နေ့ (၁၂း၃၄) နာရီ။
ရာသီဥတုတွေဟာ အပူလွန်ခြင်း၊ မိုးများလွန်းခြင်း နဲ့ မိုးနည်းလွန်းခြင်း စတဲ့
လွန်ကဲရာသီဥတုတွေသာ ကြီးစိုးနေပါတယ်။
အချို့စာအုပ်တွေက ရေးပြီးပေမယ့် မထုတ်ဝေရသေးပါ။
ဒေါက်တာထွန်းလွင်
-----------------------------------------------------------------------
ညို… ပြီးတော့…ညာ
(ပစိဖိတ်သမုဒ္ဒယာဒေသမှ အဆော့လွန်နေသောကလေးများ)
မောင်ထွန်းလွင် (မိုးလေ၀သ)
အဆော့လွန်နေတဲ့ အပူပိုင်းဒေသကလေးများ
ကျွန်တော့ရဲ့ ပထမဆုံး စာပေမိတ်ဆက်ရေးသားခဲ့ပြီး ပထမဆုံးပုံနှိပ်ဖေါ်ပြခံရတဲ့ ဆောင်းပါးဟာ “အယ်လ်နီနို (သို့မဟုတ်) အသစ်တိုးလာသောသဘာဝဘေးအန္တရာယ်တစ်ခု” ဆိုတဲ့ဆောင်းပါးဖြစ်ပါတယ်။ (၁၂-၅-၁၉၈၃)ရက်နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာမှာ ဖေါ်ပြခဲ့ပါတယ်။ ဖေါ်ပြတော့ ခေါင်းစီးက “အယ်လ်နီနို” လို့ဖေါ်ပြခဲ့ပါတယ်။ အဲဒီတုံးက ကျွန်တော့ဆရာရင်းဖြစ်တဲ့ မိုးလေ၀သဖခင်ကြီး ဆရာကြီးဦးလှက အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်နေတဲ့ကာလပါ။ ကျွန်တော့ ဆောင်းပါးကိုဆရာကြီးက နယ်စခန်းအသီးသီးမှာ ရှိကြတဲ့ မိုးလေ၀သစခန်းများကို ကူးယူဖြန့်ဝေသင့်ကြောင်း ဆရာကြီးဦးလှပြီးတော့ ညွှန်ကြားရေးမှူးချုပ် ဖြစ်လာတဲ့ ဆရာဦးသုတကို ထောက်ခံပေးခဲ့တာကိုလည်း ကျွန်တော်မှတ်မိနေပါသေးတယ်။ တကယ်တော့ အဲဒီဆောင်းပါးဟာ ကျွန်တော်ရဲ့ စာပေမိတ်ဆက် ပထမဆုံးပုံနှိပ်ဖေါ်ပြခံရတဲ့ ဆောင်းပါးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဆရာကြီးဦးလှက “နို”မဟုတ်ဘူး၊ စပိန်ဘာသာစကားမှာ “ညို” လို့အသံထွက်ရကြောင်း ပြင်ပေးသွားခဲ့တဲ့အတွက် နောက်ပိုင်း ကျွန်တော်အမှားကင်းပြီး မှန်သွားခဲ့ရတာ ယနေ့အထိပါဘဲ။ ကြာတော့ကြာပါပြီ။ (၂၇)နှစ်တောင်ရှိခဲ့ပါပြီကော။ “ဆရာ မပြ နည်းမကျ”လို့ ဒါကြောင့် လူကြီး တွေက ပြောကြတာပေါ့ဗျာ။
အဲဒီနောက် “ဘေးတွေ့နေသောပင်လယ်ရေများ-အယ်လိနီညို(၉၇) ” (မြန်မာ့အလင်း နေ့စဉ် သတင်းစာ၊ ၁၀-၁၂ ဒီဇင်ဘာလ ၁၉၉၇)၊ “လာနီညာဆိုတဲ့မိန်းကလေး” (မြန်မာ့အလင်း နေ့စဉ် သတင်းစာ၊ ၂၅ သြဂုတ်လ ၁၉၉၈) ၊ “ရာစုနှစ်ရဲ့အယ်လ်နီညို(၉၇-၉၈ အယ်လ်နီညို) ” (ပုံနှိပ် မဖေါ်ပြဖြစ်သေး)တို့ကိုရေးသားခဲ့ဖြစ်ပါတယ်။ ဒါကြောင့် အခုဆောင်းပါးကို “ညို… ပြီးတော့…ညာ (အပူပိုင်းဒေသမှ အဆော့လွန်နေသောကလေးများ)” လို့အမည်ပေးရခြင်း ဖြစ်ပါတယ်။ အယ်လ်နီညိုရော၊လာနီညာရော စပိန်ဘာသာ စကားတွေဖြစ်ပြီး အယ်လ်နီညိုက ခရစ်၏ သားတော် (The Little Boy or Christ child) လာနီညာက မိန်းကလေး (The Little Girl)လို့ အဓိပ္ပါယ်တွေရပါတယ်။ အခုတော့ ဒီကလေးငယ်နှစ်ဦးဟာ ကလေးများပီပီ အပျော်လွန် ပြီး အဆော့လွန်နေကြပြီလို့ဆိုရပါတော့မယ်။ “ညို...ပြီးတော့…ညာ”၊ “ညာ…ပြီးတော့…ညို” နဲ့ ထပ်တလဲလဲ ဖြစ်နေရပါပြီ။
အယ်လ်နီညို နဲ့ လာနီညာတို့ရဲ့နောက်ကြောင်း
တကယ်တော့ ၁၉၄၈ ခုနှစ် မှ ၂၀၁၀ ပြည့်နှစ်အထိ (၆၂)နှစ်တာကာလအတွင်း အယ်လ်နီညိုဖြစ်တဲ့နှစ်က ၂၃ နှစ်(၃၇%)၊ လာနီညာဖြစ်တဲ့နှစ်က ၂၁ နှစ်(၃၄%) နဲ့ ကြားနေနှစ် က ၁၈ နှစ် (၂၉%) ရှိခဲ့တဲ့အတွက် အယ်လ်နီညိုနဲ့လာနီညာဖြစ်တဲ့နှစ်တွေဟာ ဆတူနီးပါးခန့် ရှိနေပါတယ်။ ကမ္ဘာကြီးပူနွေးမှုကြောင့် မြန်မာနိုင်ငံရဲ့ရာသီဥတုပြောင်းလဲခြင်း စတင်ခဲ့တဲ့ ၁၉၇၅ ခုနှစ်ရဲ့ နောက်ပိုင်း (၃၅)နှစ်တာကာလအတွင်း အယ်လ်နီညိုဖြစ်တဲ့နှစ်ပေါင်းက (၁၄)ကြိမ်(၄၀%) ဖြစ်ခဲ့ပြီး၊ လာနီညာက ၈ကြိမ်(၂၃%)ရှိခဲ့ပါတယ်။ ၁၉၇၅ ခုနှစ်မတိုင်မီကတော့ အယ်လ်နီညိုက ၈ ကြိမ်(၃၅%) နဲ့ လာနီညာက ၁၄ကြိမ်(၅၄%)ရှိခဲ့ပါတယ်။ ဒါကြောင့် ၁၉၇၅ ခုနှစ်ရှေ့ပိုင်းမှာ လာနီညာဖြစ်စဉ်တွေက ပိုအဖြစ်များပြီး၊ ၁၉၇၅ ခုနှစ်နောက်ပိုင်း ကမ္ဘာကြီးပူနွေးလာမှုကြောင့် အယ်လ်နီညို ဖြစ်စဉ်တွေက ပိုအဖြစ်များလာတာကိုလည်း တွေ့နိုင်ပါတယ်။
ညို…ပြီးတော့…ညာ၊ ညာ…ပြီးတော့….ညို
ဒီနေရာမှာစိတ်ဝင်စားစရာလည်းကောင်းပြီး မကြာမကြာလည်းတွေ့နေရတာကတော့ အယ်လ်နီညိုပြီးတော့ လာနီညာဖြစ်သလို လာနီညာပြီးတော့လည်း အယ်လ်နီညိုဖြစ်တတ်ခြင်း` ပါဘဲ။ ၁၉၆၂ ခုနှစ် ကနေ ၁၉၇၈ ခုနှစ်ကာလဟာ ထူးခြားတဲ့(၁၆)နှစ်တာကာလတစ်ခု ဖြစ်နေတာကို တွေ့ရပါတယ်။ အကြောင်းကတော့ အဲဒီ(၁၆)နှစ်တာကာလအတွင်း ကြားနေနှစ် နှစ်နှစ်သာဖြစ်ခဲ့ပြီး၊ အယ်လ်နီညို(၇)နှစ် နဲ့ လာနီညာ(၇)နှစ်၊ တစ်လှည့်စီ အပြန်ပြန်အလှန်လှန် ဆတြူဖစ်နေခဲ့တာဟာ ထူးခြားမှုဖြစ်ပါတယ်။ တစ်နည်းပြောရရင် ဒီ(၁၆)နှစ်တာကာလဟာ ကြားနေနှစ်မှာမရှိခဲ့ဘဲ၊ အစွန်းနှစ်ဖက်ကို တစ်လှည့်စီကူးပြောင်းနေခဲ့တာကို ထူးခြားစွာ တွေ့နေခဲ့ရပါတယ်။ ဒီထက်ပိုထူးခြားတာကတော့ နှစ်ပေါင်း(၅၀)ကာလအတွက် မြန်မာနိုင်ငံရဲ့ ရာသီဥတုပြောင်းလဲမှုကိုလေ့လာတဲ့အခါ မုတ်သုံရာသီဥတုတွေဟာ အဲဒီ ထူးခြားကာလအပြီး၊ ၁၉၇၈ ခုနှစ်ကစပြီး ပြောင်းလဲလာခဲ့တာဘဲဖြစ်ပါတယ်။
လာန်ီညာရာသီဥတုဆိုတာ
လာနီညာနှစ်ဆိုတာ တကယ်တော့ အယ်လ်နီညိုရဲ့ဆန့်ကျင်ဖက် တစ်ဖက်အစွန်းရောက် ရာသီဥတုတစ်မျိုးပါဘဲ။ အယ်လ်နီညိုက ပူပြင်းခြောက်သွေ့တဲ့ရာသီဖေါက်ပြန်မှုကိုဖြစ်ပေါ်စေပြီး၊ လာနီညာကတော့ အေးပြီးစွတ်စိုတဲ့ရာသီဥတုကိုဖြစ်စေပါတယ်။ နှစ်မျိုးစလုံး အစွန်းရောက် ရာသီဥတုမို့ သူ့ဟာနဲ့သူ သဘာဝဘေးတွေပိုလာစေပါတယ်။ အယ်လ်နီညိုရာသီဥတုဟာ အပူချိန်တွေမြင့်တက်စေပြီး၊ အပူရှိန်တွေတက်စေတဲ့ အပူပိုဖြစ်စဉ်ဖြစ်ပါတယ်။ မိုးရွာသွန်းမှု လျော့နည်းပြီး မိုးခေါင်စေတယ်။ အခု ၂၀၁၆ နွေမှာ လောလောလတ်လတ်ကြုံတွေ့ခဲ့ကြရတဲ့ ရာသီဥတုမျိုးဆိုပါတော့ဗျာ။ လာနီညာရာသီဥတုကတော့ အပူချိန်တွေလျော့နည်းစေပြီး၊ မိုးများ စေတတ်တဲ့ အအေးပိုဖြစ်စဉ်ဖြစ်ပါတယ်၊ မုန်တိုင်းဖြစ်ပေါ်မှုများစေတယ်။ ဒီတော့ ရေကြီးမှုဘေးနဲ့ မုန်တိုင်းဘေးတွေ တိုးလာစေပါတယ်။ မိုးတွေများလာတာဟာ ကုန်းမြင့်ဒေသမှာဖြစ်ခဲ့ရင် လျပ်တပြက်ရေကြီးမှုဘေးတွေကြုံတွေ့ရစေနိုင်ပါတယ်။ ချင်းပြည်နယ်လို၊ စစ်ကိုင်းတိုင်း အထက်ပိုင်းလို အောက်ခြေမြေသားမခိုင်တဲ့နေရာတွေမှာ မိုးကြီးတော့ မြေပြိုတာတွေပါလာတယ်။
လာနီညာရာသီချိန်
လာနီညာဖြစ်တဲ့နှစ်တွေဟာ မိုးရွာသွန်းမှုတွေပိုလေ့ရှိပါတယ်။ လာနီညာဖြစ်စဉ်ဟာ တောင်ပစိဖိတ်သမုဒ္ဒယာနွေကာလ (ကမ္ဘာ့မြောက်ဖက်ခြမ်းမှာတော့ ဆောင်းကာလဖြစ်တဲ့ ဒီဇင်ဘာလမှဖေဖေါ်ဝါရီလအထိကာလ)မှာ အင်အားအကောင်းဆုံးဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် မိုးနှောင်း မိုးလွန်ကာလနဲ့ ဆောင်းရာသီအပေါ်မှာ လွှမ်းမိုးမှုအများဆုံးဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ၂၀၁၆-၁၇ ဟာ လာနီညာနှစ်ဖြစ်လာခဲ့ရင် ၂၀၁၈ ရဲ့ မိုးနှောင်း(စက်တင်ဘာလ) နဲ့ မိုးလွန်(အောက်တိုဘာလ နဲ့ နိုဝင်ဘာလတွေ) ကာလတွေမျာ မိုးကောင်းစေနိုင်ပါတယ်။ နောက်ပြီး စက်တင်ဘာလနဲ့ အောက်တိုဘာလဆိုတာ ပင်လယ်ရေအပူချိန်တွေ အမြင့်ဆုံးဖြစ်လို့ မုန်တိုင်းတွေအများဆုံးဖြစ်လေ့ရှိတဲ့ကာလမို့ မိုးနှောင်း နဲ့ မိုးလွန်ကာလမုန်တိုင်းတွေ အဖြစ်များ နိုင်ပါတယ်။ မိုးလွန်မိုးဆိုတော့ “အောင်ရေလား ဖျက်မိုးလား” ဆိုတာကတော့ လုပ်ငန်းအပေါ်မှာ တည်ပါလိမ့်မယ်။ သေချာတာကတော့ ကြိုတင်ပြင်ဆင်မှုလိုအပ်နေတာဘဲဖြစ်ပါတယ်။ ၂၀၁၆ ဒီဇင်ဘာလကစပြီး ၂၀၁၇ ဖေဖေါ်ဝါရီလအထိကြာမယ့် ဆောင်းရာသီဟာ အအေးပိုလာ နိုင်ပါတယ်။ အားကောင်းတဲ့ လာနီညာသာဖြစ်ခဲ့ရင် ၂၀၁၆-၂၀၁၇ ဆောင်းရာသီကာလသာမက ၂၀၁၇ နွေရာသီ(မတ်လ၊ ဧပြီလ နဲ့ မေလ)ပါ အပူလျော့နိုင်ပါတယ်။
ဖြစ်ဖို့အလားအလာနဲ့နောက်ဆက်တွဲပြသနာ
လက်ရှိတွက်ချက်မှုများအရတော့ ၂၀၁၆ မှာ လာနီညာနှစ်ဖြစ်လာဖို့အလားအလာဟာ မေ၊ဇွန်၊ဇူလိုင် (၃)လပေါင်းအပေါ်အခြေခံတွက်ချက်မှုအရ လာနီညာဖြစ်ရန် ၂၀%၊ ရှိနေရာက ဇူလိုင်၊သြဂုတ်နဲ့စက်တင်ဘာ(၃)လ ပေါင်းအပေါ်အခြေခံတွင်္ကချက်လိုက်တော့ လာနီညာဖြစ်ဖို့ ၄၆% ရှိလာတာကိုတွေ့ရပါတယ်။ ဒီတွက်ချက်မှုအရ (က) ၂၀၁၇ ဟာ ဒုတိယအယ်လ်နီညိုနှစ်(အလွန်ပူပြင်းမယ့်နှစ်)မဖြစ်နိုင်တော့ဘူး။ (၂) လာနီညာဖြစ်ဖို့ အလား အလာဟာ ၄% ကနေ ၇၂% ကို ခုန်တက်လာတာဟာ ဒေသတစ်ခုလုံးရဲ့ရာသီဥတု ဖြစ်စဉ်ကို လက်ရှိပြီးခဲ့တဲ့ကာလနဲ့ လုံးဝပြောင်းပြန်ဖြစ်သွားစေနိုင်ပါတယ်။ (၃) လာနီညာ နှစ်တွေမှာ မိုးပိုများ နိုင်တယ်၊ မုန်တိုင်းပိုအဖြစ်များနိုင်တယ်၊ ဒါကြောင့် ရေနဲ့ပတ်သက်တဲ့သဘာဝဘေးတွေကို ပိုဂရုစိုက်ဖို့ လိုပါလိမ့်မယ်။
လာနီညာနှစ်တွေရဲ့ အရေးကြီးတဲ့အချက်
ဂျပန်မိုးလေ၀သပညာရှင်များရဲ့တွေ့ရှိထားချက်တစ်ခုဟာ ကျွန်တော်တို့အတွက် အရေးကြီးနိုင်ပါတယ်။ ဒါကတော့ မြန်မာနိုင်ငံကို မုန်တိုင်းများဟာ လာနီညာနှစ်တွေမှာ ပိုမို ၀င်တတ်ခြင်းဘဲဖြစ်ပါတယ်။ ဒီတော့ ဘေးတွေ့နေတဲ့ပင်လယ်ရေတွေဟာ ဒီနှစ်အတွင်း ဘယ်လို သဘာဝဘေးတွေ သယ်ဆောင်လာနိုင်တယ်ဆိုတာ ကြိုတင်တွက်ဆထားနိုင်ဖို့ လိုပါလိမ့်မယ်။ သေချာတာတစ်ခုကတော့ ဒီလိုးဒုကဘေး(Hazard)တွေဆိုတာ လူ့လောကမှာ လူသားတိုင်း တွေ့ကြရမယ့် သဘောတရားတွေပါဘဲ။ လူ့ဘ၀မှာ မတွေ့ချင်လို့လည်းမရတဲ့ အနိစ္စ၊ ဒုက၊ အနတ္တ ဆိုတဲ့တရားတွေလိုပါဘဲ။ အဲ…အဲဒီဒုကဘေး(Hazard) တွေကို ဘေးဒုက(Disaster) မဖြစ်ရ လေအောင် လူတွေရဲ့အသိတရားတွေ၊ သတိတရားတွေ၊ ကောင်းမွန်တဲ့စီမံခန့်ခွဲမှုတွေ၊ ပူး ပေါင်းဆောင်ရွက်မှုတွေ နဲ့သာ ရင်ဆိုင်ဖြေရှင်း ကြမှသာ၊ သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှု တွေနဲ့ အသက်ဆုံးရှုံးရ မှုတွေကို
လျော့ပါးအောင် ဆောင်ရွက်နိုင်ကြမှာ အမှန်ဖြစ်ပါတယ်။
တကယ်တော့ သဘာဝဘေးကာကွယ်ရေး(Disaster Prevention) မဟုတ်ပါဘူး။ သဘာဝ ဘေးကြောင့် ပျက်စီးဆုံးရှုံးမှုကာကွယ်ရေး(Disaster Loss Prevention) သာ ဖြစ်ကြောင်းပါ။
*မူရင်း စာမျက်နှာမှ ကူးယူဖော်ပြသည်။
No comments:
Post a Comment