ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံရေးပါတီ(၁၁)ပါတီက ယနေ့ ၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက် (၁၃၇၈ ခုနှစ် တော်သလင်းလပြည့်) ရက်စွဲနဲ့ ပူးတွဲသဘောထားကြေညာချက် တစ်ရပ်ကို ထုတ်ပြန်လိုက်တယ် လို့ သိရပါတယ်။
========================
ထုတ်ပြန်ချက်အပြည့်အစုံနဲ့ထုတ်ပြန်ချက်လက်မှတ်ရေးထိုးသူအပြည့်အစုံကိုအောက်မှာဖတ်ရှုနိုင်ပါတယ်။
၁။ ရခိုင်ပြည်နယ်အရေးကိစ္စအတွက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဟောင်း မစ္စတာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် အား ၂၄-၈-၂ဝ၁၆နေ့တွင် တရားဝင်ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ စတင်ဆောင်ရွက် နေကြောင်း သိရှိရပါသည်။
၂။ ကော်မရှင်စတင်ဖွဲ့စည်းစဉ်ကပင် ဒေသခံတိုင်းရင်းသားရခိုင်လူမျိုးများနှင့် နိုင်ငံ ရေးပါတီများ၊ အသင်းအဖွဲ့များမှ စိုးရိမ်ပူပန်မှုဖြင့် ကန့်ကွက်ခြင်း၊ ပြည်သူ့လွှတ်တော် တွင် အရေးကြီးအဆို တင်သွင်းကန့်ကွက်ခြင်းများပြုလုပ်ခဲ့သည့်အပြင် ၁၄-၉-၂၀၁၆ ရက်နေ့တွင် ရခိုင်ပြည်နယ်လွှတ်တော်၌ အထူးအစည်းအဝေးခေါ်ယူပြီး ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အား အသိအမှတ်မပြုသင့် ကြောင်း အဆိုတင်သွင်းပြီး ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါသည်။ ရခိုင်ပြည်နယ် လွှတ်တော်၏ ဆုံးဖြတ်ဆောင်ရွက်ချက်အား အလေးအနက်ထောက်ခံပါသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွှတ်ခြင်း မရှိကြောင်း၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်အချို့က ကန့်ကွက်ခဲ့ပါသည်။ ထို့ကြောင့် ဥပဒေ၏လုပ်ပိုင်ခွင့်တွင် မပါဝင်သော ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကို ထပ်ဆင့်ဖွဲ့စည်းခဲ့သည့်အမိန့်မှာ မူလကပင် တရားမ၀င်ကြောင်း မိမိတို့က အလေး အနက်ခံယူထားပါသည်။
၃။ မိမိတို့ပါတီများသို့ အသိပေးအကြောင်းကြားလာမှုများအရ တိုင်းရင်းသား ပြည်သူလူထုအပေါင်းတို့က အောက်ပါအချက်များအပေါ် အထူးစိုးရိမ်မှုများ ရှိနေ ကြောင်းသိရှိရပါသည်-
(က) ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးလုပ်ငန်း၊ မှတ်တမ်းများတွင်မရှိဘဲ နိုင်ငံတော်က အသိအမှတ်မပြုသည့် ''ရိုဟင်ဂျာ'' လူမျိုးအမည်ဖြင့် တိုင်းရင်းသားဖြစ်ရေး တောင်းဆိုမှုများအပေါ် လိုက်လျောခွင့်ပြုသွားမည် ကို စိုးရိမ်ပူပန်လျှက်ရှိခြင်း။
(ခ) ဆူပူအကြမ်းဖက်ခြင်း၊ လုယက်သတ်ဖြတ်ခြင်း၊ သီးခြားနယ်မြေတောင်းဆို ခြင်းများအပါအဝင် ၂ဝ၁၂ခုနှစ် ရခိုင်ပြည်နယ်အတွင်း လူအများသေကြေ ပျက်စီးခဲ့ရသည့် သမိုင်းနောက်ခံဖြစ်ရပ်များကြောင့် နိုင်ငံတော်မှ တရားဝင် ကန့်ကွက်ထားသည့် 'ရိုဟင်ဂျာ'လူမျိုး အမည်သုံးစွဲခြင်း၊ ခွင့်ပြုခြင်းကို ရှောင်ကြဉ်ရန်သာမက ဒေသခံပြည်သူများ လက်မခံသည့်ကြားအမည် တစ်မျိုးမျိုးကို အစားထိုးအသုံးပြုလာစေခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုး များ ပေါ်ပေါက်လာမည်ကို စိုးရိမ်လျှက်ရှိခြင်း။
(ဂ) ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း၏ အဆင့်မြင့်တာဝန်ရှိသူ တစ်ဦးက ''KIO နယ်မြေအတွင်း 'ရိုဟင်ဂျာ'အမည်ခံလက်နက်ကိုင်အဖွဲ့ အစည်း အခြေစိုက်နေထိုင်ခွင့်ရရန် တောင်းဆိုမှုရှိသည်''ဟု မီဒီယာတွင် ထုတ်ဖော်ပြောကြားခဲ့ခြင်းကြောင့် လက်နက်ကိုင်အဖွဲ့အစည်းနှင့် လူမျိုး အမည်ခံသူတို့ပေါင်းစပ်၍ ရခိုင်ပြည်နယ်အတွင်း “သီးခြားနယ်မြေ ထူထောင်ရန် ကြိုးပမ်းလာနိုင်ခြင်း၊ ၄င်းဖြစ်ရပ်မှတစ်ဆင့် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် တရားမဝင်ပျံ့နှံ့ရောက်ရှိနေကြသော 'ရိုဟင်ဂျာ' အမည်ခံသူများက ၄င်းတို့အတွက် သီးခြားနယ်မြေထူထောင်ခွင့်ရပြီ ဟူသောယူဆချက်ဖြင့် မိမိနိုင်ငံအတွင်းသို့ တရားဝင်လာရောက် ပူးပေါင်းနေထိုင်ခွင့်များ ဖန်တီးလာခြင်းဖြင့် မြန်မာနိုင်ငံနယ်နိမိတ်ကောက် ကြောင်း ယိုယွင်းပျက်စီးရတော့မည့်အခြေအနေဆိုးကို တွေးတောပူပန် စိုးရိမ်လျှက်ရှိခြင်း။
(ဃ) (၁၂)လကြာဆောင်ရွက်ရမည့် ကော်မရှင်အသုံးစရိတ်ငွေများကို မည်ကဲ့သို့ ရရှိနေသည်/အထူးသဖြင့် OIC အဖွဲ့အစည်းအကူအညီဖြင့် ရယူ ဆောင်ရွက်မည်ကို သံသယစိတ်များဖြင့် စိုးရိမ်ပူပန်မှုများရှိနေခြင်း။
(င) ရခိုင်ပြည်နယ်အတွင်း ပေါ်ပေါက်ခဲ့သည့်ဖြစ်ရပ်များအပေါ် လူ့အခွင့်အရေး စံနှုန်းများဖြင့်သာ တိုင်းတာစိစစ်မှုများကို ပြုလုပ်ရုံမဟုတ်ဘဲ ဒေသခံ တိုင်းရင်းသားများ၏ ခံစားချက်များနှင့် နိုင်ငံတော်၏ အမျိုးသားရေးနှင့် နိုင်ငံတော်လုံခြုံရေးကိုပါ အဓိကထည့်သွင်းစဉ်းစားရမည့်အချက်အား လျစ်လျူရှုသွားမည်ကို စိုးရိမ်လျှက်ရှိခြင်း။
(စ) အင်အားကြီးနိုင်ငံအချို့နှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့တို့က တစ်ဖက် သတ်အခြေအမြစ်မရှိ လုပ်ကြံဖန်တီးစွပ်စွဲချက်များအပေါ် အခြေပြုတုံ့ပြန် မှုများရှိခဲ့သဖြင့် ဤကော်မရှင်က ထပ်မံတင်ပြချက်များကြောင့် နိုင်ငံတော် မှ အကာအကွယ်ပေးရန်ပျက်ကွက်မှု (Responsible to Protection = R to P) Doctrine နှင့် လူသားချင်းစာနာမှုအကြောင်းပြ ၀င်ရောက် စွက်ဖက်မှု (Humanitarian Intervention)ကို ကိုင်စွဲကျင့်သုံးလာမည့် အလားအလာကို စိုးရိမ်လျှက်ရှိခြင်း။
၎။ ဒီမိုကရေစီအစိုးရဟူသည် ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံကို အလေးထားရပြီး ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ ရခိုင်ပြည်နယ်လွှတ်တော်က တခဲနက်အတည်ပြုခဲ့သော ဆုံးဖြတ်ချက်ကို အလေးထား တုံ့ပြန်ရန်လိုအပ်ပါသည်။ အကယ်၍ ရခိုင်တိုင်းရင်းသား များအပါအ၀င် ပြည်ထောင်စုတိုင်းရင်းသားအားလုံးတို့၏ဆန္ဒနှင့် စိုးရိမ်ပူပန်မှုများကို လျစ်လျူရှုပြီး ဆောင်ရွက်ခြင်းကြောင့် ပြည်ထောင်စုတစ်ခုလုံး အန္တရာယ်ကျရောက်မည့် အခြေအနေမျိုးဖြစ်ပေါ်လာပါက လက်ရှိအစိုးရအနေဖြင့် ပေါ်ပေါက်လာမည့် အကျိုး ဆက်များအတွက် တာဝန်ကျရောက်မည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။
ပူးတွဲကြေညာချက်ကြသူများ
၁။ ဦးသန်းဌေး
ဥက္ကဋ္ဌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ
၂။ ဦးဟန်ရွှေ ဗဟိုအလုပ်အလုပ်အမှုဆောင်
တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ
၃။ ဦးသိန်းညွန့် ဥက္ကဋ္ဌ အမျိုးသားဒီမိုကရေစီ ပါတီသစ်ပါတီ
၎။ ဒေါက်တာ နေဇင်လတ်
ဥက္ကဋ္ဌ အမျိုးသားတိုးတက်ရေးပါတီ
၅။ ဦးနေမင်းကျော် အထွေထွေ အတွင်းရေးမှူး
အမျိုးသားဒီမိုကရေစီ အင်အားစု
၆။ ဦးကျော်သူအောင် အထွေထွေ အမျိုးသားနိုင်ငံရေးမဟာမိတ်များ
အတွင်းရေးမှူး အဖွဲ့ချုပ်ပါတီ
၇။ ဦးကျော်ကျော် အထွေထွေ ဝံသာနုဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး
၈။ ဦးထွန်းအောင်ကျော် ဥက္ကဋ္ဌ ခေတ်သစ်ပြည်သူ့ပါတီ
၉။ ဦးအိုက်စော တွဲဖက် 'ဝ'ဒီမိုကရက်တစ်ပါတီ
အတွင်းရေးမှူး
၁၀။ ဦးစောသန်းမြ အတွင်းရေးမှူး ကရင်ပြည်နယ်ဒီမိုကရေစီနှင့်
ဖွံ့ဖြိုးတိုးတက်ရေးပါတီ
၁၁။ ဦးအောင်မြင့် ဥက္ကဋ္ဌ ပြည်သူ့ဒီမိုကရေစီပါတီ
#popular
No comments:
Post a Comment