Editorial
-----------
ရခိုင်ပြည်နယ်ဟု ဆိုလိုက်ပါက နိုင်ငံတကာမှ ပညာရှင်များက ပြေးမြင်သည်မှာ ပြဿနာပေါင်း သောင်းခြောက်ထောင် ပေါင်းစုံနေသည့် ပြည်နယ်ဟု မြင်ကြမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပြည်နယ်များနှင့် တိုင်းဒေသကြီးများထဲတွင် ရခိုင်ပြည်နယ်သည် ပြဿနာအစုံဆုံး၊ စိန်ခေါ်မှုအများဆုံးနှင့် ခေါင်းကိုက်စရာ ပုစ္ဆာများနှင့် ပြည့်နှက်နေသည်။ ထိုပုစ္ဆာများက ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးဆောင်သည့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့သစ်၏ လုပ်ရည်ကိုင်ရည်ကို အသင့်စောင့်ကြိုနေလေသည်။
သယံဇာတ အကျိုးခံစားခွင့်။ ။ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ တင်ပို့မှုဖြင့် ပြည်ထောင်စုအစိုးရက တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံမက ရရှိနေသော်လည်း ရခိုင်ပြည်နယ်မှာ ဆင်းရဲနိမ့်ကျနေဆဲ ဖြစ်ကြောင်း ရခိုင်ရေနံ စောင့်ကြည့်ရေးအဖွဲ့က မတ်လ ၂၂ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ယင်းအပြင် လယ်ယာမြေ သိမ်းဆည်းခံရမှု၊ ရေလုပ်ငန်း အပါအဝင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပျက်စီးဆုံးရှုံးမှု ပြဿနာများလည်း ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း သယံဇာတကျိန်စာအမည်ရ အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။ ရခိုင်ပြည်နယ်တွင် သဘာဝဓာတ်ငွေ့ စီမံကိန်းများအပြင် သယံဇာတ တူးဖော်ရေး စီမံကိန်းများ လုပ်ဆောင်ရာတွင် ဒေသလူထု၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ ဆန္ဒသဘောထားများမှာ လျစ်လျူရှုခံနေရဆဲ ဖြစ်သည်။
ဆင်းရဲမှု ပြဿနာ။ ။ ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ ဒုတိယအဆင်းရဲဆုံး ဖြစ်သည့်အပြင် အလုပ်လက်မဲ့နှုန်း အမြင့်ဆုံးဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ရလဒ်အရ အသက် ၁၀ မှ ၆၄ အထိ အသက်အရွယ် ရှိသူ၏ ၁၀ ဒသမ ၄ရာခိုင်နှုန်းကျော်မှာ အလုပ်လက်မဲ့ဖြစ်ပြီး ရခိုင်ပြည်နယ်မှာ မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့နှုန်း အမြင့်ဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။ စာရင်းဇယား အတိအကျ မရှိသော်လည်း ရခိုင်ပြည်နယ်မှ လူငယ်၊ လူလတ်ပိုင်းများ ပြည်တွင်း၊ အထူးသဖြင့် ပြည်ပသို့ ရွှေ့ပြောင်းလုပ်ကိုင်မှုမှာလည်း မြင့်တက်နေဆဲ ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် လမ်းပန်းဆက်သွယ်ရေး မကောင်းခြင်း၊ စီးပွားရေး အခြေခံအဆောက်အဦများ ချို့ငဲ့ခြင်း စသည်တို့မှာလည်း ပြည်နယ်အစိုးရသစ် ရင်ဆိုင်ရမည့် အခက်အခဲတစ်ရပ် ဖြစ်သည်။
မူးယစ်ဆေးဝါး။ ။ ရခိုင်ပြည်နယ်တွင် လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးများကို လွယ်လင့်တကူ ဝယ်ယူသုံးစွဲနေကြပြီး မူးယစ်ဆေးဝါးကို အပျော်သဘော သုံးစွဲသည့်အဆင့် မဟုတ်တော့ဘဲ စွဲလမ်းသည့် အဆင့်အထိ မူးယစ်ဆေးဝါး တိုက်ဖျက်ရာတွင် ဆေးဝါးလက်လီ ရောင်းချသူ အဆင့်ကိုသာ အရေးယူခြင်းမဟုတ်ဘဲ ဆေးဝါးများကို အဓိကလုပ်ကိုင်နေသူများ၊ အဓိက ဝင်ရောက်လာသည့် လမ်းကြောင်းများကို ပိတ်ဆို့အရေးယူရန် လိုအပ်သည်။
လက်နက်ကိုင် ပဋိပက္ခ။ ။ ရခိုင်ပြည်နယ်တွင် အခြေစိုက်ရန် ကြိုးပမ်းနေသည့် ရက္ခိုင့်တပ်မတော် (AA) နှင့် မြန်မာ့တပ်မတော်ကြား ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ၂၀၁၅ နှစ်ကုန်ပိုင်းနှင့် ၂၀၁၆ နှစ်ဆန်းပိုင်းတို့တွင် တိုက်ပွဲများ ပိုမိုပြင်းထန်ခဲ့သည်။
ဘင်္ဂါလီအရေး။ ။ မတူညီသည့် လူ့အဖွဲ့အစည်းနှစ်ခုကြား ၂၀၁၂ ခုနှစ်မှ စတင်ကာ အကြိမ်ကြိမ် ဖြစ်ပွားခဲ့သည့် ပဋိပက္ခမီးမှာ လတ်တလောတွင် ငြိမ်သက်နေသော်လည်း အချိန်မရွေး ပြန်လည်ထကြွနိုင်သည့် အခြေအနေဖြစ်နေဆဲ။ ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ လူ့အခွင့်အရေးရှုထောင့်မှ စောင့်ကြည့်ဖိအားပေးနေသည့် နိုင်ငံတကာနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အခြားတစ်ဖက် တွင် အမျိုးသားလုံခြုံရေးကို စွဲကိုင်ထားသည့် ရခိုင်တိုင်းရင်းသားတို့ကြား ပြည်နယ်အစိုးရသစ် မည်သို့ကိုင်တွယ်ဖြေရှင်းမည်မှာလည်း စိတ်ဝင်စားဖွယ်ကောင်းသည်။ ဒုက္ခသည်စခန်းများတွင် ရှိနေသည့် ဘင်္ဂါလီများ နေရာချထားရေး၊ နိုင်ငံသားစိစစ်ရေး၊ နယ်စပ်မှ ခိုးဝင်မှု ကိစ္စများမှာ အစိုးရသစ်အတွက် အဓိကစိန်ခေါ်မှုဖြစ်လာဖွယ်ရှိသည်။
ထိုခေါင်းကိုက်စရာ ပုစ္ဆာများအား ပုံသေနည်းတစ်ခုဖြင့် ဖြေရှင်း၍ မရနိုင်ဘဲ ရှိပြီးသား နိုင်ငံရေး၊ စီးပွားရေး သီအိုရီများအပြင် အသစ်အသစ်သော သီအိုရီများကိုပါတီထွင်၍ ဖြေရှင်းရန်လိုအပ်ကြောင်း Development News Journal မှ အကြံပြုတိုက်တွန်းပါသည်။
No comments:
Post a Comment