Saturday, February 13, 2016

ဒေါက်​တာ ညိုထွန်း​အောင်​ ၏ တတိယ​မြောက်​ လက်

2009 Valentine's Day ကိုစမြုံ့ ပြန်ခြင်း

မိုးရိပ်တွေ အဆုပ်လိုက် အဆုပ်လိုက်ပွင့်တဲ့ ချမ်းစိမ့်စိမ့် ဖေဖော်ဝါရီ။ လွမ်းစိတ်ကိုဘယ်လိုဖြေဖျောက်ရပါ့။ အချစ်ဟာအနားမှာမရှိတဲ့အပြင် အနားကိုအချစ်မရောက်နိုင်မှန်းသိနေပေမဲ့ တစ်စုံတစ်ယောက်ကို ချစ်နေတဲ့ စိတ်ကတော့ လည်ပင်းမှာလွယ်ထားတဲ့ 3M Littmann နားကြပ်လို လူနာကိုစမ်းသပ်တိုင်း အမြဲတမ်းရှိ နေ သလိုရှိနေခဲ့တယ်။

အချစ်ကိုမေ့နိုင်ပေမဲ့မေ့ပျောက်လို့မရနိုင်တဲ့အချမ်းဒဏ်ကိုတော့အနွေးထည် ခပ်ပါးပါးလေး ဝတ်လို့ခုခံရင်း ချစ်သူချော့တေးကိုဆိုတတ်သလိုသီဆိုနေတုန်း ဖေဖော်ဝါရီလလယ်တောင်ရောက်လာခဲ့ပြန်ပြီ။ နှစ်တစ်နှစ်ရဲ့ ဆယ့်နှစ်လထဲမှာ ဆယ့်လေးရက်နှင့်ခေါက်ရိုးကျိုးပြီး ရှားရှားပါးပါးတစ်လတည်းသာပါတဲ့ဖေဖော်ဝါရီ။ နှစ်တစ် နှစ်ရဲ့ ဒုတိယမြောက်လဖြစ်သလို ကောင်းမွန်ခြင်းကို ငြိမ်းချမ်းရေးတေးသံနှင့် ချီတက်လာနေတဲ့ဖေဖော်ဝါရီ။ နှစ်သစ်မှာ နယူးရီးယား နှင်းငွေ့အစား သနတ်သံနှင့်ယမ်းရနံ့ကိုပဲတွေ့ခဲ့လိုက်ရသလို ပြည်ထောင်စုနေ့ မှာ လည်း ထိုနည်းအတိုင်း ပါပဲ။

စစ်ပွဲနောက်ကွယ်ကသွေးညှီနံ့တွေကြောင့် မပွင့်ဝံ့ဘဲပွင့်လာကြတဲ့ တောပန်းကလေးတွေကို တစ်ယောက် သောချစ်သူအတွက်ရည်စူးသီကုံးရင်း သတိရခြင်းကိုသူများတွေများ မြင်တွေ့သွားမလားစိုးရိမ်စိတ်ဖြင့်စာမေးပွဲ ဖြေခါနီး အလွတ်ကျက်မှတ်ပြီးသား၊ရပြီးသား စာတစ်ပုဒ်လို အိတ်ကပ်ထဲကပျာကရာထိုးသိပ်မိတော့တယ်။

လူအများစုက ဘုရားရှေ့ဆုတောင်းကြတာကလွဲလို့ မဖြစ်နိုင်မှန်းသိနေကြပေမဲ့ အကောင်းဆုံးဆိုတာက ဒါပဲရှိနေတော့ “ ဒီလိုပါပဲ၊အရင်လိုပါပဲ၊ အဲဒီအတိုင်းပါပဲ၊ ထိုနည်း၎င်းအတိုင်းပါပဲ ” ဂါထာကိုတော့ မှတ်မိ သလောက် ရွတ်ဆိုတုန်း အပြုံးလက်ဆောင်တပွေ့တပန်းနှင့် ဖေဖော်ဝါရီကိုနှင်းမှုံပျပျအောက်မှာ ဖျတ်ခနဲ တွေ့လိုက်မိတယ်။ ဒါကြောင်မို့ ဇန်နဝါရီဆိုတာ ဘာမှန်းမသိလိုက်ပေမဲ့ ဒီနှစ်ဖေဖော်ဝါရီကိုတော့ ချစ်သူဆီက အဖြေရလိုက်တဲ့အခိုက်အတန့်လို အမှတ်ရနေမှာကတော့ အမှန်ပင်။

ဖေဖော်ဝါရီကို ပိုင်ဆိုင်ခွင့်ရရှိထားကြသူတွေအားလုံးကတော့ အပြောင်းအလဲကြားထဲ ပလူးပလဲကူးခတ်ရင်း ချစ်သူများနေ့ ( Valentine’s Day) ကိုထိတွေ့ခွင့်ရရှိလိုက်ကြတယ်။ ကံထူးသူနှင့် လက်မှိုင်ကျသူ၊ ချောကလက် ရောင်းသူ နှင့်လက်ခံရရှိသူ၊ ပိုင်ဆိုင်ခြင်းနှင့် စွန့်လွှတ်ခြင်းတွေကြားမှာ ဆယ့်လေးရက်ဖေဖော်ဝါရီဆိုတာကြီးက အပျံသင်စစိုင်းဒြားဌက်တစ်ကောင်အလား ဗယ်လင်တိုင်းမိုးကောင်းကင်အောက်မှာ ချောကလက်ရနံ့ကို ကိုက်ချီ လျှက် လေဟုန် ခွင်းလို့ ငါတို့ဆီအရောက်ပျံသန်းလာနေတာကိုတွေ့လိုက်ရတယ်။

လာခြင်းကောင်းသော ဖေဖော်ဝါရီကို သောက်လက်စရိုးရာအရက်နှင့် ဧည့်ခံရင်းလွန်ခဲ့တဲ့ငါးနှစ်(အခုတော့ ၇ နှစ်) ဖေဖော်ဝါရီ ကိုစမြုံ့ ပြန်မိတော့တယ်။ အတိတ်မှတ်တိုင်အချို့က ကျော်လွန်လာခဲ့ပြီဆိုသော်လည်း တစ်ချို့ အဖြစ်အပျက် များကား မေ့မရ အဖြစ်အပျက်များအဖြစ် ပြုလုပ်သူနှင့်တိုက်ရိုက်သက်ဆိုင်နေပြီး ခံစားချက် ဒီဂရီအနိမ့်အမြင့် က စာအုပ်ကြားထဲညှပ်ထားတဲ့ အစင်းအကြောင်းများစွာပါဝင်သော ဓာတ်ပြားဟောင်း တစ်ချပ်နှင့် တူနေတယ်။

လွန်ခဲ့တဲ့ငါးနှစ် (အခုတော့ ၇ နှစ်) လမ်းတစ်ဝက်ဖေဖော်ဝါရီညချမ်းမှာ Severe Neonatal Jaundice ကလေးလေး တစ်ယောက်ကို Blood Exchange ( Exchange transfusion) လုပ်နေတုန်း ဂဏာမငြိမ်မျက်လုံး၊ စိုးရိမ် သောကစိတ်အပါအဝင် ကြောင့်ကြစိတ်ပေါင်းသောင်း ခြောက်ထောင်က စံပြဆေးရုံ Child Ward Procedure Room ခန်းထဲ မှာတော့ သွေးအသွင်း(လဲ)ခံကလေးလေးရဲ့ နှလုံးခုန်နှုန်းထက် ကျနော့် နှလုံးခုန်သံက ပိုမြန်နေခဲ့ တယ်ဆိုတာ အဲဒီညတုန်းက သာနေတဲ့လရောင်အောက် အိပ်မောကျရင်ခွဲရုံ (Mortuary) ကလွဲလို့ မည်သူမှ မသိခဲ့သည်ကတော့ အသေအချာပင်။

ဗယ်လင်တိုင်းနေ့ Operation အပြီး အော်ပရေးရှင်းအခန်းဝမှာချွတ်ထားခဲ့တဲ့ ဖိနပ်တစ်ရံပျောက်ဆုံးခြင်းနှင့် အတူ အဲဒီနေ့ဟာHouse Surgeon နောက်ဆုံးညမှန်း ကျနော်လည်းကြိုမသိခဲ့တာအမှန်ပင်။ အဲဒီ ဗယ်လင် တိုင်းနေ့ကိုအောက်မေ့သတိရရင်း 2014 Valentine’s Day (မနက်ဖန် 2016 Valentine's Day) မှာ ချစ်သူတိုင်းအဆင်ပြေကြပါစေလို့ဆုတောင်းရင်း အချစ်မရှိသေးသောသူများ(ကျနော်အပါအဝင်) အချစ်စစ်နှင့်တွေ့နိုင်ကြပါစေလို့….။

Dr. Nyo Twan Awng
Edited Old Post
13 Feb , 2014 ,Thursday.


No comments:

Post a Comment