၊ ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာလို အာဏာသိမ်း အုပ်ချုပ်နေတဲ့ ထိုင်းစစ်အစိုးရအတွက်ပါ ခေါင်းခဲစရာ ဖြစ်နေပြီး၊ အဲဒီနိုင်ငံတွေမှာ နောင် ဘယ်အစိုးရပဲ တက်လာလာ ရတတ်မအေးစရာ အဓိကပြဿနာအဖြစ် ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။
အလားတူ မြန်မာနိုင်ငံမောင်တောဒေသမှာ လက်ရှိဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှု အခြေအနေတွေကိုလည်း လက်ရှိ NLD အစိုးရက ထိထိရောက်ရောက် မကိုင်တွယ်နိုင်ဘူးဆိုရင် မြန်မာနိုင်ငံရဲ့ အနာဂတ်တစ်လျှောက် တက်လာမယ့် အစိုးရ အဆက်ဆက်ကို အကြပ်အတည်း ဖြစ်အောင် ဒုက္ခပေးနေဦးမှာဖြစ်သလို ပြည်သူတွေအနေနဲ့လည်း အကြမ်းဖက်မှုမျိုးစုံအောက်မှာ ကျီးလန့်စာစား အထိတ်တလန့်နဲ့ နေထိုင်ကြရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရခိုင်မောင်တောဒေသမှာ အခုဖြစ်ပွားတဲ့ အခြေအနေတွေဟာ အစပဲရှိသေးတာဖြစ်ပြီး၊ ထိုင်းနဲ့ ဖိလစ်ပိုင်တောင်ပိုင်းဒေသတွေ မှာလည်း အခုလို အစအခြေအနေကနေ အကျယ်အကျယ်နဲ့ မရှုနိုင်မကယ်နိုင်အဆင့်ကို ရောက်ရှိသွားခဲ့တာပါ။
မောင်တောဒေသမှာ မြန်မာ နယ်ခြားစောင့်တပ်စခန်းတွေ အကြမ်းဖက် စီးနင်းတိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်အပြီး အင်တာနက်အွန်လိုင်းပေါ်ကနေ အကြမ်းဖက်လက်နက်ကိုင်တွေဘက်က ထုတ်ပြန်လိုက်တဲ့ ဗီဒီယိုမှတ်တမ်းဟာ အနာဂတ် မြန်မာနိုင်ငံရှေ့ရေးအတွက် တကယ်ပဲ တုန်လှုပ်ခြောက်ခြားစရာပါ။
သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ သုံးနှုန်းပြီး ဘင်္ဂါလီဘာသာစကားနဲ့ ပြောသွားခဲ့တာဖြစ်ပြီး ဘာတွေပြောထားတယ်ဆိုတာ ဘင်္ဂါလီဘာသာစကားနားလည်တဲ့ မောင်တောမြို့ခံ ရခိုင်အမျိုးသားတစ်ဦးက RFA ကို အခုလို ရှင်းပြပါတယ်။
“သူတို့ပြောချင်တာက ဘင်္ဂလီဘာသာနဲ့ ပြောရလို့ရှိရင် ငါတို့နဲ့အတူ ဂျီဟတ် (ဘာသာရေးစစ်ပွဲ) ဆင်နွှဲဖို့အတွက် အရွယ်ရောက်သူတိုင်း အိမ်မှာမနေပဲ အပြင်မှာထွက်ပြီးတော့ ငါတို့နဲ့အတူ လက်တွဲကြပါဆိုပြီးတော့ သူတို့က အဲလို ညာသံပေးတာပေါ့။ အာယို အာယိုဆိုတာ ထွက်လာခဲ့ ထွက်လာခဲ့ အကုန်လုံး ထွက်လာခဲ့ အဲဒီလိုပြောတာပါ၊ ဒီမြေကို ငါတို့ပိုင်မှ ရမယ်ပေါ့၊ ငါတို့ လုပ်မှရမယ်၊ ငါတို့ကို သတ်နိုင်တာ ဘယ်သူမှ မရှိဘူး၊ ငါတို့ကို သတ်နိုင်တာ အလ္လာဟ်အရှင်မှ တစ်ပါး ဘယ်သူမှ မရှိဘူးဆိုတာလည်း အဲဒါလည်း ပါပါတယ်” လို့ ခြုံငုံပြောပြသွားတာပါ။
အခုလို အကြမ်းဖက်တိုက်ခိုက်တဲ့အဖွဲ့ဟာ တချိန်က ဘူးသီးတောင်၊ မောင်တောနယ်မြေတွေ ရရှိရေးအတွက် လက်နက်ကိုင်လှုပ်ရှားခဲ့ဖူးတဲ့ RSO ခေါ် ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့နဲ့ ချိတ်ဆက်လှုပ်ရှားနေတဲ့ ဒေသခံမွတ်ဆလင်တွေဖြစ်တယ်လို့ မောင်တောမြို့ခံတွေက ပြောပါတယ်။ ဒေသခံတွေအများစုဆိုပေမယ့်လည်း ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်မှု သင်တန်းတွေ ၆ လ၊ ၁ နှစ်ကြာ တက်မြောက်ထားသူတွေလို့ ဆိုပါတယ်။ NLD အစိုးရဘက်ကတော့ ဘယ်အဖွဲ့အစည်းဆိုတာ အခုထိ တိတိကျကျ မထုတ်ပြန်သေးသလို၊ အစိုးရိမ်မလွန်ကြဖို့ ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက မောင်တောမြို့ခံတွေကို ပြောသွားပါတယ်။
“ကျွန်တော်တို့အနေနဲ့ ပြောချင်တာက လွန်တာထက်ပိုပြီးတော့ မစိုးရိမ်ပါနဲ့၊ စိုးရိမ်ကြောင့်ကြမှုများပြီးတော့ ပိုပြီးတော့ မဖြစ်သင့်တာတွေ မလုပ်သင့်တာတွေ ပိုလုပ်မယ် ပိုပြောမယ်ဆိုရင် အန္တရာယ်ရှိပါတယ်” လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ပြောသွားတာပါ။
ဗီဒီရိုထဲမှာ မြင်ရတဲ့ ရုပ်ပုံတွေ၊ ဒေသခံတွေရဲ့အပြောအရ အကြမ်းဖက်သမားအင်အား ထောင်ဂဏန်းအထိရှိနိုင်ပေမယ့် ကိုင်ထားတဲ့ သေနတ်အရေအတွက်ကတော့ ရာဂဏန်းထက် မပိုလောက်ဘူးလို့ ဆိုပါတယ်။ မြန်မာနယ်ခြားစောင့်တပ်စခန်းတွေကနေ လုယက်သွားတဲ့ လက်နက်တွေ လေးငါးဆယ်လောက်ရှိတယ်ဆိုပေမယ့် လတ်တလော အကြမ်းဖက်သမားတွေ ကိုင်ထားတဲ့ အများစုဟာ ဓါးလှံတွေဖြစ်ပါတယ်။ လုံခြုံရေးအားနည်းတဲ့ နယ်စပ်ကနေ ထိုးဖောက်ပြီး လက်နက်တွေ အလုံးအရင်းနဲ့ ပံ့ပိုးလာမယ်ဆိုရင်တော့ အထူးစိုးရိမ်စရာအခြေအနေ ဖြစ်လာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်အမျိုးသားပါတီ ANP ကတော့ လူနည်းစု တိုင်းရင်းသားတွေကို အကာအကွယ်ပေးဖို့ NLD အစိုးရကို တောင်းဆိုထားပါတယ်။ တကယ်တော့ အဲဒီဒေသမှာ ရခိုင်၊ ဗမာ၊ မြို၊ ခမီ၊ သက်၊ ဒိုင်းနက်၊ မရမာကြီးအပါအဝင် ဒေသခံ တိုင်းရင်းသားက ၄ ရာခိုင်နှုန်းလောက်ပဲရှိတော့တာပါ။ နတလ ကျေးရွာတွေနဲ့တကွ ငခူရ၊ ကပ်ပတောင်း၊ ခင်ပြင်၊ ကြိမ်ချောင်းစတဲ့ မောင်တောတဝိုက် ကျေးရွာ ၃၀ လောက်က တိုင်းရင်းသားတွေက မြို့ပေါ်မှာ တက်ရောက်ခိုလှုံနေပြီဖြစ်တာမို့ ရေတိုအတွက်တော့ လုံခြုံမှုရှိတယ်လို့ ဆိုနိုင်ပါတယ်။
လောလောဆယ် မြန်မာစစ်တပ်က တပ်မတစ်ခုအပါအဝင် အင်အား ၂၀၀၀နဲ့ ၃၀၀၀ ကြား တပ်ဖြန့်ချထားပြီး၊ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း နယ်စပ်ပေါက်တွေ ပိတ်ပေးထားတဲ့အပြင် မြန်မာအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အတွက် အကြမ်းဖက်လက်နက်ကိုင်တွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို ထွက်ပြေးဖို့ မလွယ်ကူတော့ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံဘက်ခြမ်းမှာ တော့ ထွက်ပေါက်နှစ်ခုရှိနေပါသေးတယ်။ တစ်ခုက မူဆလင်ကျေးရွာတွေထဲမှာ ဝင်ရောက်ခိုလှုံနိုင် တာဖြစ်ပြီး၊ နောက်တစ်ခုက မေယုတောင်တန်းပေါ်မှာ တက်ရောက်ခိုအောင်းလှုပ်ရှားဖို့ ဖြစ်ပါတယ်။ အဲဒီနှစ်ချက်အပြင် ပြင်ပက လူသူလက်နက်တွေ ပံ့ပိုးမှုရှိလာမယ်ဆိုရင် မြန်မာစစ်တပ်အတွက် မောင်တောဒေသ စစ်ဆင်ရေးဟာ အချိန်ကြာညောင်းသွားနိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်ခင်ဗျာ။
Wednesday, October 12, 2016
ရခိုင်မောင်တော အကြမ်းဖက်မှု ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment