✿✿✿✿✿✿✿✿✿✿✿✿✿✿
တစ်ခါတုန်းက လက်သမားအိုကြီးတစ်ယောက်ဟာ
အသက်အရွယ်အရ အနားယူဖို့ ဆုံးဖြတ်လိုက်တယ်။ သူက
သူ့အလုပ်ရှင် သူဌေးကို သူ့ဘဝရဲ့ လက်ကျန်အချိန်မှာ
အလုပ်မလုပ်တော့ဘဲ သူ့မိန်းမနဲ့ပဲ အတူတူ ဘုရားသွား
ကျောင်းတက်နဲ့ ဖြတ်သန်းချင်တော့တဲ့ အကြောင်း
ဖွင့်ပြောလိုက်ပါတော့တယ်။ သူ့ဝင်ငွေတွေ မရတော့မှာကို
နှမြောပေမယ့် သူအနားယူချင်ပြီ တဲ့လေ။
သူ့ သူဌေးကတော့ အားကိုးရတဲ့ ဝန်ထမ်းကောင်းတစ်ယောက်
ဆုံးရှုံးရပြီ ဆိုပြီး စိတ်မကောင်း ဖြစ်နေတော့တာပေါ့။ ဒါပေမယ့် အိမ်လေးတစ်လုံးလောက်တော့ ထပ်ပြီး ဆောက်ပေးခဲ့ဖို့
တောင်းဆိုလိုက်တယ်။ နှစ်ပေါင်းများစွာ အတူလက်တွဲလာတဲ့ ကျေးဇူးရှင်ဖြစ်နေတော့ လက်သမားကြီးက ဆောက်ပေးပါ့မယ်ပေါ့။
ဒါပေမယ့် အခုအချိန်မှာ သူအလုပ်ကို စိတ်မပါတော့တာကိုတော့
သိမှာပါ ဆိုပြီး ပြောလိုက်တယ်။ အိမ်ဆောက်တဲ့ အခါမှာတော့
သူဟာ အရည်အသွေးနိမ့် ပစ္စည်းတွေသုံးပြီး သူ့တပည့်တွေထဲက
မကျွမ်းကျင်တဲ့ သူတွေနဲ့ပဲ ပြီးစလွယ် ဆောက်လိုက်ပါတော့တယ်။
သူလည်း နားချင်ပြီဆိုတော့ နောက်မခိုင်းတော့ရင် အေးတာပဲ
ဆိုတဲ့ အတွေးနဲ့ပေါ့။
လက်သမားဆရာကြီး အိမ်လေးဆောက်ပြီးတဲ့ အချိန်မှာ
စစ်ဆေးသူနဲ့ အတူ သူဌေးပါရောက်လာပြီး သူ့လက်ထဲကို
အဲ့ဒီအိမ်သော့လေး လှမ်းပေးလိုက်ပါတယ်။ ပြီးတော့ သူဌေး
ပြောလိုက်တာက “ ဒါခင်ဗျားအိမ်လေ… ကျွန်တော် ခင်ဗျားကို လက်ဆောင်ပေးဖို့ ဆောက်ခိုင်းလိုက်တာ” တဲ့။
လက်သမားဆရာကြီးဟာ အရမ်းအံ့သြသွားပြီး ရှက်လည်း ရှက်သွားမိတော့တယ်။ ဒီအိမ်ဟာ သူ့အတွက်ဆိုတာသာ ကြိုသိခဲ့ရင်
သူဒီလို ဘယ်လုပ်ခဲ့ပါ့မလဲ။ အခုတော့ ဘဝတစ်လျှောက်လုံး အိမ်ကြီးအိမ်ကောင်း လက်ရာသန့် များစွာ ဆောက်လုပ်ဖူးခဲ့တဲ့ လက်သမားကြီးဟာ သူဆောက်ခဲ့ဖူးသမျှထဲက လက်ရာအညံ့ဆုံး
အိမ်မှာ နေရတော့မယ်လေ။
ဒီအဖြစ်အပျက်လေးက ကျွန်တော်တို့ လူသားအားလုံး မီးမောင်း ထိုးပြနေပါတယ်။ ကျွန်တော်တို့တွေဟာလည်း လိုချင်တဲ့
ဘဝမျိုးရောက်ဖို့ နည်းလည်းမျိုးစုံနဲ့ သွားနေကြတာပါ။
အကောင်းဆုံး လုပ်မယ် ဆိုတာထက် ပြီးမြောက်ဖို့ပဲ စိတ်စောနေတတ်ကြပါတယ်။ ဒီလိုစိတ်လောကြီးမှုကြောင့် ကိုယ့်စွမ်းအားရှိသလောက် အားမထုတ်ခဲ့ဘူးဆိုရင်
လုပ်သမျှ အလကား ဖြစ်သွားနိုင်ပါတယ်။
နောင်တစ်ချိန်ကျမှပဲ မိမိဖန်တီးခဲ့တဲ့ အရာတွေကို စိတ်ပျက်နေပြီး လက်သမားဆရာကြီးလိုပဲ ပြီးစလွယ် ဆောက်ခဲ့တဲ့ အညံ့စားအိမ်မှာ နေနေရတာကို သတိထားမိလာပါလိမ့်မယ်။ ကဲ… ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်လည်း ဆိုတာ သိမြင်လောက်ပါပြီ။ သင့်ကိုယ်သင် လက်သမားဆရာလို့ မြင်ကြည့်လိုက်ပါ။ သင့်အိမ်သင်
ဘယ်လိုဆောက်မလဲ။ သံလေးတွေကို သေချာရိုက်မယ်။
သစ်သားလေးတွေကို ညီညီညာညာလေး လုပ်မယ်။
သေသေချာချာ စဉ်းစားချင့်ချိန်ပြီး ဆောက်လုပ်မယ်။ ဒါဆိုရင်တော့ လက်ရာကောင်းကောင်းနဲ့ အိမ်လှလှလေး တစ်လုံး
သင်ပိုင်ဆိုင်နိုင်မှာပါ။
လက်တွေ့ဘဝမှာလည်း ဒီလိုပါပဲ။ တစ်ကယ်လို့ သင်
တစ်ရက်လောက်ပဲ နေခွင့်ရတော့မယ် ဆိုရင်တောင်
အဲ့ဒီတစ်ရက်အတွက် ချစ်ခြင်းတွေခြုံလွှမ်းပြီး ဂုဏ်သိက္ခာရှိရှိ နေထိုင်ပေးသင့်ပါတယ်။ အဆိုတစ်ခု ရှိတာကတော့
“ မိမိဘဝကို မိမိသာလျှင် ထုဆစ်ရမှာပါ” တဲ့။ အဲ့ဒီစကားထက်
ရှင်းတာ ရှိနိုင်ဦးမလား။ သင့်ရဲ့ အခု လက်ရှိဘဝ အခြေအနေက
အတိတ်က သင့်ရဲ့ ရွေးချယ်မှုတွေ ဖြစ်သလို ဒီနေ့သင့်ရဲ့ ရွေးချယ်မှုတွေကလည်း မနက်ဖြန် သင်နဲ့ ထိုက်တန်တဲ့
အကျိုးရလဒ်တွေ ရရှိလာစေမှာ အမှန်ပါပဲ။
__________________________
Ref. ; Gandawin Magazine
Fb မှ ကူးယူဖော်ပြသည်။
No comments:
Post a Comment