ဆရာဟူသည်
===========
(၁)
ဒေါ်သက်မွန်..... ခဏလောက်ရုံးခန်းကို လာခဲ့ပါဦးဗျ...။"
ကျောင်းအုပ်ဆရာကြီး ကိုယ်တိုင် အခန်းတံခါးဝကနေရပ်ပြီး ခေါ်တော့ လေဥဆိုတဲ့ ကလေးလေးကို လက်ထပ်ပြီး ၀လုံးအရေးသင်နေတဲ့ သူငယ်တန်းဆရာမ ဒေါ်သက်မွန် အရှိန်ပျက်ရပါပြီ။
ဟုတ်ကဲ့ ဆရာကြီး
လက်ထပ်သင်နေတဲ့ ကလေးကို နေရာပြန်ဖို့ပြောပြီး...
ဆရာကြီးနောက်ကို ခပ်လောလောလေး လိုက်ဖို့ ဒေါ်သက်မွန်
ခြေလှမ်းပြင်လိုက်ပြီးမှ သတိတစ်ချက်ရလိုက်သည်။
ကိုယ့်သူငယ်တန်းက ဒီအတိုင်းထားခဲ့ လို့ရတဲ့ အတန်းမှ မဟုတ်တာပဲ။ ဘေးကပ်ရပ်အတန်းက ပထမတန်းဆရာမ ဒေါ်အေးမော်ကို အတန်းလေး ခဏထိန်းပေးဖို့ ပြောလိုက်ရ
သည်။
ရုံးခန်းမှာ ဆရာကြီးက ဘာများအရေးကိစ္စရှိလို့ပါ လိမ့်ဟု ဒေါ်သက်မွန် တွေးမိဟန်မတူ။ ဆရာကြီး ခိုင်းစရာ တစ်ခုခု ရှိဟန်တူရဲ့လေ။
ရုံးခန်းထဲ ရောက်တော့ ဒေါ်သက်မွန် အံဩသွားရသည်...။
မအံဩပဲ ရှိရိုးလား... ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်တစ်ချို့၊ အုပ်ချုပ်ရေးမှူး နဲ့ လေဥလေးရဲ့ အဖေ ဦးသောင်းထိုင်နေကြသည်ကိုး။ မျက်စိမျက်နှာတွေ ပျက်နေကြတာကို ဒေါ်သက်မွန် ရုံးခန်းထဲ အ၀င်ကတည်းက သတိထားမိပါ၏။
ဘာကိစ္စပါလိမ့်....။ ဒေါ်သက်မွန်ရဲ့ ရင်ထဲက အမေးကို ဆရာကြီးက
ဆရာမရေ.... ဆရာမအတန်းက မောင်ချမ်းမြေ့ကို ဆရာမက နင့်ပဲကဆ ရိုက်လိုက်လို့တဲ့.... အဲ့ဒါ အဖေဖြစ်သူ ဦးသောင်းက မကျေမနပ်ဖြစ်ပြီး ပညာရေးမှူးရုံးကို တိုင်တယ်တဲ့ဗျာ...
ရှင်....ဘယ်လို
ဆရာကြီး၏ စကားကို တစ်ခေါက်တည်း နားမလည်လိုက်၍ဒေါ်သက်မွန်နောက်တစ်ခေါက် ထပ်မေးမိသည် အထိ ပူထူသွားရသည်။ ဘုရား ဘုရား.... ငါအတိုင်ခံရတယ် ဆိုပါလား။
ဒေါ်သက်မွန် ဦးသောင်းမျက်နှာကို ကြည့်လိုက်တော့ မျက်နှာလွဲလျှက်နဲ့....
သက်မွန်.... နင်ကလေးကို ရိုက်တာကို ငါက ရက်စွဲနဲ့ တိတိကျကျ မှတ်ထားတာ.... ရိုက်ထားတဲ့ ဒဏ်ရာတွေကို လည်း ဓာတ်ပုံဆရာခေါ်ပြီး ဓာတ်ပုံမှတ်တမ်းယူပြီးပြီ... နင်ရှင်းဖို့သာ ပြင်တော့.... ဘယ့်နှယ်ဗျာ.... ကိုယ့်သားသမီး မဟုတ်တိုင်း ..... တခြားသူသာ ရမယ် ငသောင်းကို ဒါမျိုးလာမလုပ်နဲ့.... မှတ်ထား´
ဒေါ်သက်မွန် ပါးစပ်အဟောင်းသားနဲ့..... အကြီးအကျယ် အံဩရပါပြီ။ လေဥ (ခ) မောင်ချမ်းမြေ့.... ဥာဏ်အတန်ထိုင်းသောကလေး.... တခြားကလေးတွေက ၀လုံး ပြီးလို့ ပ....င...၁.... က ....ယ စတာတွေတောင် ရေးတတ်နေပြီ။ လေဥလေးကတော့ အခုထိ ၀လုံးကိုပဲ ၀ိုင်းဝိုင်းညီညီမရေးတတ်သေး။ တခြားကလေးတွေက က ကလေးငယ် ချစ်စဖွယ်မှသည်..... စလုံး စလုံးဖိုးစလုံး ပါမကျန်.... ငါးလေးတစ်ကောင်ဖမ်းမိတယ်..... စတဲ့ စတဲ့ ကဗျာတွေ.... Apple ဆိုတဲ့ ပန်းသီးပေါ် Ant ပုရွတ်ဆိတ်နော်..... စတဲ့ အင်္ဂလိပ် alphabet စကားလုံးလေးတွေ မှတ်မိစေတဲ့ ကဗျာတွေ... နောက်... ပန်းတစ်ပွင့် ပန်းနှစ်ပွင့် ပန်းသုံးပွင့်ပါ...ဆိုတဲ့ ရေတွက်ခြင်း သင်္ချာကဗျာလေးတွေ....ကို ကောင်းကောင်း ရွတ်ဆိုတတ်သော်လည်း.... ဥာဏ်ရည်မမီသော လေဥလေးကတော့ ဘာမှမရသေး။
ပုရွက်ဆိတ်ပုံကို ပြပြီး ဒါဘာလဲ လို့ မေးတိုင်း .... အကောင် ... လို့ပဲ တိုးတိုးလေး သာဖြေတတ်တဲ့ ကလေး။
ပုရွတ်ဆိတ်အုံနားခေါ်သွားပြပြီး ပုရွက်ဆိတ်လို့ ခေါ်တယ်သားရဲ့.....လို့သေသေချာချာ ပြေပြပေးရတဲ့ကလေး။
ဝလုံးရေးရင် အောက်ကချွန်နေအောင်ပဲ ရေးတတ်တဲ့ကလေး။
အရယ်အပြုံးအရမ်းနည်းတဲ့ကလေး။
အတန်းထဲက တခြားကလေးတွေ စားထားတဲ့ မုန့်ခွံတွေကို သူ့လွယ်အိတ်ထဲ စုပြုံထည့်ထားတတ်တဲ့ကလေး။
အာဟာရ ပြည့်မီပုံမရဘဲ အနည်းငယ် ပိန်လီနေတဲ့ကလေး။
ပန်းသီးစိတ်လေး ကိုစားဖို့ပေးတော့ စာအုပ်ထဲက အသီးလား ဆရာမလို့ အသံတိုးတိုးနဲ့ မေးခဲ့တဲ့ကလေး။
အားငယ်နေတဲ့ မျက်လုံးနက်နက်ကလေးတွေရှိတဲ့ အသားခပ်ညိုညိုကောင်လေး....။ အခုတင် ဒေါ်သက်မွန် ၀လုံး လက်ထပ်သင်ပေးခဲ့တဲ့ကလေး။
ဒီကလေးရဲ့ အဖေ ဦးသောင်းက အခုကလေးရိုက်လို့ လာတိုင်ထားတယ်တဲ့လေ။
ဒေါ်သက်မွန် အတော်လေး ပြန်စဉ်းစားယူရသည်။
ချမ်းမြေ့ကို ငါရိုက်မိသေးပါသလား။
ဒေါ်သက်မွန် သည် အရိုက်ကြမ်းသော ဆရာမတော့ မဟုတ်။ သူငယ်တန်းကိုချည်း သင်ရသည်ပင် ၅ နှစ်ရှိပြီ။ ကလေးများ၏ သဘာဝနှင့် မည်သို့ ကိုင်တွယ် သင်ကြားရမည်ကို ကောင်းကောင်းသိထားပြီးဖြစ်သည်။ စနစ်တကျ တတ်အောင်သင်သည်။ စေတနာအရ ရံဖန်ရံခါ ရိုက်မိတာမျိုးလည်း ရှိသည်။ ပေတံပျော့ပျော့ဖြင့် တင်ပါးလေးမှ တပါး တစ်ခြားနေရာ မရိုက်။ နားပန်းမွှေး ဆွဲတဲ့အခါလည်း ဆွဲတတ်သည်။ တစ်ချို့ကလေးက ချော့ပြောရပေမဲ့ ကလေးအများစုက တုတ်ကိုသာ ကြောက်တတ်ကြောင်း ဒေါ်သက်မွန်အတွေ့အကြုံအရ သိထားပြီး ဖြစ်သည်။ ထို့ကြောင့် ဒေါ်သက်မွန် အတန်းမှ အတန်းတတ်သွားသော ကလေးများကို ပထမတန်း ဒုတိယတန်းနှင့် မူထက်ဆင့် ဆရာမများက မမွန်.... အခန်းကလာတဲ့ကလေးတွေက အခြေခံပါတယ်.... သင်ရတာ သိပ်လွယ်တာပဲ.... လက်ရေးတွေလည်း အရမ်းကောင်းတာပဲ´ဆိုပြီး အချင်းချင်း ချီးမွမ်းခန်းဖွင့်ကြလေရဲ့။ သည်အတွက် ဒေါ်သက်မွန် မိမိကိုယ်ကိုယ် ကျေနပ်မိတာ အမှန်ပါပဲ။
ကလေးမိဘ တစ်ချို့ဆို သူငယ်တန်းဆို ဒေါ်သက်မွန်အခန်းပဲ ရချင်တယ်လို့ ကျောင်းအုပ်ဆရာကြီးကို ကျောင်းအပ်စဉ်ကတည်းက တောင်းဆိုတာမျိုးတောင် ရှိပါသည်။ ထိုအခါ ဒေါ်သက်မွန် အလွန်ပင်ပီတိ ဖြစ်ရသည်။ ကိုယ်က အကောင်းဆုံး စေတနာလေးနဲ့ သင်ကြားပေးလိုက်လို့ ကလေးတွေတတ်မြှောက်သွားရင်ပဲ မူပြဆရာမလေး တစ်ယောက်ဘ၀ ပြည့်စုံပြီ မဟုတ်ပါလား။
အခုတော့.... ဒေါ်သက်မွန်.... စေတနာလွန်မိသွားသည်ထင်။
မိမိဘ၀မှာ ဤကဲ့သို့သော အဖြစ်မျိုး မကြုံဘူး....။ အခုတော့မှ...ဒူးတွေနဖူး တွေ့ကြုံရပါပြီ။ ဘယ်လိုဖြေရှင်းမလဲ။
အမှန်တော့ ဒေါ်သက်မွန် မမှတ်မိတော့။ ကျောင်းသား ၄၆ယောက်ရှိသော အတန်းထဲမှ ကလေးများကို စာသင်တဲ့ အခါ နိစ္စဓူဝ တစ်ယောက်မဟုတ် တစ်ယောက်ရိုက်မိပေလိမ့်မည်။ ထိုအထဲ မှာမှ လေဥ(ခ) ချမ်းမြေ့လည်း ပါချင်ပါနေနိုင်ပေသည်။
ဟုတ်ကဲ့ ..... ကျမ ဘယ်နေ့က ရိုက်သလဲ.... ဘယ်နေရာကို ရိုက်တာလဲ....ကလေးမှာရော ဒဏ်ရာက ဘယ်လောက်ကြီးသွားလဲ .. ဦးသောင်းရဲ့
ဒေါ်သက်မွန် စိတ်ကို အတည်ငြိမ်ဆုံးထားပြီး ဆတ်တိုက်မေးလိုက်သည်။
ငါ့သားကို နင် လဆန်း ၂ရက်နေ့ကတစ်ခါ.... ၇ရက်နေ့က တစ်ခါ... ၉ရက်နေ့က တစ်ခါ.... ကျောကုန်းတစ်ခုလုံး အရှိုးရာတွေ နီရဲနေတာပဲ.... အခုငါ့သားကို ခေါ်ပြမယ်
ဟင် ..... ကျမ တစ်ခါမှ ကျောကုန်းမရိုက်ဖူးပါဘူး
ဒေါ်သက်မွန် စကားမဆုံးသေးခင် ဦးသောင်းက သူ့သားကိုသွားခေါ်တော့သည်။
ဆရာမလေး.... မမှားဘူး .... ဒီလူက သက်သက် အပြစ်ရှာတာပါ.... ကျနော်တို့ ၀ိုင်းဖြေရှင်းပေးပါ့မယ်
ဟုတ်တယ်... သမီး ဆရာကြီး သိတယ်.... ဒီလူရဲ့ မျက်းလုံးတွေက မရိုးသားဘူး
ဦးသောင်း ထွက်သွားတုန်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့က လူတွေကရော... ဆရာကြီးရော... အုပ်ချုပ်ရေးမှူးရောက ၀ိုင်းအားပေးကြသည်။ ထိုတော့မှ အရမ်းဝမ်းနည်းသွားပြီး ဒေါ်သက်မွန်ငိုမိပါတော့သည်။
ဦးသောင်းကလေးကို ခေါ်လာပြီး.... ကလေးကျောတွင်ရှိသော အင်္ကျီကို အထက်မတင်၍
ကဲကြည့်စမ်းပါဗျာ....
အားလုံးရော ဒေါ်သက်မွန် ကိုယ်တိုင်ပါ အံဩသွားရသည်။
ကလေး၏ ကျောပြင်တစ်ခုလုံး၌ အဖီးများ အရှိုးရာများ မှာ ညိုပုတ်နေသည်။ တစ်ချို့ဆို အနာဖေးလေးများပင် တတ်နေသယောင်။
ဒေါ်သက်မွန် ခေါင်းရမ်းသည်။
မဟုတ်ဘူး.... ဆရာကြီး ကျမ ကလေးကို ဒီလောက်အထိ ဘယ်တုန်းကမှ မရိုက်ဘူး.... နောက်ပြီး ကျမ ဘယ်တော့မှ ကျောကို မရိုက်ဘူး.... ကျရိုက်ရင် တင်ပါး အသားများတဲ့နေရာပဲ ပေတံနဲ့ ရိုက်တာပါ.... ဒါက ကျမရိုက်တာ မဟုတ်ဘူး... ဆရာကြီး...
အိုး.... ဒါက နင်မရိုက်လို့ ..... ငါကရိုက်တာလား... နင်တို့ တစ်ကျောင်းလုံး ငါအကြောင်း သိပြီမှတ်.... ကန်တော့ပွဲနဲ့ အိမ်မှာ လာတောင်းပန်ရင် တောင်းပန်.... မဟုတ်ရင်တောင် နေပြည်တော်အထိ ရောက်အောင်တိုင်မယ်.... ငသောင်းကို ပေါ့တော့တော့ မထင်နဲ့
ဦးသောင်းက ဒေါသတကြီးပြောပြီး ကောက်ပွေ့၍ ထပြန်လေတော့သည်။ ဖခင်၏ ပုခုံးပေါ်မှ ကျော်၍ မျက်ရည်အ၀ိုင်းသားနဲ့ ဒေါ်သက်မွန်ကို ကြည့်သွားသော လေဥကလေး၏ မျက်ဝန်းနက်နက်ကလေးများတွင် အဖြေများကပ်ညိနေလိမ့်မည်ဟု ဆရာကြီး ဦးစိုးလင်း ထင်မိပါသည်။
----------------------------------------------------------
(၂)
ထိုနေ့ညနေက ဒေါ်သက်မွန် အရမ်းဝမ်းနည်း၍ ငိုမိသည်။ ရပ်ရွာလူကြီးများက ၀ိုင်းဝန်းနှစ်သိမ့်သော်လည်း မနက်မနက်တွင် ပညာရေးမှူးရှေ့မှောက်၌ တရားခံတစ်ယောက်ကဲ့သို့ အစစ်ဆေးခံရမည်ကို တွေး၍ များစွားပူဆွေးမိသည်။ အော်.... ဆရာမ ဘ၀၌ မြေဖြူလေးကို ကိုင် ဆံထုံးလေးထုံး ပန်းကလေးပန် ကြိမ်ခြင်းလေးဆွဲ... ကျော့ကျော့လေးနေပြီး စာသင်နေရုံဖြင့် ဥာဏ်နည်းသော ရမည်ဟုထင်နေကြပါလော။
တကယ်သင်ပြီးဟေ့ဆိုလျှင် ကျောင်းဆင်းသည်နှင့် လူမှာမျော့မျော့လေး ကျန်ရစ်ခဲ့သည်အထိ ပင်ပန်းသည်ကို ဒေါ်သက်မွန်တို့လို စေတနာဆရာတွေသာ အသိဆုံး။ အခုတော့ စေတနာဆရာမကြီး ဒေါ်သက်မွန် မျက်ရည်ကြီးငယ်ကျရသည်အထိ စေတနာများလွန်သွားသည် မဟုတ်ပါလား။
သမီး.... သေချာစဉ်းစား တရားကိုနတ်စောင့်ပါတယ်.... သူပြောတဲ့ ရက်တွေကို အင်္ဂလိပ်ပြက္ခဒိန်နဲ့ ပြန်တိုက်ပြီး... က စာရင်းထဲမှာ အဲ့ဒီနေ့တွေတုန်းက သူကလေးလာမလာ။ ပြန်စစ်ဆေးထား။ နောက်ပြီး.... ကလေးကျောက အရှိုးရာတွေက အရင်က အရာတွေရော လောလောဆယ် ရိုက်ထားတဲ့ ဒဏ်ရာတွေရော...လို့ ဆရာကြီးထင်တယ်။ ကလေး background အခြေအနေကိုလည်း ဆရာကြီး စုံးစမ်းပေးထားမယ်။ စိတ်မညစ်ပါနဲ့။
ဆရာကြီး၏ ကျောင်းဆင်းချိန်တုန်းက မှာသောစကားကြောင့် ဒေါ်သက်မွန်အနည်းငယ်တော့ စိတ်သက်သာရာ ရမိတာအမှန်ပင်။ အခုလို ဒုက္ခအပူလေး ရှိတော့ အိမ်က အဖေနှင့်အမေကို အလွန်းအမင်း သတိရမိသည်။
အဖေဆီဖုန်းဆတ်မိတော့သည်။
ငါ့သမီး... ကိုယ်မှန်နေတာပဲ လုံးဝ အလျော့မပေးနဲ့... တောင်းပန်စရာ မလိုဘူး.... အလုပ်ထွက်ရလည်း အဖေက ငါ့သမီးကို ကျွေးထားနိုင်တယ်.... သမီးလုပ်ချင်လွန်းလို့သာ အဖေက ခွင့်ပြုထားတာ အစိုးရလစာထက် ကိုယ့်အိမ်အလုပ်က ပိုပါသေးတယ် သမီးရယ်... လုံးဝ မတောင်းပန်နဲ့နော်... မနက်ဖြန် အဖေတို့လာခဲ့မယ်
ဖခင်စကားကြောင့် ဒေါ်သက်မွန် ဘယ်အရာကိုမှ မကြောက်တော့။
ပြသနာတစ်ခုကို ခေါင်းအေးအေးထားပြီး စဉ်းစားကြည့်တော့မှ အဖြေမှန်နဲ့ ပိုနီးစပ်မည် မဟုတ်ပါလား။
အရင်ဆုံးက က စာရင်းစာအုပ်ကို ဖွင့်ကြည့်မိသည်။ သူပြောတဲ့ လဆန်း ၂ရက်နေ့က ဩဂုတ်လ 4ရက် တနင်္လာနေ့...... ။ ဒေါ်သက်မွန် မောင်ချမ်းမြေ့ဆိုတဲ့ နာမည်လေးနောက် မှာ ၄ဆိုတဲ့အကွက်လေးမှာ လက်ဖြင့်ထောက်ရင်း အံဩမိသွားသည်။ မမ။ ထိုနေ့က မောင်ချမ်းမြေ့ ကျောင်းမလာ။ ထို့နောက်..... ၇ရက်.... ၀ါတွင်းဖြစ်၍ အဖိတ်နေ့ ကျောင်းပိတ်ရက်ဖြစ်နေပြန်ပါသည်။
နောက်ဆုံး ၉ရက်နေ့တစ်ရက်သာ ကျောင်းလည်းဖွင့် မောင်ချမ်းမြေ့လည်း ကျောင်းလာသည်။ ဒေါ်သက်မွန်စိတ်ထဲ အဖြေတစ်ခုခုကို တွက်ချက်မိသွားလေသည်။ သေချာစေရန် အချိန်ပိုင်းလူစစ်မှတ်တမ်းနဲ့ ပြန်တိုက်ဆိုင်ကြည့်လိုက်မိသည်။
က စာရင်းကအတိုင်း အချိန်ပိုင်းမှာလည်း တွေ့ရပြန်သည်။
ဒေါ်သက်မွန် အခုမှပဲ အသက်၀၀ ရူနိုင်တော့သည်။ အချိန်ပိုင်းကို စနစ်တကျ ခေါ်ထားတတ်သော က စာရင်းကို ပုံမှန်စနစ်တကျ ခေါ်တတ်သော မိမိ၏ အကျင့်လေးက မိမိအားကယ်တင်လိုက်နိုင်ပေလိမ့် မည် ဟုဒေါ်သက်မွန်ထင်မိသည်။ ဆရာကြီး က ညပိုင်းတွင် ဒေါ်သက်မွန်ဆီသို့ ရောက်လာခဲ့သည်။
သမီးရေ.... ကလေးအဖေဖြစ်သူက မြို့ထဲက အတိုင်အတောလုပ်လွန်းတဲ့ လူတစ်ယောက်နဲ့ပေါင်းနေတာတဲ့ကွ... အမှုကိုလီဆယ်ပြီး ငွေညစ်ချင်လို့ ထင်တာပဲကွာ... ဘေးနားက အိမ်တွေကတော့ ဦးသောင်းတို့လင်မယား က သိပ်အဆင်မပြေကြဘူးတဲ့။ ညနေတိုင်း ကလေးငိုသံကိုလည်း ကြားရတ်ာတဲ့။
ဆရာကြီးကို က စာရင်းထဲက အကြောင်းကို ပြောမိတော့....
အေး.... ကိုယ့်ဘတ်က ခိုင်ခိုင်လုံလုံပြောနိုင်တာပေါ့.... သမီးက စာရင်းဇယား အတိအကျလုပ်ထားတော့ ကိုယ့်အတွက် ကာဗာ ဖြစ်တာပေါ့ကွ´
ဆရာကြီး၏ ကိုယ့်လက်အောက်ငယ်သား အပေါ်စာနာပြီး မားမားမတ်မတ်ရပ်တည်ပေးသော စိတ်ထားအား ဒေါ်သက်မွန် အမှန်တကယ်ပင်လေးစားမိပါတော့သည်။
ရပ်ရွာကလည်း သတင်းသိုးသိုးသန့်သန့်ကြားသူများ က လာရောက်အားပေးကြသည်။
လုပ်ဖော်ကိုင်ဖတ်များကလည်း ကူညီစောင့်ရှောက်ကြပါသည်။ ဒေါ်သက်မွန် ၀မ်းနည်းစိတ်ပူနေရသည့် ကြားမှပင် ပီတိလေး ဖြစ်မိပါတော့သည်။
ရွာဦးကျောင်း ဘုန်းကြီးက အစ.... မနက်စောစောကြီး ဘုန်းကြီးကျောင်းကို လူလွှတ်ခေါ်၍ မစိုးရိမ်နှင့် ဘုန်းကြီးဖြေရှင်းပေးမည်ဟု မိန့်ကြားပါသေးသည်။
ဒေါ်သက်မွန် ဘုန်းကြီးကျောင်းက ပြန်ရောက်တော့ ထူးထူးဆန်းဆန်း ဆံပင်စုတ်ဖွား ခပ်ပိန်ပိန်အသားခပ်လတ်လတ် ရှိသော အမျိုးသမီးတစ်ယောက်က သူ့အခန်းရှေ့က ထိုင်ခုံလေးပေါ်မှ ထိုင်၍ စောင့်နေသည်ကို တွေ့ရသည်။
အကျိုးအကြောင်းမေးကြည့်တော့မှ ထိုအမျိုးသမီးသည် ချမ်းမြေ့၏ မိခင်ဖြစ်ကြောင်းသိရသည်။
ကျမ ဆရာမလေး ကို ဒုက္ခပေးချင်နေတဲ့ အိမ်က တိရစ္ဆာန်ကြီး အကြောင်းကို ပြောပြချင်လို့ လာခဲ့တာပါ..... တကယ်တော့ ကျမတို့ သားအမိနှစ်ယောက်စလုံးကို ညနေတိုင်း အရက်မူးပြီး နှိပ်စက်တာပါ.... ကလေးကိုလည်း သူကိုယ်တိုင်ပဲ ရိုက်တာပါ.... ကျောင်းက ဆရာမတွေ အလုပ်ဖြုတ်ပြမယ် လို့လည်းအမြဲပြောပါတယ်.... ဆရာမလေးကို သူတိုင်ထားတယ်ဆိုတာ အခုမနက်မှ ဘေးအိမ်က ပြောပြလို့ သိရပါတယ်..... ဒါကြောင့် သူအလစ်မှာ ခိုးပြီး ..... အီး...ဟီး..... လာ..လာ ပြေပြတာပါ.... ဟင့်...ဟင့်.... ဆရာမလေး ကျမသားလေးကို.... ဟင့်... မမုန်း...ပါနဲ့..နော် အီး...ဟီး...
အမျိုးသမီးကြီးက ပြောလည်းပြော ရှိုက်ကြီးတငင်လည်း ငိုပါတော့တယ်။ ဒေါ်သက်မွန် အမျိုးသမီးကြီးကို ချော့မော့ပြီး အိမ်ပြန်လွှတ်လိုက်ရသည်။ တရားကို နတ်စောင့်သည်ပဲလေ။
နံနက်ကိုးနာရီ....။ ကျောင်းတတ်ခေါင်းလောင်း သံနှင့်အတူ ကလေးများ အတန်းအသီးသီး သို့ ၀င်ကြသည်။ ကျောင်းအုပ်ဆရာကြီး ရပ်ရွာအုပ်ချုပ်ရေးမှုး... ကော်မတီဝင်လူကြီး များအပြင် ရွာဦးကျောင်းဆရာတော် ...... ပါမကျန် ကျောင်းရုံးခန်းသို့ ရောက်လာကြသည်။ ဆရာတော် အမိန့်အရ မရှေးမနှောင်းပင် ဦးသောင်းတို့သားအဖ လည်း ဆိုင်ကယ်တစ်စီးဖြင့်ရောက်လာကြသည်။
ဒေါ်သက်မွန် စိတ်တွင် အနည်းမျှ စိုးရိမ်ခြင်းမရှိလေတော့။ ခိုင်လုံသောအထောက်အထားများ ရှိနေပြီပဲ။
ရုံးခန်းထဲတွင် ဆရာတော် အားအားလုံးက ဦးချပြီး...
ဆရာကြီးက စတင်ပြီး ပြသနာ အကြောင်းကို အကျဉ်းလျှောက်တင်သည်။
ကဲ....မောင်သောင်း.... ရုံးရောက် ဂတ်ရောက် မကောင်းဘူးကွ.... မင်းဒီပြသနာလောက်ကို ဟိုတိုင်ဒီတိုင်နဲ့ကွာ.... ကဲ အခုငါဆုံးဖြတ်ပေးမယ်.... မောင်သောင်း ကျေနပ်ရဲ့လားဟဲ့
ဆရာတော်၏ ငေါက်ဆတ်ဆတ်အသံကြောင့် ဦးသောင်း တင်ပါ့ဘုရား ဟုကြောက်ကြောက်လန့်လန့်နှင့် ပြောရလေတော့သည်။
ထို့နောက် ဆရာကြီးက က စာရင်းစာအုပ် အချိန်ပိုင်းစာအုပ် များဖြင့် အသေးစိတ်ဆရာတော်အား ရှင်းပြလိုက်လေသည်။ ဦးသောင်းမှာ မျက်စိမျက်နှာပျက်ငြင်းရုံမှတပါး မတတ်နိုင်တော့ပြီ။
အရှင်ဘုရား..... ကလေးရဲ့ ကျောက အရိုးရာတွေက ဘုရား... လွန်ခဲ့တဲ့ ၁ပတ် ၁၀ရက်ခန့်က မဖြစ်နိုင်ဘူးဘုရား... တစ်ရက်နှစ်ရက်က အရာမျိုးပါဘုရား´ ကျောင်းကော်မတီ အဖွဲ့ဝင်တစ်ဦးကလည်း ဆရာတော်ကို ၀င်လျှောက်လေသည်။
ကဲ...မောင်သောင်း မင့်သားကျောကုန်း ငါကြည့်စမ်းမယ်... ပြစမ်းဟဲ့
ဦးသောင်း မျက်နှာမှာ ညိုပုတ်လျှက် သားဖြစ်သူ၏ ကျောကုန်းကို လှန်ပြသည်။ အရှိုးရာများသည် မနေ့ကထက်ပင် ပိုများလာ၏။
ဟုတ်ပေသားပဲ.... မောင်းသောင်းရ.... မင့်သားကျောက အရာတွေ ကဖြင့် ရဲနေတဲ့ အရာတွေပါရှိနေပါလားဟ...
ဟင်.... ကဲ ငါ့လိမ်ဖို့မကြိုးစားနဲ့ မှန်မှန်ပြောစမ်း.... ဒါမင့်ကိုယ်တိုင်ရိုက်ထားတယ် မဟုတ်လား´
ဦးသောင်းမှာ ခေါင်းကြီးအောက်စိုက်လျှက်..... သို့သော် အမှန်တော့ ၀န်မခံသေး။
ဘုန်းကြီးက ကလေးဘတ်လှည့်ပြီးတော့
ကဲ..... မောင်ကျောင်းသား... မင့်ကျောကို ဘယ်သူရိုက်တာလဲ.... ဟောဒီက ဆရာမလေးလား ... ဟောဒီက တိရစ္ဆာန်လား
ဆရာတော်အသံမှာ ကြည်လင်ပြတ်သားသည်။ မေတ္တာဓာတ်နှော၏။ လေဥလေးမှာ မျက်လုံးနက်နက်လေးများဖြင့် ဆရာတော်အားမော့ကြည့်ရင်း လက်ညိုးကလေးဖြင့် သူ့ဖေဖြစ်သူ ဦးသောင်းအားထိုးပြလေတော့သည်။
ဘူးပေါ်သလို ပေါ်သွားတော့ ဦးသောင်းမှ မနေသာတော့ပဲ ၀န်ခံရလေသည်။ ထိုနောက် ဆရာတော်ကဆုံးမ ရပ်ရွာ အုပ်ချုပ်ရေးမှူးက ဆုံးမ .... ဆရာကြီးက ဆုံးမ အပြီး၌ ဦးသောင်း မျက်ရည်တွေ စီးကျပြီး အမှားကို ဒေါ်သက်မွန်ရှေ့၌ ၀န်ချ တောင်းပန်တော့သည်။
--------------------------------------------------------
(၃)
ဒေါ်သက်မွန် ပြသနာနှင့်ပတ်သတ်ပြီး. ဦးသောင်းအား.. အမြင်ကပ်ကပ်နှင့် လေဥ ကလေးအား တစ်ပတ်လောက်လျစ်လျူရှုမိသည်။ စာလည်းမရေးခိုင်း....လက်ထပ်ပြီးလည်း မသင်တော့.... ၀လုံးဖင်ချွန်မကလို့ အမြီးပါထွက်နေနေ.... နေသာသလိုပဲနေတော့မည်ဟု ဒေါ်သက်မွန်သဘောထားလိုက်သည်။ တစ်ရက်.......... ပန်းသီးလေး တစ်လုံးကို ခွဲပြီးနေ့လည်စာအပြီး ဒေါ်သက်မွန် အချိုတည်းဖို့ ပုဂံပြားလေးထဲ စိတ်ထည့်နေစဉ်.... သူ့လုံခြည်စကို ကလေးတစ်ယောက်လာ ဆွဲသည်။ သေချာကြည့်မိတော့မှ ခါချည်ကောင်လေးကို လက်ကလေးဖြင့် ဖမ်းထားပြီး အသံတိုးတိုးကလေး ဖြင့်
အန့်.... ပုရွက်ဆိတ် တဲ့လေ။ နောက်ပြီး
လွယ်အိတ်လေးထဲက ဗလာစာအုပ်ခေါက်လေးကို ထုတ်ပြီး... ၀လုံး ပုဒ်မချ တဲ့။ အသံတိုးတိုးလေးနဲ့ လေဥကလေးပါ။
ဒေါ်သက်မွန် လေဥကလေးပြသော ၀လုံးလေးတွေ ကြောင့် မျက်ရည်များပင် ကျမိတော့သည်။ ၀လုံးလေး ဖင်မချွန်းတော့...။ အတော်လေး ၀ိုင်းစက်နေသည်။
အော်..... ကလေးလေးရယ်...။
ဒေါ်သက်မွန်ကလေးကို ပွေ့ချီရင်း..... ဆရာမ မှားသွားပါတယ် သားရယ် ရေရွက်မိပါတော့သည်။ ထိုနေ့က စာအုပ်ထဲက အသီးကို စားရသော လေဥကလေး၏ အပြုံးကြောင့် ဒေါ်သက်မွန် မကျေနပ်မှု အာဃာတ အငြိုးအတေး ဘာမှ မရှိတော့...... ။
ဆရာ ဆရာမ ဟူသည် ချစ်စဖွယ် တပည့်သားသမီးကလေးများ ၏ အပြုံးကြောင့် ပီတိဖြစ်ရ၏။ ထိုပီတိကို စားနေကြသော လူသားများပင်ဖြစ်သည်။
(တကယ့်ဖြစ်ရပ်မှန်ကို အခြေခံရေးထားခြင်းဖြစ်သည်။ ကာယကံရှင်များ၏ နာမည်များကို လွဲထား၍ အနည်းငယ် ဇာတ်လမ်းအသွင် ဖန်းတီးထားသည်မှတပါး.... ။ )
by!!နန်း page မှ နှင်းနှင်းနွယ်(ရခိုင်သူ) မျှဝေထား သော ဖြစ်ရပ်မှန်စာစုဖြစ်ပါသည်။
> ဆရာမလေးများစုဝေးရာ [fb] မှ ကူးယူဖော်ပြသည်။
No comments:
Post a Comment