Saturday, October 17, 2015
(Golda Meir) ဂိုလ်ဒါ မီယာ ****************** (Golda Meir) ဂိုလ်ဒါ မီယာသည် အစ္စရေး ကျောင်းဆရာမ တစ်ယောက်ဖြစ်သည်။ 1898 ခုနှစ် မေ(3)တွင် ယူကရိန်း၌ မွေးဖွားသည်။ 1969 ခုနှစ်တွင် အစ္စရေးဝန်ကြီးချုပ် ဖြစ်လာသည်။ အစ္စရေးနိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်သည်။ 1978 ခုနှစ်တွင် ကွယ်လွန်သည်။ 1947-48 အစ္စရေးနိုင်ငံ တည်ထောင်စဉ်အချိန်က ဂိုလ်ဒါ မီယာသည် ဂျူးလူမျိုးအတွက် မည့်သို့မည်ပုံ စွမ်းဆောင်ခဲ့သည်ကို လေ့လာမှတ်သားအပ်ပေသည်။ (Golda Meir) ဂိုလ်ဒါ မီယာ၏ (၂၅)စတီဖင် ---------------------------- 1948 ခုနှစ် ဆောင်းရာသီတွင် တဲလ်အဗစ်မြို့ရှိ ဂျူးအေဂျင်စီ၌ ခေါင်းခဲစရာ ပြဿနာများကို ရင်ဆိုင်နေရသည်။ ဂျူးခေါင်းဆောင်များကို အေဂျင်စီက (Tel Aviv) တဲလ်အဗစ်မြို့သို့ ဆင့်ခေါ်ကာ ငွေထိန်း အယ်လီဇာကက်ပလန်၏ အစီရင်ခံစာကို ဖတ်ပြသည်။ ကက်ပလန်သည် အမေရိကန်ပြည်ထောင်စုသို့ ရန်ပုံငွေစုဆောင်းရန် သွားရာမှ လောလောလတ်လတ် ပြန်ရောက်လာသူ ဖြစ်သည်။ သူ့တွင် ငွေကြေးတစ်ပြားတစ်ချပ်မျှ ပါမလာ။ အမေရိကန်ဂျူးများမှာ ပါလက်စတိုင်းဂျူးများအတွက် ငွေကြေးတောင်းခံသည်ကို စိတ်မဝင်စားကြ။ စိတ်အားထက်သန်ခြင်းလည်း မရှိဟု ဆိုသည်။ ယခုမူ အရေးတကြီး ငွေကြေးလိုအပ်နေသည်။ ဒေါ်လာ(၅)သန်း မရလျှင် ပါလက်စတိုင်းဂျူးတို့ ဆက်လက် မရပ်တည်နိုင်။ ကက်ပလန် တင်ပြသည် အခြေအနေကို နားလည်သူမှာ (David Ben-Gurion) ဒေးဗစ် ဘင်ဂူရီယန် တစ်ယောက်သာ ရှိသည်။ လက်ရှိ ဝယ်ယူထားသော ရိုင်ဖယ်သေနတ်များနှင့် စက်သေနတ်များသည် ပါလက်စတိုင်းအာရပ်များကို တားဆီးနိုင်မည်မှာ သေချာသော်လည်း အာရပ်အမြဲတမ်း တပ်မတော်၏ တင့်ကားများ အမြောက်များ လေယာဉ်များကိုမူ ဂျူးစစ်သားတို့ ကြံ့ကြံ့ခံနိုင်မည်မဟုတ်။ ခေတ်မီတပ်မတော် တစ်ခု ဖွဲ့စည်းရေးအတွက် ဒေးဗစ် ဘင်ဂူရီယန်သည် စီမံကိန်းရေးဆွဲပြီး ဖြစ်သည်။ ဘင်ဂူရီယန်က… "ငါတို့နှစ်ယောက် အမေရိကန်ပြည်ထောင်စုသို့ သွားမယ်" "အခြေအနေ ဘယ်လိုရှိတယ်ဆိုတာ အမေရိကန်တွေကို ရှင်းပြမယ်" ထို့နောက် အမျိုးသမီးတစ်ယောက်၏ အသံကို သူတို့ ကြားရသည်။ ထိုသူကား ဂိုလ်ဒါ မီယာ ဖြစ်လေသည်။ "ဒီမှာ ရှင်လုပ်တဲ့အလုပ်ကို ကျမ မလုပ်နိုင်ဘူး" "ဒါပေမဲ့ အမေရိကန်မှာ ရှင်ယူရမယ့် တာဝန်ကို ကျမ ယူနိုင်တယ်" "ရှင် ဒီမှာ နေခဲ့၊ ကျမ သွားပြီး ငွေစုမယ်" ဘင်ဂူရီယန် မျက်နှာ နီရဲသွားသည်။ သူပြောနေစဉ် ကြားဖြတ်ပြောသည်ကို မကြိုက်၊ ဆန့်ကျင်ပြောသည်ကိုလည်း မကြိုက်။ ဂျူးအေဂျင်စီ၏ အခြားအမှုဆောင်များက ဂိုလ်ဒါ မီယာ သွားရန် ထောက်ခံကြလေသည်။ နှစ်ရက်ကြာသော် ဂိုလ်ဒါ မီယာသည် လက်ဆွဲအိတ်နှင့် အမေရိကန်သို့ ခရီးထွက်လေသည်။ နယူးယောက်လေဆိပ်သို့ ရောက်သောအခါ ဂိုလ်ဒါ မီယာ၏ လက်ဆွဲအိတ်တွင် (၁ဝ)ဒေါ်လာသာ ပါလာသည်။ အကောက်ခွန်အရာရှိကြီးများက "ဆယ်ဒေါ်လာနှင့် အမေရိကန်မှာ ဘယ်လိုနေမှာလဲ"ဟု မေးရာ သူမက "ဒီမှာ ကျမမိသားစု ရှိတယ်"ဟု ဖြေလိုက်လေသည်။ နောက်နှစ်ရက်ကြာသော် ချီကာဂိုတွင် သူမ၏ မိသားစုနှင့် တွေ့သည်။ သူတို့ကား (၄၈)ပြည်နယ်မှ စုဝေးရောက်ရှိလာကြသည့် ဂျူး ဖယ်ဒရယ်ရေးရှင်း၏ ကောင်စီဝင်များ ဖြစ်ကြသည်။ သူတို့ ညီလာခံကျင်းပခိုက် ဂိုလ်ဒါ မီယာ ရောက်ရှိသွားသည်မှာ အဆင်သင့် ဖြစ်သွားသည်။ ချီကာဂိုတွင် သူတည်းခိုသည့် ဟိုတယ်ခန်းမ၌လည်း အမေရိကန်ဂျူးခေါင်းဆာင်ပိုင်းမှ ငွေကြေးရှင်များနှင့် တွေ့သည်။ အမေရိကန်သို့ နောက်ဆုံးအကြိမ် သူရောက်ခဲ့သည်မှာ 1938 ခုနှစ်က ဖြစ်သည်။ ထိုစဉ်က သူ့မိတ်ဆွေများသည် ဇီယွန်ဝါဒီများ၊ ဆိုရှယ်လစ်များ ဖြစ်သည်။ ယခုတွေ့ရသူတို့မှာ အမေရိကန်ဂျူးတွေးခေါ်ရှင်များ ဖြစ်သည်။ များစွာတို့မှာ သူနှင့် အယူအဆ မတူ။ သူ၏ ဇီယွန်ဝါဒကို ဆန့်ကျင်သူများပင် ဖြစ်သည်။ နယူးယောက်ရှိ မိတ်ဆွေများက သူတို့နှင့် ထိပ်တိုက်မတွေ့ရန် သူ့ကို သတိပေးသည်။ ကောင်စီ၏ ခေါင်းဆောင်များမှာ ဇီယွန်ဝါဒီများ မဟုတ်။ သူတို့မှာလည်း အမေရိကန် ဂျူးအဖွဲ့အစည်းများ၊ ဆေးရုံများ၊ ဂျူးဘုရားကျောင်းများ၊ ဂျူးယဉ်ကျေးမှုဌာနများအတွက် ငွေကြေးလှူဒါန်းရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ သို့သော်ငြားလည်း ဂိုလ်ဒါ မီယာက ပါလက်စတိုင်းရှိ ဂျူးများအား ထောက်ပံ့ရန် တောင်းဆိုသည်။ ချီကာဂိုသို့ သူလာမည်ဟု ဂျူးအဖွဲ့အစည်း ညွှန်ကြားရေးမှူး ဟင်နရီ မွန်ကော်က ပြောကြားထားပြီး ဖြစ်သည်။ ထိုနောက် လမ်းတွင် ကုတ်အင်္ကျီတစ်ထည် ဝယ်ရန် ခဏသာ ရပ်ပြီး ချီကာဂိုသို့ အမြန်သွားသည်။ ယခု အခမ်းအနားမှူးက သူ့နာမည်ကို ကြေညာသည်။ စင်မြင့်ထက်သို့ သူရောက်သွားလျှင် ပရိသတ်ထဲမှ တစ်ယောက်က "သမ္မာကျမ်းစာထဲမှာ ပါတဲ့ အမျိုးသမီးနှင့် တူတယ်"ဟု တိုးတိုးပြော၏။ ထို့နောက် ကြိုတင်ရေးထားခြင်း မရှိဘဲ ပြောစရာရှိတာကို ပြောသည်။ "ကျွန်မ ပြောတာကို ယုံကြည်ဖို့ လိုတယ်၊ ကျွန်မ ဒီကို ရောက်လာတာ ကမ္ဘာမြေပေါ်က ဂျူး(၇)သိန်း ပျောက်သွားမယ့်အရေးကို ဟန့်တားဖို့ပါဘဲ။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ဂျူး(၆)သန်း သေခဲ့ရတယ်။ ယခုလည်း ဂျူး(၇)သိန်းမှာ ဘေးအန္တရာယ် ကြုံတွေ့နေရတယ်။ ဒါက ပြဿနာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီဂျူး(၇)သိန်း အသက်ရှင်မယ်ဆိုရင် ကျန်ရစ်တဲ့ ကမ္ဘာပေါ်မှာရှိတဲ့ ဂျူးအားလုံး အသက်ရှင်ကြမှာ သေချာတယ်။ သူတို့ လွပ်လပ်ရေးကို ထာဝရ အသိမှတ်ပြုရာ ရောက်ပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ ပျောက်သွားရင် လာမယ့် ရာစုနှစ်တွေအတွင်း ဂျူးလူမျိုး နိုင်ငံဆိုတာ ရှိတော့မှာ မဟုတ်ဘူး။ ကျွန်မတို့ မျှော်လင့်ချက်အားလုံး ပျောက်ဆုံးသွားမှာ အမှန်ပါပဲ။" "မကြာမီ လပိုင်းအတွင်း ပါလက်စတိုင်းမှာ ဂျူးနိုင်ငံတစ်ခု ထူထောင်မယ်။ ဂျူးနိုင်ငံသစ် မွေးဖွားလာဖို့ ကျွန်မတို့ တိုက်ပွဲဝင်နေကြတယ်။ အဲဒါဟာ သဘာဝကျတယ်။ သွေးမြေကျခံပြီး ကျွန်မတို့ တိုက်ပွဲဝင်မယ်။ ဒါဟာလည်း ဖြစ်ရိုးဖြစ်စဉ် တစ်ခုပါပဲ။ ကျွန်မတို့ထဲက အကောင်းဆုံး တိုက်ခိုက်ရေးသမားတွေ ကျဆုံးမယ်။ အဲဒါ သေချာတယ်။ ဒါပေမဲ့ ကျွန်မတို့ မြေကို ကျူးကျော်သူတွေ ဘယ်လောက်များပေမဲ့ ကျွန်မတို့ နောက်တွန့်မှာ မဟုတ်ပါဘူး။ ကြံ့ကြံ့ခံကြမှာပဲ။" "သို့ပေမဲ့ ကျူးကျော်သူများတွင် အမြောက်များ၊ တင့်ကားများ ရှိတယ်။ ထိုလက်နက်မျိုးကို ခုခံတိုက်ခိုက်မယ်ဆိုရင် ကျွန်မတို့ သတ္တိဟာ အဓိပ္ပါယ်ရှိမှာ မဟုတ်ဘူး။ ကျွန်မတို့ သေကြမှပဲ"ဟု ဆက်ပြော၏။ သို့ဖြစ်ရာ လက်နက်ကြီးများ ဝယ်ရန် ဒေါ်လာ(၂၅)သန်းမှ သန်း(၃ဝ)ထိ လိုကြောင်း ရှင်းပြသည်။ "မိတ်ဆွေများနှင့် ကျွန်မတို့ဟာ အလွန်တိုတောင်းတဲ့ အချိန်တွင်းမှာ အသက်ရှင်နေကြတာပါ။ အဲဒီ ငွေကြေးအကူအညီ လိုတယ်ဆိုတာဟာ နောက်တစ်လ နှစ်လရှိမှ လိုတာမဟုတ်ပါဘူး။ အခု ချက်ချင်း လိုနေတာပါ။" ကျွန်မတို့ ဆက်ပြီး တိုက်ရမယ်၊ မတိုက်ရဘူးဆိုတာ ရှင်တို့ အဆုံးအဖြတ်ပေးရလိမ့်မယ်။ ကျွန်မတို့ကတော့ တိုက်မှာပဲ။ ပါလက်စတိုင်းဂျူးအဖွဲ့စည်းဟာ ဘယ်တော့မှ အလံဖြူလွှင့်ပြီး ဂျေရုဆလင်ရဲ့ မတ်ဖတီဆီမှာ လက်နက်ချမှာ မဟုတ်ဘူး။ ဒါပေမဲ့ ရှင်တို့ အဆုံးဖြတ်ပေးနိုင်တာ တစ်ခုရှိတယ်။ အောင်ပွဲဟာ ကျွန်မတို့ဘက်မှာ ရှိတာလား၊ မက်ဖတီဘက်မှာ ရှိတာလား။ အဲဒါ အဆုံးဖြတ်ပေးဖို့ပါပဲ။" အားလုံး ငြိမ်သက်နေကြသည်။ ထိုခဏတွင် သူ့အရေးကိစ္စ မအောမြင်ဟု ထင်မိသည်။ ထို့နောက် စုဝေးနေကြသော အမျိုးသား၊ အမျိုးသမီးများ အားလုံးထကာ လက်ခုပ်တီး သြဘာပေးကြသည်။ လက်ခုပ်သံ တော်တော်နှင့် မစဲ။ တစ်ယောက်စီ ထကာ ငွေကြေးထည့်ဝင်မည်ဟု ကတိပေးကြသည်။ ကော်ဖီသောက်ချိန် မရောက်မီ ဂိုလ်ဒါ မီယာမှာ ဒေါ်လာတစ်သန်း အလှူငွေ ရနေပြီ။ ချက်ချင်းပင် ငွေများ ထည့်ဝင်လှူဒါန်းသည်။ ချက်ချင်းပင် ဘဏ်များသို့ တယ်လီဖုန်းဆက်ကာ ထည့်ဝင်လှူဒါန်းမည့်ငွေ တောင်းခံသည်။ ထို့နေ့ နေ့လည်ပိုင်းလောက်တွင်မူ (၂၅)စတီဖင် ရနိုင်မည် မျှော်လင့်ကြောင်း ဘင်ဂူရီယန်ထံ ကြေးနန်းရိုက်လိုက်သည်။ "စတီဖင်"ဆိုသည်မှာ ဒေါ်လာ(၂၅)သန်း၏ လျှို့ဝှက်သင်္ကေတ ဖြစ်သည်။ (အမေရိကန် ဂျူးခေါင်းဆောင် စတီဖင် အက်စ်ဝိုက်၏ နာမည်ကို ယူကာ သင်္ကေတပြုခြင်း ဖြစ်သည်။) ထို့နောက် အမေရိကန် ဇီယွန်ခေါင်းဆောင်များက တိုင်းပြည်အနှံ့ လှည့်လည်ပြီး ငွေကြေးကောက်ခံရန် အကြံပြုကြသည်။ အမေရိကန်သမ္မတ ဖရင်ကလင် ဒီ ရုစဘဲ့၏ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဟင်နရီ မော်ဂင် သောဂျူနီယာသည် သူနဲ့အတူ လိုက်ပါပြီး ခရီးလှည့်သည်။ တခါတရံ တစ်နေ့တည်း သုံးကြိမ် လေးကြိမ် ဟောပြောရသည်။ ရောက်သည့်နေရာတိုင်းမှ တဲလ်အဗစ်သို့ ကြေးနန်းရိုက်ကာ နောက်ထပ် စုဆောင်းမိသည့် စတီဖင်အရေအတွက်ကို ဖော်ပြ အကြောင်းကြားသည်။ သူတို့ လိုချင်သည့် လက်နက်များ ဝယ်နိုင်ပြီ။ သူ့ခရီးတွင် တစ်နေရာ၌ စိတ်ဓာတ်ကျသည်။ ယင်းမှာ ဖလော်ရီဒါကမ်းခြေ ပန်ဘိခ်ျအရပ်တွင် ဖြစ်သည်။ စိန်တွဲလဲ ရွှေတွဲလဲဖြင့် ဇိမ်ခံနေကြသော လူချမ်းသာများ၏ ဘဝကို ကြည့်ကာ ထိုညက ဂျူဒီယာ တောင်ကုန်းပေါ်တွင် ခိုက်ခိုက်တုန် ချမ်းသည့်ဒဏ်ကို ခံနေကြသည့် သူ၏ စစ်သားများကို မြင်ယောင်ပြီး ဂိုလ်ဒါ မီယာ မျက်ရည်လည်မိသည်။ သူတို့တွေဟာ တိုက်ခိုက်ကြတဲ့ အကြောင်းတွေ ကြားချင်မယ့်သူတွေ မဟုတ်ဘူးဟု သူထင်သည်။ သို့သော် ညနေပိုင်းတွင် အလှူခံသည်အခါ ထိုလူချမ်းသာများထံမှ ဒေါ်လာတစ်သန်းခွဲ ရလိုက်လေသည်။ ယင်းငွေဖြင့် (Haganah)ဟာဂါနား တပ်ဖွဲ့ဝင်တိုင်းအတွက် ဆောင်းဝတ် ကုတ်အင်္ကျီတစ်ထည်စီ ဝယ်ပေးနိုင်သည်။ ဒေါ်လာ(၁ဝ)ဖြင့် အမေရိကန်သို့ ရောက်လာသော ဂိုလ်ဒါ မီယာသည် ယခု ဒေါ်လာသန်း(၅ဝ) ပိုက်မိနေပြီ။ ဘင်ဂူရီယန် ခန့်မှန်းထားသည့် ငွေထက် နှစ်ဆပိုသည်။ 1947 ဆော်ဒီအာရေဗျနိုင်ငံ၏ ရေနံမှရသည့် ဝင်ငွေထက် သုံးဆပိုသည်။ ဂိုလ်ဒါ မီယာကို လစ်ဒါလေဆိပ်တွင် ဘင်ဂူရီယန် ကိုယ်တိုင် စောင့်ကြိုသည်။ "နောင် သမိုင်းရေးတဲ့အခါ ဂျူးအမျိုးသမီးတစ်ယောက်ရဲ့ စွမ်းဆောင်ချက်ကြောင့် ဂျူးနိုင်ငံတော် ပေါ်ပေါက်လာရတယ်လို့ မှတ်တမ်းတင်ရမယ်"ဟု ဘင်ဂူရီယန်က ပြောသည်။ အို ဂျေရုဆလင် (ကျော်အောင်) စာမျက်နှာ(၁၄ဝ-၁၅ဝ)မှ ကူးယူဖော်ပြသည်။ Golda Meir was an Israeli teacher, kibbutznik, politician and the fourth Prime Minister of Israel. Meir was elected Prime Minister of Israel on March 17, 1969, after serving as Minister of Labour and Foreign Minister. Wikipedia Born: May 3, 1898, Kiev, Ukraine Died: December 8, 1978, Jerusalem Full name: Golda Meir Spouse: Morris Meyerson (m. 1917–1951)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment